ဒီတစ်ခါမှာတော့ သုတဇုန် မိတ်ဆွေတွေကို ကမ္ဘာ့အကြီးဆုံးယာဉ်ကြီးတချို့အကြောင်း ဗဟုသုတအနေနဲ့ ဝေမျှလိုပါတယ်။
၈။ ကမ္ဘာ့အကြီးဆုံးပင်လယ်ကူး ဇိမ်ခံသင်္ဘောကြီး ၊ MS Symphony of the Seas
ဇိမ်ခံသင်္ဘောကြီးတွေကိုသာ ဖန်တီးလေ့ရှိတဲ့ Royal Caribbean က ပိုင်ဆိုင်တဲ့သင်္ဘောကြီးဖြစ်ပါတယ်။ လက်ရှိဇိမ်ခံပင်လယ်ကူး သင်္ဘောတွေမှာအကြီးဆုံးဖြစ်တဲ့ ဒီသင်္ဘောကြီးကို ၂၀၁၇ခုနှစ်ကမှ တည်ဆောက်ပြီးစီး ရေချခဲ့တာပါ။ အလျား ၁၁၈၈ပေ ၊ အနံ ၂၁၅.၅ပေ နဲ့ အမြင့် ၂၃၈ပေ ရှိတဲ့ သင်္ဘောကြီးဖြစ်ပြီး တည်ဆောက်စရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁.၃၅ဘီလျံဖြစ်ပါတယ်။ တန်ချိန် ၂၂၈၀၀၀ အလေးချိန်ရှိတဲ့ ဒီသင်္ဘောကြီးဟာ ကြီးမားလွန်းတာကြောင့် မြို့လေးတစ်မြို့သဖွယ် ဖြစ်နေပါတယ်။
ပေ ၁ထောင်ကျော်ကျယ်ဝန်းတဲ့ မိသားစုအိပ်ခန်းတွေ ၊ ရေကစားကွင်း ၊ ရေခဲစကိတ်ကွင်း ၊ တွယ်တက်နံရံ ၊ ဘတ်စ်ကတ်ဘောကွင်း ရုပ်ရှင်ရုံ ၊ ဗီဒီယိုဂိမ်းရုံများ ၊ စားသောက်ဆိုင်များ အပြင် အခြားသော အပန်းဖြေနေရာပေါင်းများစွာ ပါဝင်ပါတယ်။
အထပ်ပေါင်း ၁၈ထပ်ရှိတဲ့ ဒီသင်္ဘောကြီးဟာ လူပေါင်း ၈၀၀၀ ကျော်အတွက် လုံလောက်တဲ့ အခန်းတွေပါရှိပါတယ်။ ဒါ့အပြင် အပင်ပေါင်း ၂သောင်းကျော် စိုက်ပျိုးထားတဲ့ ပန်းခြံကီးတစ်ခုလည်းပါရှိပါသေးတယ်။ ဒီသင်္ဘောကြီးဟာ ခရီးသည် နဲ့ သင်္ဘောသား စုစုပေါင်း ၈၈၀၀ခန့်ကို တင်ဆောင်နိုင်ပြီး ၁နာရီကို ၂၅မိုင် အမြန်နှုန်းနဲ့ မောင်းနှင်နိုင်တဲ့ သင်္ဘောကြီးဖြစ်ပါတယ်။
၇။ Bagger 293
မြေညှိ မြေတူး မြေဖြို လုပ်ငန်းတွေမှာသုံးတဲ့ ဒီဧရာမမြေတူးစက်ကြီး ကို ဂျာမန်စက်မှု ကုမ္ပဏီ TAKRAF က ၁၉၉၅ခုနှစ်မှာတည်ဆောက်ခဲ့ပါတယ်။ အရွယ်အစားအကြီးမားဆုံး ယာဉ်ကြီးအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။ ဒီယာဉ်ကြီးကို ဂျာမနီနိုင်ငံ Hambach အနီးမှာရှိတဲ့ ကျောက်မီးသွေး မိုင်းတစ်ခုမှာ အသုံးပြုခဲ့ပါတယ်။
အရွယ်အစားအားဖြင့်တော့ အမြင့် ၃၁၅ပေ ၊ အလျား ၇၃၈ပေ ရှိပြီး အလေးချိန်အားဖြင့် ၁၄၂၀၀ တန်လေးပါတယ်။ ယာဉ်မှာတပ်ထားတဲ့ ဘီးကြီးရဲ့ အချင်းကတော့ ပေ ၇၀ ရှိပြီး တစ်နေ့ကို မြေ ကုဗမီတာ ၂၄၀၀၀၀ ကို တူးထုတ်နိုင်ပါတယ်။
၆။ Nasa Crawler Transporter
ဒီယာဉ်ကြီးကတော့ သယ်ယူပို့ဆောင်ရေးယာဉ်တစ်စီးဖြစ်ပြီး အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Marion Power Shovel Company က ဒီဇိုင်းထုတ်တည်ဆောက်ခဲ့တာပါ။ ဒီယာဉ်ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ခန့်(၁၉၆၅ခုနှစ်) ကတည်းက တည်ဆောက်ထားခဲ့ပေမယ့် လက်ရှိ ကမ္ဘာ့အကြီးဆုံးသယ်ယူပို့ဆောင်ရေး ယာဉ်ကြီးအဖြစ် စာရင်းဝင်နေဆဲပါ။
နာဆာက အာကာသယာဉ် နဲ့ လွှတ်တင်မယ့် ဒုံးပျံတွေကို သယ်ဆောင်တဲ့နေရာမှာ အသုံးပြုတဲ့ ယာဉ်ကြီးလည်းဖြစ်ပါတယ်။ အလျား ၁၃၁ပေ ၊ အနံ ၃၅ပေ နဲ့ အမြင့် ၂၆ပေ ရှိပြီး အလေးချိန်အားဖြင့် ၂၇၂၁တန်လေးပါတယ်။ လက်ရှိမှာတော့ အမေရိကန် ဖလော်ရီဒါက John F. Kenned အာကာသစင်တာမှာ ပြသထားပါတယ်။
၅။ Caterpillar 797B
ဒီဧရာမ ထရပ်ကားအမျိုးအစားကိုတော့ နာမည်ကျော် ထရပ်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Caterpillar က ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ မိုင်းတွင်းတွေနဲ့ ကြိးမားတဲ့ဆောက်လုပ်ရေး ဆိုဒ်တွေမှာအသုံးပြုပါတယ်။ အလျား ၄၇.၅ပေ ၊ အနံ ၃၂ပေ ၊ အမြင့် ၂၁.၅ပေ ရှိပါတယ်။ ဒီကားအမျိုးအစားတွေကို ၂၀၀၂ကနေ ၂၀၀၉ခုနှစ် အထိထုတ်လုပ်ခဲ့ပါတယ်။
၄။ BelAZ 75510
နောက်ထရပ်ကား အမျိုးအစားဖြစ်ပြီး ဘယ်လာရုနိုင်ငံက စက်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ BelAZ က ၂၀၁၃ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံး ထရပ်ကား(haul truck) အဖြစ်စံချိန်တင်ခဲ့ပါတယ်။ အလျား ၆၈ပေ ၊ အနံ ၃၂ပေ ၊ အမြင့် ၂၇ပေ ရှိပါတယ်။ ကြီးမားတဲ့မိုင်းတွင်း နဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ သုံးတဲ့ ဒီအမျိုးအစားထရပ်ကားတွေကို ယနေ့တိုင် ထုတ်လုပ်နေဆဲပါ။
၃။ Prelude FLNG
ကမ်းလွန်ပင်လယ်ပြင်မှာတည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့အရည်ထုတ်ယာဉ်ကြီးဖြစ်ပါတယ်။ ကိုရီးယားစက်မှုကုမ္ပဏီကြီး Samsung နဲ့ Geoje သင်္ဘောကျင်းလုပ်ငန်းတို့က ၂၀၁၂ခုနှစ်မှာ ပူးပေါင်းတည်ဆောက်ခဲ့ပြီး ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံရှိပါတယ်။ ဒီယာဉ်ကြီးဟာ အလျား ၁၆၀၁ပေ ၊ အနံ ၂၄၃ပေ ရှိပြီး အမြင့် ၃၄၄ပေ ရှိပါတယ်။ ကြီးမားလွန်းတဲ့ ဒီယာဉ်ကြီးကို ဝန်ထမ်းပေါင်း ၂၄၀ခန့်အသုံံးပြုကာ လည်ပတ်လျှက်ရှိပါတယ်။ ဒီယာဉ်ကြီးတည်ရှိတဲ့နေရာကတော့ သြစတြေးလျ အနောက်ဘက်ကမ်းရိုးတန်း Broome ရဲ့ မိုင် ၃၀၀ ခန့်အကွာ အိန္ဒိယသမုဒ္ဒရာထဲမှာ ဖြစ်ပါတယ်။
၂။ Antonov an-225 Mriya
ကမ္ဘာ့အကြီးမားဆုံးလေယာဉ်ကြီးဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု Antonov ဒီဇိုင်းအဖွဲ့က ၁၉၈၀ခုနှစ်မှာ ဒီဇိုင်းဖော်ထုတ်လုပ်ခဲ့တဲ့ ဧရာမကုန်တင်လေယာဉ်ကြီးဖြစ်ပါတယ်။ ယူကရိန်းရဲ့ ဘာသာစကားနဲ့ an-255 ဆိုတာ အိပ်မက်လို့ အဓိပ္ပါယ်ရပါသတဲ့။ အရှည် ၂၇၅ပေတောင်ပံနှစ်ဖက် အကျယ် ၂၈၈ပေ ရှိပြီး တောင်ပံထိပ်အထိအမြင့် ၅၉ပေ ရှိပါတယ်။ မှတ်တမ်းများအရ ကုန်တန်ချိန် ၁၈၉,၉၈၀ကီလိုဂရမ် (၄၁၃,၈၃၄ပေါင်)အထိတင်ဆောင်ဖူးတယ်လို့ သိရပါတယ်။
၁။ The Schwerer Gustav
ဒီအမြောက်လက်နက်ယာဉ်ကြီးကိုတော့ အားလုံးတွေ့ဖူးကြမယ်ထင်ပါတယ်။ နာဇီတို့ရဲ့ အကြီးဆုံးလက်နက်ယာဉ်ကြီးဖြစ်ပြီး ၁၉၃၀ခုနှစ်မှာ ထုတ်လုပ်တည်ဆောက်ခဲ့ပါတယ်။ ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပြင်သစ်နိုင်ငံရဲ့ အခိုင်မာဆုံး အတောင့်တင်းဆုံးဆိုတဲ့ Maginot Line က ခံတပ်ကြီးတွေကိုဖျက်စီးပစ်ဖို့ ဖြစ်ပါတယ်။ Darłowo မြို့မှာတည်ဆောက်ခဲ့တာဖြစ်ပြီး တန်ဖိုးကတော့ အဲဒီအချိန်က ဂျာမန်ငွေ ၇သန်း(အမေရိကန်ဒေါ်လာ ၁.၆သန်းခန့်) ကုန်ကျခဲ့ပါတယ်။ ဒီလက်နက်ကြီးရဲ့အရွယ်အစားကတော့ အလျား ၁၅၅ပေ ၂လက်မ ၊ အနံ ၂၃ပေ ၄လက်မ ၊ အမြင့် ၃၈ပေ ၁လက်မ ဖြစ်ပြီး အလေးချိန်ကတော့ ၁၃၅၀တန် ရှိပါတယ်။
အမြှောက်ဆံတွေကတော့ ၈၀၀မီလီမီတာ ဧရာမအမြှောက်ဆန်ကြီးတွေဖြစ်ပြီး ၇တန်ခန့်လေးပါတယ်။ ဒီလက်နက်ကြီးကိုတပ်ဆင်ဖို့အတွက် အချိန် ၃ရက်ယူရမှာဖြစ်ပြီးလိုအပ်တဲ့ လူအင်အားကတော့ ၂၅၀ ဖြစ်ပါတယ်။ နောက်ထပ်လိုအပ်တဲ့အင်အားကတော့ လက်နက်ကြီးအတွက်သံလမ်းဖောက်ဖို့ နဲ့ ခံတပ်တူးဖော်ပေးဖို့ လူ ၂၅၀၀ အပြင် လေကြောင်းတပ်ရင်း ၂ခုလည်း လိုအပ်ပါတယ်။ လေကြောင်းတပ်ရင်းကတော့ လက်နက်ကြီးကို ရန်သူလေယာဉ်များမှ ပစ်ခတ်ဖျက်စီးတာကို ကာကွယ်ပေးဖို့ဖြစ်ပါတယ်။
လက်နက်ကြီးကို တည်ဆောက်တဲ့လုပ်ငန်းဟာ ၁၉၃၇ခုနှစ် နှစ်လယ်မှာပြီးဆုံးခဲ့တဲ့နောက်မှာတော့ ကမ္ဘာ့အကြီးဆုံးအမြှောက်လက်နက်ဖြစ်လာပြီး အမည်ကိုတော့ Schwerer Gustav လို့ပေးလိုက်ပါတယ်။ Gustav က Krupp လက်နက်ကုမ္ပဏီက ဒါရိုက်တာရဲ့နာမည်ဖြစ်ပြီး Shwerer က ကြီးမားသောလို့ အဓိပ္ပါယ်ရပါတယ်။
သွားတဲ့အခါမှာတော့ ရထားသံလမ်းစနစ်နဲ့ သွားရတာဖြစ်ပြီး အမြန်နှုန်းကတော့ ၉မိုင်ဖြစ်ပါတယ်။ ဆိုဗီယက် ဆက်ဗာစ်တိုပိုလ်မြို့ နှင့် စတာလင်ဂရက်မြို့သိမ်းတိုက်ပွဲတွေမှာ ဒီလက်နက်ကြီးတွေကို အသုံးပြုခဲ့ပြီး အမြှောက်ဆန် ၄၀ ခန့်ကုန်ခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အမေရိကန်တပ်တွေက အဲဒီလက်နက်ကြီးကိုရရှိသွားပြီး ဖျက်စီးပစ်လိုက်ကြပါတယ်။
ဒါကတော့ ကမ္ဘာ့အကြီးမားဆုံး ယာဉ်ကြီးအချို့ရဲ့ အကြောင်းပါ။ ဒီအထဲမှာ မပါတဲ့ တခြား ကမ္ဘာ့အကြီးဆုံး ယာဉ်ကြီးတွေလည်း ရှိပါသေးတယ်။ ဒီတစ်ခါတော ဒီလောက်နဲ့ပဲ ကျေနပ်ကြပါ 🙂
သုတဇုန်