ကမ္ဘာ့အကြီးကြေးမုံ လို့ ဆိုပေမယ့် တကယ့်ကြေးမုံအစစ်မဟုတ်ပဲ တင်စားထားခြင်းသာ ဖြစ်ပါတယ်။ မြေကြီးကိုကြည့်ရုံနဲ့ ကောင်းကင်ကြီးတစ်ခုလုံးကိုမြင်ရလောက်အောင်အထိ ကြီးမားတဲ့ ဆားပြင်ကြီးဖြစ်ပါတယ်။ ဒီဆားပြင်ကြီးရဲ့အမည်ကတော့ Salar de Uyuni လို့ခေါ်ပြီး ဘိုလီးဘီယားနိုင်ငံံတောင်ပိုင်းက Daniel Campos ပြည်နယ်မှာ တည်ရှိပါတယ်။ ဘိုလီးဘီးယားနိုင်ငံဟာ တောင်အမေရိကတိုက် အလယ်ပိုင်းမှာရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။
Salar ကတော့ စပိန်လို ဆားပြင်လို့ အဓိပ္ပါယ်ရပြီး Uyuni ကတော့ ဆားပြင်အနီးက မြို့တစ်မြို့ရဲ့နာမည်ဖြစ်ပါတယ်။ ဒီဆားပြင်ကြီးဟာ ဘယ်လောက်တောင် ကြီးမားလိုက်သလဲဆိုရင် အကျယ်အဝန်းအားဖြင့် ၁၀၅၈၂ စတုရန်းကီလိုမီတာ(၄၀၈၆ စတုရန်းမိုင်) တောင်ကျယ်ဝန်းတဲ့ ကမ္ဘာ့အကြီးဆုံးဆားပြင်ကြီးဖြစ်ပါတယ်။ ဆားပြင်ကြီးရှိနေတဲ့နေရာဟာ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၁၁၉၉၅ပေ မှာဖြစ်ပါတယ်။
ဆားပြင်ကြီးကို အာကာသမှ မြင်ရပုံ
သမိုင်းခေတ်ဦး(လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀၀ ကနေ ၄၂၀၀၀အတွင်း)တုန်းက ဒီဆားပြင်ကြီးနေရာမှာ ရေကန်တွေမြောက်များစွာရှိခဲ့ပါတယ်။ အဲဒီရေကန်တွေခြောက်ခမ်းသွားတဲ့နောက်မှာ ဒီဆားပြင်ကြီးဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ဆားပြင်ရဲ့အထူဟာ ပျမ်းမျှအားဖြင့် ၁မီတာကျော်ထူပါတယ်။ ဆားပြင်ကြီးမှာ ဆားငန်ရေကန်အချို့ရှိပြီး လီသီယမ်ဒြပ်စင်ပါဝင်မှု အလွန်မြင့်မားပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ လီသီယမ်ဒြပ်စင်စုစုပေါင်းရဲ့ ၄၀% ခန့်ကို ဒီဆားပြင်ကြီးကနေ ရရှိနိုင်ပါတယ်။ လီသီယမ်ဒြပ်စင်ကို အလူမီနီယမ်၊ ကတ်ထ်မီယမ်၊ ကြေးနီ နှင့် မန်းဂနိစ် တို့နှင့်အတူကြီးမားသော လေယာဉ်အစိတ်အပိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ နဲ့ လျှပ်စစ်ဘယ်ထရီထုတ်လုပ်တဲ့လုပ်ငန်းများတွင် အသုံးပြုလေ့ရှိပါတယ်။
ဆိုဒီယမ် ၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ကိုလည်း ဒီဆားပြင်ကြီးကနေ အမြောက်အများထုတ်ယူနိုင်ပါတယ်။ ဒီလောက် သတ္တုတွေပေါများနေပေမယ့် ဒီနေရာမှာ လီသီယမ်ထုတ်လုပ်ရေးလုပ်ငန်းတွေကလွဲလို့ မိုင်းတွင်းတစ်ခုမှ မရှိပါဘူး။ ဘိုလီးဘီးယားအစိုးရက ခွင့်မပြုလို့ဖြစ်ပါတယ်။ ဒီဆားပြင်ကြီးမှာရှိတဲ့ ဆားတွေရဲ့အလေးချိန်ဟာ တန်ပေါင်း ၁၀ဘီလျံခန့်ရှိတယ်လို့ တွက်ချက်ထားကြပါတယ်။
ဒီဆားပြင်ကြီးမှာ အများဆုံးတွေ့နိုင်တာကတော့ ကြိုးကြာနီတွေပါ။ အမျိုးအစားစုံလင်လှတဲ့ ကြိုးကြာနီ မျိုးစိတ်တွေကို ဒီတစ်နေရာတည်းမှာ စုပေါင်းတွေ့နိုင်ပါတယ်။ တောင်အမေရိက ကြိုးကြာနီ ၊ ချီလီ ၊ အန်ဒီး နဲ့ ရှားပါးကြိုးကြာဖြစ်တဲ့ ဂျိမ်းစ်ကြိုးကြာနီ(James’s flamingos) တွေကို တွေ့နိုင်ပါတယ်။ အခြားငှက်မျိုးစိတ်တွေကိုလည်းတွေ့ရမှာဖြစ်ပြီး အန်ဒီးမြေခွေး နဲ့ ယုန်နဲ့တူသော viscacha ကောင်လေးတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
ဒီနေရာဟာ မြို့ကြီးတွေနဲ့ အတော်လေးလှမ်းတဲ့အတွက် လာရောက်လည်ပတ်သူတွေအဆင်ပြေစေဖို့ ဒီနေရာမှာ ဟိုတယ်တွေကိုဖွင့်ထားပါတယ်။ ရိုးရိုးဟိုတယ်တွေမဟုတ်ပဲ ဆားဘလောက်တုံးတွေကို အသုံးပြုတည်ဆောက်ထားတဲ့ ဆားဟိုတယ်တွေဖြစ်ပါတယ်။
ဒီနေရာက ပထမဆုံး ဆားဟိုတယ်ကတော့ Palacio de Sal လို့ခေါ်တဲ့ ဆားဟိုတယ်ဖြစ်ပြီး ၁၉၉၃-၁၉၉၅ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ဆားပြင်ကြီးရဲ့အလယ်ပိုင်းမှာ ရှိပါတယ်။ ဒီနေရာမှာ ထင်ရှားတဲ့ အခြားနေရာတစ်ခုက ရထားသင်္ချိုင်းဖြစ်ပြီး Uyuni မြို့အပြင်ဘက် ၃ကီလိုမီတာ အကွာမှာတည်ရှိပါတယ်။ ၁၉ရာစုက အသုံးပြုခဲ့တဲ့ ရထားပေါင်းမြောက်များစွာကို ဒီနေရာမှာ စွန့်ပစ်ထားပါတယ်။
ရထားသင်္ချိုင်း
ဆားပြင်ကြီးရဲ့မျက်နှာပြင်ဟာ အလွန်ကြည်လင်လွန်းလို့ အဝေးကကြည့်ရင် ဧရာမ မှန်ချပ်ကြီးအလားထင်ရပါတယ်။ ပြန့်ပြူးပြီးအလွန်လှပတာကြောင့် ကောင်းကင်နဲ့မြေကြီးဆုံရာနေရာလို့လည်း တင်စားလေ့ရှိပါတယ်။ ကမ္ဘာပေါ်က ဓာတ်ပုံရိုက်ဝါသနာပါသူတွေအကြိုက်ဆုံးနေရာတစ်ခုဖြစ်ပြီး အံသြဖို့ကောင်းတဲ့ သဘာဝရဲ့ ကမ္ဘာ့အံ့ဖွယ်နေရာတစ်ခုအဖြစ် သတ်မှတ်ထားခြင်းလည်း ခံထားရပါတယ်။
VIDEO