ဗြိတိန်ရဲ့ ဝင်စတန်ချာချီ ဆိုတာ

Posted on

အမေရိကန်သူမိန်းမချောလေး ဂျင်နီဂျာရွန်နှင့် အင်္ဂလန်သား `လော့ရင်းချာချီ´ တို့မှ အင်္ဂလန်သမိုင်းအား ပြောင်းသွားစေနိုင်သူတစ်ဦးကို ၁၈၇၄ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မွေးဖွားခဲ့သည်။ထို့ကြောင့် ချာချီသည် အမေရိကန်သွေး တစ်ဝက်ပါသူဟု ပြောနိုင်သော်လည်း သူသည် အင်္ဂလိပ်ဟန်ကိုသာ ပိုမိုမက်မောလေသည်။

စစ်သားဖြစ်ချင်သူ

ချာချီသည် ငယ်စဉ်ကတည်းက စစ်သားလုပ်ဖို့စိတ်ကူးခဲ့လေသည်။တစ်နေ့လုံး ကစားစရာများနှင့် စစ်သားလုပ်တန်းကစားသည်ကို ပျော်မွေ့သူတစ်ဦးဖြစ်သည်။အရွယ်ရောက်သော် ဆင်းဒ်ဟစ် စစ်ကျောင်းတွင် ဘွဲ့ရလာပြီးနောက် အင်္ဂလိပ်တပ်မတော်တွင် ကြေးစားစစ်သားအဖြစ် တစ်နှစ်ကြာကြာထမ်းခဲ့ဖူးသည်။

စစ်သတင်းထောက်

၁၈၉၉ တွင် သူသည် တောင်အာဖရိက စစ်ပွဲသို့စစ်သတင်းထောက်အဖြစ် သွားရောက်အမှူထမ်းခဲ့လေသည်။ The Morning Post သတင်းစာက သူ့အားတစ်လပေါင် ၂၅၀ ပေး၍ ထိုဒေသရှိ ဘိုးဝါးစစ်ပွဲကို သွားရောက်ထောက်လှန်း၇သည်။ပေးထားသောလစာနှင့်အညီ ရန်သူနယ်တွင်းသို့ကိုယ်တိုင်ထိုးဖောက်၍ သံချပ်ကားဖြင့် ရန်သူအမြောက်ဒဏ်ကြားမှ သွားလာလှူပ်ရှားကာ သတင်းဖြစ်အောင် ဖန်တီးခဲ့ရသည်။ တစ်ကြိမ်တွင် ဘိုးဝါးများ သူ့ကိုဖမ်းမိသွားပြီး အကျဉ်းစခန်းသို့ပို့လိုက်လေသည်။

သို့ပေမဲ့ ချာချီသည် ရန်သူ့လက်တွင်းမှ သည်းထိတ်ရင်ဖိုလွတ်မြောက်ကာ ထိုအကြောင်းအရာသည်ပင် သတင်းဖြစ်လေတော့သည်။ရန်သူများက ချာချီကို အသေရရ အရှင်ရရ ဖမ်းပေးနိုင်လျင် ဆုကြီးထိုက်ထိုက်တန်တန်ပေးမည်ဟု ကြေညာခဲ့ဖူးသည်။စစ်သတင်းထောက်ဘဝသည် ကြမ်းတမ်းမှူများနှင့် ပြည့်စုံနေသည်။ခြေကျင်ခရီး၊ ကန္တာရခရီးစသဖြင့် အကြမ်းအတမ်းများ ပြည့်နှက်နေလေသည်။သူ၏ ဆောင်းပါးသည် ရင်သပ်ရူမောဖွယ်များနှင့် ပြည့်နှက်နေသည့်အတွက် အင်္ဂလန်ပြည်သူတစ်ရပ်လုံး The Morning Post ကို မျှော်လင့်ဖတ်ရူဖူးကြလေသည်။ပြည်တော်ပြန်ခရီးတွင် ချာချီ၏ အတွေ့အကြုံကို နားထောင်လိုကြသော ပရိသတ်ထုနှင့်ဒေး ရှိနေသည်။ထိုပရိသတ်ကို အသုံးချခြင်း၏ အကျိုးဆက်ကြောင့် ချာချီသည် ပါလီမန်မှ ရွေးကောက်တင်မြောက်ခြင်းကို ခံခဲ့၇သည်။

စာတော်သူမဟုတ်

သူသည် နိုင်ငံခြားဘာသာရပ်များနှင့် သင်္ချာစာရင်းအင်းဘာသာရပ်များကို လေ့လာလိုက်စားမှူနည်းပါးသဖြင့် စာတော်သောကျောင်းသားများတွင် မပါချေ။ဆင်းဒ်ဟပ်စ်တက္ကသိုလ်တက်ရောက်သင်ကြားရန် စာမေးပွဲဖြေဆိုရာတွင် သုံးကြိမ်မျှ ကျရူံးခဲ့လေသည်။လေးကြိမ်မြောက်မှ လွတ်လွတ်ကင်းကင်း အောင်မြင်ခဲ့သည်။

ကြိုးစားသူ

အောင်မြင်သောလူများတွင် ရှိသင့်သည့် ဝီရိယရှိခြင်းဟူသော အချက်သည် သူ့ထံတွင် ပြည့်စုံလေသည်။သဲကန္တာရတိုက်ပွဲတွင် သူ့ရဲဘော်ရဲဘက်များ ပူပြင်းချိန်တွင် အဆီယစ်ပြီး အိပ်နေချိန်တွင် သူသည် ပလေတို မှအစ ရှိတ်စပီးယားအဆုံး စာရေးဆရာကြီးများ၏ စာများကို အငမ်းမရ ဖတ်ရူလေ့လာ လေသည်။သူတို့၏ စကားပြောဟန်များကို ဆည်းပူးသည်။သူ၏ မြူးမြူးကြွကြွပြောဟန်များသည် လူထုကို ဖမ်းစားနိုင်ခဲ့လေရာ ထိုမှတစ်ဆင့် အမြင့်သို့ လှမ်းနိုင်ခဲ့လေသည်။

အလုပ်သိပ်လုပ်တဲ့ ဝန်ကြီးချုပ်

စစ်တွင်းကာလ ချာချီဝန်ကြီးချုပ်ဘဝတွင် တစ်နေ့၁၄ နာရီမှ ၁၇နာရီထိ အလုပ်လုပ်ခဲ့သည်။တစ်ပတ်တွင် (၇) ၇က် (၇) လီ အလုပ်နှင့်လက် ပြတ်သည်မရှိခဲ့ပေ။အသက်ကြီးသော်လည်း အလုပ်ကို မရပ်နားပေ။ကြိုးစားပန်းစားနှင့် အလုပ်ကို မရပ်မနား လက်ထောက်အများအပြားထားကာ လုပ်ကိုင်နေခဲ့သည်။ အခုလို လက်ထောက်အများအပြားထားကာ လုပ်ကိုင်နိုင်ခဲ့ခြင်းမှာလည်း သူသည် အလုပ်လုပ်ယင်း စိတ်အေးချမ်းသာစွာ နေတတ်ထိုင်တတ်ပြီး ပင်ပန်းနွမ်းနယ်ခြင်းမဖြစ်မီ အလုပ်မှ ခေတ္ နားနားနေနေ နေလိုက်လေ့ရှိခြင်းပင် ဖြစ်သည်။

သူသည် မနက်၁၀နာရီ မခွဲမချင်း အိပ်ရာမှ ထလေ့မရှိပေ။သို့သော် အကြောလျော့၍ သက်တောင့်သက်သာ အနေအထားဖြင့် အိပ်ရာပေါ်တွင် ကြီးမားသည့်ဆေးပြင်းလိပ်ကို ခဲကာ တယ်လီဖုန်းပြောခြင်း နားထောင်ခြင်း။နူတ်မှပြောပြီး တစ်စုံတစ်ယောက်ကို ရေးသားစေခြင်း၊ ကြေးနန်းစာပေးခြင်းများကို ပြုလုပ်သည်။ထိုကိစ္စများပြီးလျင် ကိုယ်လက်သန့် ရှင်းရေးလုပ်သည်။နေ့လည်စာကို စားသုံးပြီးနောက် တစ်နာရီခန့်တွင် ပြန်လည်အနားယူလေသည်။ထိုအချိန်ပြီးနောက် သူသည် မွန်းလွဲပိုင်းတွင် အလုပ်အကုန်လုပ်သည်။ညနေငါးနာရီခန့်တွင် ပြန်လည်အနားယူလေသည်။ ညစာစားပြီးသည့်နောက်တွင် ချာချီသည် ညနက်သန်းခေါင်ထိ အလုပ်လုပ်လေတော့သည်။

စစ်အတွင်း နှင့် စစ်ကြီးပြီးနောက်

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသော အခါ ချာချီသည် ရေတပ်ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရ ပြန်သည်။ ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဝန်ကြီးချုပ် အဖြစ်ဖြင့် ထမ်းရွက်သည်။ ထိုစဉ်က ညွန့်ပေါင်းအစိုးရကို ဦးစီးရွက်ဆောင်ခဲ့သော ချာချီအား စစ်ဆင်မှုရေးရာ၌ ကျွမ်းကျင်သူ နိုင်ငံရေးသုခမိန်အဖြစ် ကမ္ဘာက အသိအမှတ် ပြု ခဲ့ရလေသည်။ မဟာမိတ်တို့ စစ်အောင်နိုင် ရေးတွင် ချာချီသည် အရေးပါဆုံး ဆောင်ရွက်ခဲ့သည်ဟုပင် အဆိုရှိလေသည်။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတ ရူးဇဗဲ့၊ စတာလင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုနှစ် မေလ ၈ ရက်နေ့တွင် ဂျာမနီသည် ခြွင်းချက်မရှိ လက်နက်ချကြောင်း ကျေညာခဲ့၏။

၁၉၅ဝ ပြည့်နှစ် ရွေးကောက်ပွဲကြီးတွင် ချာချီခေါင်း ဆောင်သော ကွန်ဆားဗေးတစ်ပါတီသည် ပွတ်ကာသီကာဖြင့် တစ်ဖန် ရှုံးနိမ့်ခဲ့ရသော်လည်း ၁၉၅၁ ခုနှစ်တွင်ကား အနိုင်ရ ခဲ့သဖြင့် ချာချီသည် ဝန်ကြီးချုပ် ဖြစ်ပြန်လေသည်။ ၁၉၅၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် ချာချီသည် ဆာဘွဲ့ဖြင့် သူကောင်းပြု ခြင်းကို ခံရသည်။ ချာချီသည် ၁၉၅၃ ခုနှစ် နိုဗယ်လ်ဆုကို လက်ခံ ရရှိသည်။ အသက် ၈၁ နှစ်ရှိပြီးဖြစ်သော ချာချီသည် ၁၉၅၅ ခု၊ ဧပြီလ ၅ ရက်နေ့တွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက် အနားယူလိုက်လေသည်။

ချာချီ၏ စွမ်းရည်များ

ချာချီသည် နိုင်ငံပြုသုခမိန်အဖြစ်လည်းကောင်း၊ အပြော အဟောကောင်းသူအဖြစ်လည်းကောင်း၊ ထင်ရှားရုံမျှမက စာရေး ဆရာအဖြစ်နှင့်လည်း ရှေ့တန်းမှလိုက်ခဲ့သူ ဖြစ်လေသည်။ ချာချီသည် ပန်းချီပညာတွင်လည်း လက်မြောက်သူတစ်ဦး ဖြစ်ရကား ၁၉၄၇ ခုနှစ်တွင် သူရေးဆွဲသော ပန်းချီကား ၂ ချပ်၊ ၁၉၄၈ ခုနှစ်တွင် ၃ ချပ် တော်ဝင်အနုပညာတံခွန်အသင်း တွင် ချိတ်ဆွဲခံရ၍ ချာချီအား လည်း ၁၉၄၈ ခုနှစ်တွင်ပင် ယင်းအသင်းသို့ ဂုဏ်ထူးဆောင်တော်ဝင်အနုပညာကျော်အဖြစ် ရွေးချယ် တင်မြှောက်၍ ချီးကျူးခြင်းခံရလေသည်။

ချာချီ၏ မိန့်ခွန်း

ဝင်စတန်ချာချီသည် အင်္ဂလန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ်မှ အနားယူ သောအခါ သူ့အား အောက်စဖို့ဒ်တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်း အနားတွင် မိန့်ခွန်းတစ်ရပ် ပြောကြားရန် ဖိတ်ကြားခဲ့ပါသည်။ အခမ်းအနားတွင် ဗြိတိန်နိုင်ငံ၏ လူကြီးလူကောင်းများ အောက်စဖို့ဒ် တက္ကသိုလ်၏ အကြီးအကဲများ၊ နိုင်ငံရေး၊ စီးပွားရေး လောကမှ လူကြီးများ တက်ရောက်ကြပါ၏။ ချာချီသည် အခမ်းအနားတွင် ထိပ်ဆုံးစားပွဲမှ ထိုင်၍ သူ၏ ဦးထုပ်၊ တုတ်ကောက်၊ ဆေးပြင်းလိပ် တို့ဖြင့် သာမန်လိုပင် ဝတ်စားထားပါသည်။ အောက်စဖို့ဒ် အသိုင်းအဝိုင်းသည် ထိုအခမ်းအနားကို အချိန်ယူ၍ အလေးအနက်ထားကာ စီစဉ်ကြခြင်း ဖြစ်သည်။ မကြာမီ အခမ်းအနားမှူးက အခမ်းအနားစတင်ကြောင်း ပြောကြားပြီး ချာချီ၏ အကြောင်းကို ရှည်လျားစွာ ရှင်းလင်းမိတ်ဆက် ပြောကြား ပါ၏။ ထို့နောက် ချာချီအား မိန့်ခွန်းပြောကြားရန် စင်မြင့်ပေါ်သို့ ဖိတ်ခေါ်လိုက်ပါ၏။

ချာချီသည် စင်မြင့်ပေါ်သို့ တက်လာပြီး စားပွဲစောင်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ သူသည် စက္ကန့်အတော်ကြာ ပရိသတ်များကို စိုက်ကြည့်လိုက်ပါ၏။ ချာချီသည် သူ၏ ထူးခြားသော ကိုယ်ပိုင်ဟန်ဖြင့် ပရိသတ်အား စူးစိုက် ကြည့်ပြီးနောက်
“ဘယ်တော့မှ…ဘယ်တော့မှ…ဘယ်တော့မှ…ဇွဲမလျှော့ပါနဲ့”
ဟု ပြောကြားလိုက်ပါ၏။

ထို့နောက်သူသည် ယခင်အတိုင်း ဘာမှမပြောဘဲ အတန်ကြာ ရပ်နေပြီး ယခင်ကထက် လေးနက်သော အသံဖြင့်
“ဘယ်တော့မှ…ဘယ်တော့မှ…ဘယ်တော့မှ…ဇွဲမလျှော့ပါနဲ့”
ဟု ထပ်မံ ဆိုလိုက်ပြီး စင်မြင့်ပေါ်မှ ဆင်းကာ သူ့နေရာသူ ထိုင်လိုက်လေ သည်။

ဝန်ကြီးချုပ်ချာချီသည် ၁၉၆၅ခုနှစ် အသက် ၉၀ အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သူ၏စာျပနသည် ထိုခေတ်အခါက အကြီးကျယ်ဆုံးဈာပနဖြစ်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်များတက်ရောက်ကြသလို ကမ္ဘာတစ်ဝန်းမှ လူသန်းပေါင်း ၃၆၀ကျော်တို့ကလည်း ရုပ်သံတွင် ဂရုတစိုက်စောင့်ကြည့်ခဲ့ကြသည်။

ဘဝကိုစိန်ခေါ်၍ ကမ္ဘာကျော်ခဲ့ကြသူများ – ချစ်စံဝင်း