ဘာတွေ ချမ်းသာကြသလဲ

Posted on

တစ်ခါက စိတ်ထားနူးညံ့တဲ့လူတစ်ယောက်ဟာ လှပတဲ့ခြံ နဲ့ အိမ်တစ်လုံးကို ဝယ်လိုက်တယ်။ ခြံထဲမှာလည်း သီးပင်စားပင်တွေပါတယ်။

သူကံဆိုးတာက အဲဒီအိမ်ရဲ့ ဘေးအိမ်က လူက တစ်ဖက်သားကို မနာလိုတတ်သလို အမြဲပြသနာ ရှာတတ်လေ့ရှိတယ်။

အရင် အိမ်ရှင်တွေတုန်းကလည်း သူ့ကြောင့် စိတ်ဆင်းရဲပြီးပြောင်းသွားကြတာ။ အခုတစ်ခါလည်း သူဟာ အသစ်ရောက်လာတဲ့ အိမ်ရှင်ကို ပြသနာရှာဖို့ ကြိုးစားတယ်။

စောင်းမြောင်းပြောတတ်သလို ၊ အမှိုက်တွေကိုလည်း ဒီဘက်ခြံရှေ့ကို ပို့လေ့ရှိတယ်။ ပိုင်ရှင်အသစ်ကလည်း စိတ်ထားနူးညံ့တဲ့လူဆိုတော့ သည်းခံပြီး ရှောင်တယ်။

ဒါနဲ့ မနာလိုသူဟာ အိမ်ရှင်အသစ်ရဲ့ ခြံဝမှာ မီးဖိုချောင်က စွန့်ပစ်ပစ္စည်းတွေ ၊ ညစ်ပတ်နေတဲ့ အရည်တွေကိုခြင်းနဲ့ ထည့်ပြီး လာထားလိုက်တယ်။

ခဏကြာတော့ ပိုင်ရှင် အသစ်က မနာလိုသူရဲ့ အိမ်တံခါးကို လာခေါက်တယ်။ မနာလိုသူက ရန်ဖြစ်ချင်တဲ့ သူ့အကြံအောင်ပြီဆိုပြီး ဒေါနဲ့မောနဲ့ တံခါးကို ပြေးဖွင့်တယ်။

ဒါပေမယ့် သူထင်သလို ဖြစ်မလာခဲ့ဘူး။ ပိုင်ရှင်အသစ်က သူ့ကိုပြသနာရှာဖို့ လာတာမဟုတ်ပဲ သူ့ရဲ့ခြင်းကို ဆေးကြောပြီး လာပေးလို့ဖြစ်တယ်။ ခြင်းထဲမှာလည်း လှပပြီးအရသာရှိမယ့် ပန်းသီးတွေ အပြည့်ပါလို့ပေါ့။

တကယ်တော့ ပိုင်ရှင်အသစ်ဟာ မနာလိုသူရဲ့ အမှိုက်ထည့်ထားတဲ့ခြင်းကို ဆေးကြောပြီး သစ်သီးတွေထည့်ကာ ပြန်ပေးခဲ့တာပါ။
ဒီလိုပေးရင်း စကားတစ်ခွန်းပြောလိုက်ပါတယ်။

“လူတွေဟာကိုယ်ချမ်းသာတာ ကို သူတပါးကို ဝေမျှကြတယ်ဗျ” ဟူ၍ပင်

မနာလိုသူဟာ အမှိုက်တွေချမ်းသာတဲ့အတွက် သူ့ကို အမှိုက်တွေလာပေးတယ်။

သူကတော့ စားကောင်းတဲ့ သစ်သီးတွေချမ်းသာလို့ ဒါတွေကိုပြန်ပေးတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။

ကျွန်တော်တို့ရော ဘာတွေချမ်းသာပြီး တစ်ဖက်သားကို ဘာတွေပေးလေ့ရှိပါသလဲ..

စိတ်ချမ်းသာမှုတွေ ၊ နားလည်မှုတွေ ၊ အကြင်နာတရားတွေလား..

ဒါမှမဟုတ် ကိုယ်ချင်းမစာနာမှုတွေ ၊ ဒေါသတွေ ၊ စိတ်ညစ်စေမယ့် အရာတွေလား..

မိတ်ဆွေရော ဘာတွေချမ်းသာပါသလဲ

One thought on “ဘာတွေ ချမ်းသာကြသလဲ

  1. အရမ်းကောင်းတဲ့ စာစုလေးပါပဲနော်

Comments are closed.