ဦးကောင်းမဟုတ်တဲ့ ဦးကောင်း

Posted on

ဦးကောင်း ဟု ဆိုလိုက်လျှင် ကင်းဝန်မင်းကြီးဦးကောင်း လို့ အားလုံး ပြေးမြင်မိမှာ ဖြစ်ပေမယ့် ကျွန်တော်ပြောမယ့်သူက ကင်းဝန်မင်းကြီး ဦးကောင်းမဟုတ်ပါ။ ကင်းဝန်မင်းကြီး နဲ့နာမည်တူသူ မင်းကျော်ပျံချီ ခေါ် သေနတ်ဝန်ဦးကောင်း ဖြစ်ပါတယ်။ ဒီဦးကောင်းကတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ အားအကိုးရဆုံးရဲဘော်ရဲဘက် တစ်ယောက်ဖြစ်ပါတယ်။

ဟံသာဝတီရောက်မင်းကြီး မရှိတော့တဲ့နောက် ဒုတိယမြန်မာနိုင်ငံဟာ ပျက်စီးသွားခဲ့ရပါတယ်။ ဒီအချိန်မှာ မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျဟာ မုဆိုးဖိုရွာမှာ ထန်းလုံးတပ်ဆောက်ကာ လက်ရွေးစင်သူရဲကောင်း ၆၈ ယောက်တို့နှင့်အတူ တတိယမြန်မာနိုင်ငံ ဦးစွန်းကို တည်ထောင်ခဲ့ပါတယ်။ ဒီနေရာမှာ အလောင်းမင်းတရားလက်ထက် သတ္တိရှိမရှိ စစ်ပြီး လက်ရွေးစင်ရွေးချယ်ပုံကို ပြောပြချင်ပါတယ်။ ချွန်ထက်တဲ့ လှံတစ်ချောင်းကို အစစ်ခံမည့်သူ လည်ပင်းနှင့်တိုင်းကာ ထောင်ထားပါတယ်။

အစစ်ခံရမည့်သူဟာ လည်ပင်း ရှေ့တည့်တည့်ထောင်ထားတဲ့ လှံကို အရှိန်နဲ့ ပြေးဝင်ပြီး အထိုးခံရမှာ ဖြစ်ပါတယ်။ လည်ပင်းအတိရောက်မှ ကျွမ်းကျင်တဲ့သူက လှံကို ဆတ်ခနဲ ဖယ်ရှားလိုက်တာပဲ ဖြစ်ပါတယ်။ အခက်မသင့်လျှင် ဒါဏ်ရာရသွားနိုင်ပါတယ်။ ထိုသို့ပြေးနေစဉ်မှာ မျက်နှာတစ်ချက် မပျက်ရ ၊ အပြေးရှိန်မလျှော့ ရပါ။ ထိုသို့သောသူများကိုသာ လက်ရွေးစင်အဖြစ်ရွေးပါတယ်။ လက်ရွေးစင်များကို ရဲရောင်မြန်မာ(ဝါ) ရဲမြန်မာ ဟု ခေါ်ကြပါတယ်။

သူရဲကောင်း ၆၈ ယောက်ထဲတွင် သေနတ်ဝန်ဦးကောင်း ၊ မုဆိုးချုံဗိုလ်(ဦးတွန်) ၊ မဟာသီဟသူရ (ဦးသာ) ၊ မဟာစည်သူ (ဦးနှောင်း) နှင့် ဗလမင်းထင်(ဦးလွင်) တို့မှာ နှလုံးရည် လက်ရုံးရည် အလွန်ကောင်းသူများ အဖြစ် ထင်ရှားပါတယ်။ အထူးသဖြင့် ဦးကောင်း၊ ဦးတွန် နှင့် ဦးသာ တို့အား အလောင်းမင်းတရားကြီး၏ သားတော်ကြီးများဖြစ်တဲ့ မောင်လောက်(နောင်တော်ကြီးမင်း) နှင့် မောင်ရွ(ဆင်ဖြူရှင်) တို့နှင့် တန်းတူ အခွင့်အရေးပေးခြင်း ခံခဲ့ရပါတယ်။

ဦးကောင်းတို့ သူရဲကောင်း သုံးယောက်ဟာ ဦးအောင်ဇေယျ၏ တိုက်ပွဲတိုင်းတွင် ရှေ့ဆုံးမှ ပါဝင်ခဲ့ကြပါတယ်။ တိုက်ပွဲတိုင်းနိုင်အောင် အစီအမံများဖြင့် တိုက်နိုင်သဖြင့် ဦးကောင်း အား ဦးအောင်ဇေယျက မဟာသေနာပတိအဖြစ် အမြင့်ဆုံးမြှောက်စားခဲ့ပါတယ်။ မင်းကျော်ပျံချီ ၊ မင်းလှမင်းခေါင် ၊ မဟာသေနာပတိ ၊ အဂ္ဂမဟာသေနာပတိ ၊ သေနတ်ဝင် စတဲ့ ရာထူးဘွဲ့များစွာကိုလည်း ပေးအပ်ခံခဲ့ရပါတယ်။

ဦးကောင်းဟာ အလောင်းမင်းတရားကြီး ၏ တိုက်ပွဲများ အောင်မြင်ရန် အဓိက စွမ်းဆောင်ပေးခဲ့သူဟု ပြောလျှင်မမှားပါ။ အလောင်းမင်းတရားကြီး၏ ရန်ဘက် ငချစ်ညိုနှင့် စီးချင်းယှဉ်တိုက်ခိုက်ခြင်း ၊ နာမည်ကျော် မွန်စစ်သူကြီးဒလဗန်း၏ အငြိုးတကြီး တိုက်ခိုက် မှုများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ မုဆိုးဘိုတိုက်ပွဲ ၊ ခင်ဦးတိုက်ပွဲ ၊ အင်းဝမြို့သိမ်းတိုက်ပွဲ နှင့် ရန်ကုန်ကိုသိမ်းတိုက်ပွဲ စတဲ့နာမည်ကြီးတိုက်ပွဲတွေမှာအောင်မြင်ခဲ့သော သေနာပတိဦးကောင်းဟာသန်လျှင်မြို့သိမ်းတိုက်ပွဲအတွင်း ရရှိခဲ့တဲ့ သေနတ်ဒါဏ်ရာကြောင့် ကျဆုံးခဲ့ပါတယ်။

သန်လျှင်သည် ပြင်သစ်တို့ရဲ့ အကူအညီကြောင့် လက်နက်အင်အား တောင့်တင်းနေတဲ့အချိန်မှာ ဦးကောင်းက ဦးဆောင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မြို့ရိုးပေါ်တွင် သေနတ် ၊ အမြှောက်များ တပ်ဆင်ထားသဖြင့် ကုန်းဘောင်ရဲမက်များ အကျအဆုံးများခဲ့ပါတယ်။ အကျအဆုံးများသော်လည်း ဦးကောင်းသည် နောက်ဆုတ်ဖို့မပြော မြို့တွင်းဝင်နိုင်မည့် နည်းလမ်းကို ရှာကြံခြင်း ၊ တပ်သားများအား အားပေးခြင်း ၊ ကွပ်ကဲခြင်း တို့ကို ပြုလုပ် လျက်ရှိပါတယ်။ ထိုစဉ် မြို့ရိုးပေါ်ရှိ သေနတ်အလက် ၂၀ ခန့်သည် ဦးကောင်းရှိရာကို စုပြုံပစ်ကြပါတယ်။ ရဲမက်များက စိုးရိမ်သဖြင့် ဦးကောင်းကို ကြည့်ရာ ဟန်မပျက် ကွပ်ကဲနေသဖြင့် သေနတ်မမှန်ဟု ထင်ကာ စိတ်သက်သာရ ရသွားကြပါတယ်။

တကယ်တော့ ဦးကောင်းသည် သေနတ်ဒါဏ်ရာများကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် တပ်သားများ စိတ်ဓာတ်ကျမည် စိုးတာကြောင့် ဒါဏ်ရာကိုအဝတ်ဖြင့် ကြပ်ကြပ်စည်းကာ ဘာမှမဖြစ်သယောင် ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ စစ်ကဲကျော်ထင်ရွှေတောင်ကို ဆက်လက် တိုက်ခိုက်စေပြီး ကိုယ်တိုင်ကတော့ မင်းတရားကြီးရှိရာ သန်လျက်စွန်းသို့ လှေဖြင့် ဆင်း ခဲ့ပါတယ်။ လှေဆိပ်ကို ရောက်တဲ့အချိန်မှာ ဦးကောင်း၏ ကိုယ်မှာ သွေးများရွဲနစ်နေခဲ့ပါပြီ။

အလောင်းမင်းတရားကြီးသန်လျက်စွန်းမှ မျှော်ကြည့်နေစဉ် လှေတစ်စင်းအပြင်းလှော်လာရာ ဦးကောင်း ဒါဏ်ရာရရှိကြောင်း သိပြီးနောက် “ဟာဆုံးခဲ့ပြီ” ဟု အာမေဋိတ်ပြုခဲ့ပါတယ်။ စိုးရိမ်စွာဖြင့် ” မောင်ကောင်းရဲ့ ဒဏ်ရာကို အစွမ်းကုန် ပြုစုကြပါ “ဟု သမားတော်များ အား ပြောနေစဉ် ဦးကောင်းက “မရနိုင်တော့ပါဘုရား ၊ ကျွန်တော်မျိုး ယနေ့ပင် ကိုယ်တော့်ကို ပစ်၍ သွားရချေတော့မည်” ဟု လျှောက်တင်ကာ ရွှေတိဂုံစေတီကို အာရုံပြုရင်း ကွယ်လွန်သွားခဲ့ပါတယ်။ အလောင်းမင်းတရားကြီးက အလွန်စိတ်မကောင်းဖြစ်တော်မူကာ ဦးကောင်းအား ထီးဖြုအုပ်ပြီး အဂ္ဂမဟာသေနာပတိဘွဲ့ဖြင့် ခမ်းခမ်းနားနား သဂြိုလ်ပေးခဲ့ပါတယ်။

အထင်ကရ ဇာတ်ကောင်များ – မောင်ကြည်သန့်
ကုန်းဘောင်ရှာပုံတော် – ညိုမြ
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ – တင်ထွေး