ကမ္ဘာ့အံ့ဖွယ်များ၏ လူသိနည်းသော အချက်အလက်များ

Posted on

ကမ္ဘာပေါ်မှာ နိုင်ငံတကာ ခရီးသွားတွေ အလေးအနက် သွားရောက် လည်ပတ်ကြရတဲ့ အထင်ကရ အံ့ဖွယ် အဆောက်အအုံကြီးတွေ ရှိနေပါတယ်။ အီဂျစ်က ပိရမစ်ကြီးတွေလို ရှေးဟောင်း ဂူသင်္ချိုင်းကြီးတွေက အစပြုလို့ အီဖယ်လ်မျှော်စင်လို ခေတ်သစ် ဗိသုကာ လက်ရာတွေထိ ကမ္ဘာ့အံ့ဖွယ် အဆောက်အအုံကြီးတွေဟာ လူ့သမိုင်းကြောင်းကို အစဉ်အဆက် ပြောပြနေတဲ့ သက်သေပြယုဂ်တွေလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့အံ့ဖွယ် အဆောက်အအုံကြီးတွေနဲ့ ပတ်သက်ပြီး ဘယ်လို တည်ဆောက်ခဲ့ကြသလဲ ဆိုတာကိုတော့ လူတိုင်း အလွယ်တကူ သိနိုင်ကြမှာ မဟုတ်ပါဘူး။ အံ့ဖွယ် အဆောက်အအုံကြီးတွေရဲ့ နောက်ကွယ်မှာ သက်ဆိုင်ရာ သမိုင်းကြောင်း ဇာတ်လမ်းတွေလည်း ရှိနေတတ်ပါတယ်။

Daily Planet ဝက်ဘ်ဆိုက်က ကမ္ဘာပေါ်မှာ အထူးခြား အထင်ရှားဆုံး အံ့ဖွယ် အဆောက်အအုံကြီး (၁၀)ခုရဲ့ လူသိနည်းတဲ့ အချက်အလက် အချို့ကို အခုလို မျှဝေဖော်ပြခဲ့ပါတယ်။

၁။ တာ့ဂျ်မဟာဂူသင်္ချိုင်း (အိန္ဒိယ)

ယုံတမ်းပုံပြင်တွေကတော့ Mughal အင်ပါယာ ဘုရင် ရှားဟာဟန်းဟာ တာ့ဂျ်မဟာကို တည်ဆောက်ပြီးစီးချိန်မှာ ဗိသုကာ ပညာရှင်တွေရဲ့ လက်တွေကို ခုတ်ဖြတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရည်ရွယ်ချက်ကတော့ တာ့ဂျ်မဟာလို ကျက်သရေ ထည်ဝါလှတဲ့ နောက်ထပ် အဆောက်အအုံတစ်ခု ထပ်ပြီး မတည်ဆောက်နိုင်ဖို့ပါ။ ဒါပေမဲ့ ဒီဖြစ်ရပ်ကို အတည်ပြု ထောက်ခံဖို့အတွက် တိကျတဲ့ မှတ်တမ်းမှတ်ရာမျိုးတော့ မရှိပါဘူး။

တာ့ဂျ်မဟာရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ ရှုမငြီးလောက်စရာ လှပခန့်ထည်လွန်းပါတယ်။ ဒါဟာ ထူးချွန်ထက်မြက်တဲ့ အင်ဂျင်နီယာ အတတ်ပညာတစ်ရပ် ထွန်းကားခဲ့ကြောင်း ရည်ညွှန်းပြနေတဲ့ သဘောလည်း သက်ရောက်ပါတယ်။ တာ့ဂျ်မဟာ ဂူဗိမာန်ကြီးရဲ့ မျက်နှာစာတွေကို မြေပြင်ပေါ်ကနေ ဒေါင်လိုက် တည့်မတ်နေအောင် တည်ဆောက်ထားတယ်။ တစ်ချိန်တည်းမှာပဲ ဂူဗိမာန်ရဲ့ ဘေးဘက်က ဗလီမျှော်စင်တွေကိုတော့ အပြင်ဘက်ကို မသိမသာလေး စောင်းပေးထားပါတယ်။

ဒါကြောင့် ငလျင်ကြီးတစ်ခု ပြင်းပြင်းထန်ထန် လှုပ်ခတ်ပြီး မျှော်စင်တွေ ပြိုကျလာမယ် ဆိုရင်တောင် သင်္ချိုင်းဗိမာန်ကြီးရဲ့ အဖိုးထိုက်တန်တဲ့ အမိုးခုံးကို အထိခိုက် မရှိအောင် ကာကွယ်ပြီး ဖြစ်နေပါလိမ့်မယ်။

၂။ ဘာ့ဂျ်ခါလီဖာမျှော်စင် (အာရပ်စော်ဘွားများ ပြည်ထောင်စု)

အာရေဘီးယား သဲကန္တာရနဲ့ ဆက်စပ်နေတဲ့ ဒူဘိုင်းမှာ ဒီမျှော်စင်ကြီးကို တည်ဆောက်တော့ ဒေါ်လာ (၁.၅)ဘီလီယံလောက် ကုန်ကျခဲ့ပါတယ်။ (၈၂၈)မီတာ အမြင့်ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံကြီးဟာ အီဖယ်လ်မျှော်စင်ထက် (၂)ဆခွဲ ပိုမြင့်တယ်လို့ ဆိုရပါမယ်။

ဒီလိုမျှော်စင်မြင့်ကြီးကို တည်ဆောက်ရာမှာ ငလျင်ဒဏ်နဲ့ ပြင်းထန်တဲ့ လေတိုက်ခတ်မှု ဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ဖို့ စဉ်းစားခဲ့ကြရပါတယ်။ အဲဒီအတွက် အရပ်မျက်နှာ သုံးခုကို အပြန်အလှန် ကျားကန်ပေးမယ့် ဗဟိုချက် စနစ်ကို အသုံးချခဲ့ရတယ်။ အဆောက်အအုံရဲ့ မျက်နှာစာ သုံးဖက်ဟာ (၁၂၀)ဒီဂရီ ထောင့်ချိုးစီ တည်ရှိနေပါတယ်။ အဲဒီမျက်နှာစာတိုင်းက ဗဟိုချက်မှာ အခိုင်အမာ တွယ်ဆက်ထားတယ်။ အပြန်အလှန် ထောက်ပံ့ကျားကန်ပေးနေတဲ့ စနစ်အရ လေစီးကြောင်းက မျက်နှာစာ နှစ်ဖက်ကို ပြင်းပြင်းထန်ထန် ဖိအားပေးနေချိန်မှာ လက်ကျန် မျက်နှာစာ တစ်ဖက်က တွန်းလှန် ရပ်တည်ပေးနေမှာ ဖြစ်ပါတယ်။

၃။ မွိုင်ရုပ်တုများ (ပိုလီနေးရှား)

သီအိုရီဆန်ဆန် ဆက်စပ် တွေးခေါ်မှုတွေအရ အီစတာကျွန်းသားတွေ မျိုးသုဉ်း ကွယ်ပျောက်သွားခြင်းဟု ဒီရုပ်တုကြီးတွေရဲ့ ပယောဂ မကင်းဘူးလို့ ဆိုပါတယ်။ ရုပ်တုကြီးတွေကို သယ်ယူပို့ဆောင်တဲ့အခါ သစ်ပင်တွေကို ခုတ်ဖြတ်ခဲ့ရပါတယ်။ သစ်တောတွေ ပြုန်းတီးသွားတဲ့အခါ မြေဩဇာကောင်းတွေက ရေတိုက်စား ခံလိုက်ရတယ်။ စိုက်ပျိုးဖြစ်ထွန်းခြင်း မရှိတဲ့ မြေပေါ်မှာ လူတွေဟာ အငတ်ဘေးတွေ ကြုံလာတယ်၊ ဇာတ်တူသားစားတဲ့ အကျင့်ဆိုးကြီး အစပြုလာတယ်လို့ ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ (၂၀၀၅)ခုနှစ်မှာ ဂြိုဟ်တုက ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံတွေအရ ဒီကျောက်တုံးကြီးတွေကို စတင်ထုလုပ်တဲ့ ကျောက်မိုင်းတွင်းတွေကနေ ယှက်ဖြာထွက်လာတဲ့ ရွှံလမ်းကြောင်းတွေကို ဖော်ထုတ် တွေ့ရှိလာခဲ့ပါတယ်။ (၁၀)မီတာ အမြင့်ရှိတဲ့ ရုပ်တုကြီးတွေကို ခေါင်းပိုင်းကနေ ကြိုးချည်ပြီး ရှေ့ဘက်ကနေ လှည်းနဲ့ဆွဲချိန်မှာ လူနည်းနည်း ပါဝင်တဲ့ အဖွဲ့က ဘေးကနေ ခြေလျင်လိုက်ပြီး ကျောက်ရုပ်ကြီးတွေကို လမ်းကြောင်းတည့်မတ်အောင် ထိန်းသိမ်းပေးခဲ့တာ ဖြစ်နိုင်ပါတယ်။

၄။ စတုန်းဟန်း ကျောက်တိုင်များ (ဗြိတိန်)

လန်ဒန်မြို့နားမှာ ရှိနေတဲ့ ကျောက်တိုင်ကြီးတွေကို တည်ဆောက်သွားတာဟာ ဂြိုဟ်သားတွေများလား။ တကယ်ပဲ အဲဒီလို ယုံတမ်းတချို့ ရှိခဲ့ပါတယ်။ စတုန်းဟန်းကို ဘယ်သူ တည်ဆောက်သွားသလဲ ဆိုတာကို အခုအချိန်ထိ တိတိကျကျ အဖြေရှာ မတွေ့သေးပါဘူး။ မကြာသေးခင်က ဖော်ထုတ်လာနိုင်တဲ့ အထောက်အထားတွေအရ ဒီကျောက်တိုင်ကြီးကို ဆောင်းလယ်ကာလအတွက် ရည်ရွယ်ဂုဏ်ပြုပြီး ဆောက်လုပ်ထားတာလို့ အဖြေထွက်ခဲ့ပါတယ်။ ဟိုးအရင်က နွေရာသီအလယ် ကာလအတွက် စတုန်းဟန်းကို ရည်စူးတည်ဆောက်တာလို့ ပညာရှင်တွေက ယုံကြည်ထားခဲ့တာပါ။

စတုန်းဟန်း အနီးမှာ တူးဖော်တွေ့ရှိတဲ့ ဝက်သွားတစ်ချောင်းကို အခြေပြု လေ့လာတဲ့အခါ နေ့တာရှည်လာတိုင်း ဝက်သားများများစားပြီး အထိမ်းအမှတ်ပွဲတွေ ကျင်းပကြတယ်လို့ ကောက်ချက်ချစရာ ဖြစ်လာပါတယ်။ စတုန်းဟန်းကို ဘယ်လိုများ တည်ဆောက်ခဲ့ပါသလဲ။ (၂၆၀၀)ဘီစီလောက် ကာလတွေတုန်းက ဝေလအနောက်ပိုင်း ပရီဆီလီ တောင်တွေဘက်က အပြာရောင် ကျောက်တုံးတွေကို ဖောင်ဖွဲ့ပြီး မြစ်ကြောင်းအတိုင်း သယ်ယူလာတယ်လို့ ယူဆရပါတယ်။

ဓာတ်ရောင်ခြည် နည်းပညာနဲ့ လေ့လာမှုတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း(၄၀၀၀၀)လောက်တုန်းက ရေခဲမြစ်တွေဟာ ကျောက်တုံးတွေကို ဆာလစ်ဘူရီဘက်က လွင်ပြင်တွေဆီ သယ်ဆောင်မသွားသေးဘူးလို့ ဖော်ထုတ် တွေ့ရှိလာပါတယ်။ စတုန်းဟန်း ကျောက်တိုင်တွေရဲ့ အခြေဟာ တွင်းပေါက်တွေထဲ ကလော်ပြီး သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီလို တည်ဆောက်မှုမှာ ငြမ်းတွေကို အသုံးပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

၅။ အီဖယ်လ်မျှော်စင် (ပြင်သစ်)

(၁၈၈၉)ခုနှစ်က ကမ္ဘာ့ကုန်သွယ်မှု ပြပွဲကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်မှာ ပြုလုပ်ဖို့ ရည်ရွယ်ခဲ့တဲ့နောက် ဝင်ပေါက်မုခ်ဦးခုံး အနေနဲ့ အီဖယ်လ်ကို ဆောက်လုပ်ခဲ့တာပါ။ အင်ဂျင်နီယာ မွန်ဆီရာ ဂူစတာဗီ အီဖယ်လ်ဟာ မျှော်စင်ပေါ်ကို ခြေလှမ်း(၁၇၁၀) လှမ်းတက်ခဲ့တဲ့ ပထမဆုံး ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ သူဟာ အီဖယ်လ်မျှော်စင်ကို တည်ဆောက်ဖို့ ငွေတွေအများကြီး အသုံးပြုခဲ့ပေမယ့် မျှော်စင်ဖွင့်ပြီး တစ်နှစ်အတွင်းမှာတင် ဝင်ကြေးတွေကနေ ဒေါ်လာတစ်သန်းလောက် ပြန်ရခဲ့ပါတယ်။

(၃၂၄)မီတာ အမြင့်ရှိတဲ့ အီဖယ်လ်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက ပြင်သစ်ကို ဂျာမန်တွေ သိမ်းပိုက်ထားချိန်မှာ စစ်မြေပြင်က တပ်တွေကို ဆက်သွယ်ဖို့အတွက် အကောင်းဆုံး ရေဒီယို မျှော်စင်ကြီး ဖြစ်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ မျှော်စင်ကြီးကို (၇)နှစ် တစ်ကြိမ် ဆေးပြန်သုတ်ပြီး ထိန်းသိမ်းမွမ်းမံ ထားပါတယ်။ အဲဒီလို တစ်ကြိမ် ဆေးသုတ်တိုင်း သုတ်ဆေးတန်ချိန် (၅၀)လောက် ကုန်ကျလေ့ ရှိပါတယ်။

၆။ မဟာတံတိုင်း (တရုတ်)

မဟာတံတိုင်းကြီးကို ကနဦး တည်ဆောက်တုန်းက ကျောက်တုံးနဲ့ ရွှံ့တွေကိုပဲ အသုံးပြုထားတာပါ။ (၁၆)ရာစု တရုတ်အင်ပါယာ ဘုရင်မင်းမြတ် ဂျီယန်ဂျင်း လက်ထက်မှာတော့ မဟာတံတိုင်းကို ခန့်ညား ခိုင်မာလှတဲ့ ဧရာမ ကျောက်နဂါးကြီးအသွင် ဖြစ်လာအောင် မွမ်းမံ အဆင့်မြှင့်ခဲ့ပါတယ်။ ချွေးတပ်စွဲထားသူတွေ၊ အတင်းအကျပ် ခိုင်းစေခံရသူတွေ အပါအဝင် သန်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ မဟာတံတိုင်းကြီး ဆောက်လုပ်ရေးအတွက် လုပ်အားပေးခဲ့ရတယ်။

တံတိုင်းကြီးရဲ့ အရှည်ကို တိုးမြှင့်ခဲ့သလို တံတိုင်းတစ်လျှောက် ခံတပ်တွေကိုလည်း တည်ဆောက်စေခဲ့တယ်။ မှတ်တမ်းတွေရဲ့ အဆိုအရ (၃)ကီလိုမီတာလောက် ရှည်လျားတဲ့ တံတိုင်း အစိတ်အပိုင်း တစ်ခုကို လူပေါင်း(၃၀၀၀)လောက်ပဲ အသုံးပြုပြီး ရက်ပေါင်း(၆၀၀)နဲ့ အပြီးတည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ စကြာဝဠာထဲက လှမ်းကြည့်ပြီး မြင်ရတဲ့ လူလုပ် အဆောက်အအုံဆိုလို့ မဟာတံတိုင်းကြီး တစ်ခုပဲ ရှိတယ်လို့ လူပြောများကြပါတယ်။ တကယ်တမ်းမှာတော့ ကမ္ဘာရဲ့ အတွင်းဘက် အကျဆုံး ပတ်လမ်းကနေ လှမ်းကြည့်မယ် ဆိုရင်တောင် မဟာတံတိုင်းကို တွေ့မြင်ရဖို့ အကောင်းဆုံး မှန်ဘီလူးတွေ တပ်ဆင်ထားတဲ့ ကင်မရာတစ်လုံး လိုအပ်ပါလိမ့်မယ်။

၇။ အန်ကောဝတ်ကျောင်းတော်ရာ (ကမ္ဘောဒီးယား)

လူဦးရေ (၁)သန်းလောက် မှီတင်းနေထိုင်တဲ့ မြို့ကြီးထဲကမှ လူပေါင်း(၃)သိန်းကျော်ဟာ ဆောက်လုပ်ရေး လုပ်သားတွေ ဖြစ်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ အန်ကောဝတ်ကို တည်ဆောက်ခဲ့တာပါ။ အန်ကောဝတ်ကို တည်ဆောက်ရာမှာ (၃၅)နှစ်လောက် ကြာခဲ့ပြီး ဆင်ကောင်ရေ (၆၀၀၀)လောက်ရဲ့ အကူအညီကို ယူခဲ့ရတယ်လို့ ဆိုပါတယ်။ အရန်ဘုရားကျောင်း အဆောက်အအုံ အများစုဟာ အပြီးသတ် တည်ဆောက်ဖို့ ရာစုနှစ်နဲ့ချီ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

အန်ကောဝတ် ကျောင်းတော်ရာ နေရာ အဝန်းအဝိုင်းဟာ အင်မတန် ကြီးမား ကျယ်ပြန့်တာကြောင့် အာကာသထဲက လှမ်းကြည့်ရင်တောင် မြင်နိုင်တယ်လို့ ဆိုပါတယ်။ အန်ကောဝတ်ဟာ ကမ္ဘာပေါ်မှာ အရှုပ်ထွေးဆုံး ယှက်နွယ် တည်ဆောက်ထားတဲ့ ဘာသာရေး ဝတ်ပြုနေရာလို့ ယူဆနိုင်ပါတယ်။ ကျောင်းတော်ရာ နံရံတွေပေါ်မှာ ညှို့အားပြင်းပြင်း ဆွဲဆောင်နေတဲ့ ဟန်ပန်မျိုးနဲ့ နတ်မိမယ် (၃၀၀၀)ကျော်ရဲ့ ရုပ်တုတွေကို ထုလုပ်ထားပြီး ဆံပင် ဆင်ယင်ထုံးဖွဲ့မှုတွေက (၃၇)မျိုး ကွဲလွဲနေပါတယ်။

၈။ မာချူပစ်ချူ (ပီရူး)

အင်ဒီးစ် တောင်တန်းတွေက တောင်စောင်းတစ်ခုမှာ လှေကားထစ်ပုံ ဆင့်ကဲထွင်းထု တည်ဆောက်ထားတဲ့ မြို့ပြနေရာဟောင်း ဖြစ်ပါတယ်။ မာချူပစ်ချူကို တည်ဆောက်ပြီးတဲ့နောက် လူနေထိုင်တာ နှစ်ပေါင်း(၁၀၀)တောင် မကြာခဲ့ဘဲ ရာစုနှစ်ပေါင်းများစွာ ပြန်လည် တိမ်မြုပ်သွားပါတယ်။ အင်ကာလူမျိုးတွေဟာ မာချူပစ်ချူကို တည်ဆောက်ချိန်မှာ ကျောက်တုံးတွေကို သယ်ယူပို့ဆောင်ဖို့အတွက် ဘီးတွေကို အသုံးပြုခဲ့ခြင်း မရှိပါဘူး။ အဲဒီအစား ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို တောင်စောင်းအတိုင်း လက်ချည်းဗလာ သက်သက်နဲ့ ဆွဲတင်ခဲ့ကြတာပါ။

ကျောက်တုံးကြီးတွေရဲ့ မျက်နှာပြင်မှာ ဆောက်လုပ်ရေး အလုပ်သမားတွေရဲ့ အားပြုထားတဲ့ လက်ရာတွေလို့ ယူဆရတဲ့ အထောက်အထားတွေကို တွေ့မြင်ခဲ့ရပါတယ်။ ငလျင်ဒဏ် ကြုံတွေ့ရချိန်မှာ အကောင်းဆုံး ခံနိုင်ရည် ရှိနိုင်ဖို့ကိုတော့ အင်ကာ ဗိသုကာတွေက စိတ်ကူးဆန်းဆန်း ကြံဆထားခဲ့ပါတယ်။ အင်္ဂလိပ် စကားလုံး (L)ပုံသဏ္ဍန် ကျောက်တုံးတွေက ထောင့်စွန်းချင်း တွယ်ဆက်ပေးပြီး လှုပ်ခါမှုဒဏ် ခံနိုင်အောင် ပံ့ပိုးထားပါတယ်။ ပြတင်းပေါက်နဲ့ တံခါးတွေကို အိမ်တွေရဲ့ အတွင်းဘက်ကို မျက်နှာမူပြီး တပ်ဆင်ထားတယ်။ ကျောက်တုံးတွေကြားမှာ အင်္ဂတေ ကိုင်ထားတာမျိုး မရှိတဲ့အတွက် အပြင်းအထန် လှုပ်ယမ်းနေချိန်မျိုးမှာ အလိုက်သင့် ရွေ့လျားနေပြီး ပြိုကျလာမှာ မစိုးရိမ်ရတော့ပါဘူး။

၉။ ခက်ဇ်နားဝတ်ပြုကျောင်း (ဂျော်ဒန်)

ဂျော်ဒန်နိုင်ငံ၊ ပီထရာမှာရှိတဲ့ ခက်ဇ်နားဟာ ကျောက်သားကို ထွင်းထုထားတဲ့ ဝတ်ပြုကျောင်းဆောင် တစ်ခုပါ။ Indiana Jonesလို ရုပ်ရှင်ဇာတ်ကားမျိုးတွေ ရိုက်ကူးခဲ့ဖူးတဲ့ ခက်ဇ်နားဟာ ပီထရာ မြို့တော်ဟောင်းရဲ့ အံ့ချီးဖွယ် ရတနာ တစ်ပါးလည်း ဖြစ်ပါတယ်။ အနီးမှာ ရှိနေတဲ့ လက်စမသတ်ရသေးတဲ့ ဂူသင်္ချိုင်း တစ်ခုကို အခြေပြု ကောက်ချက်ချတဲ့အခါ သက်တမ်း နှစ်ပေါင်း(၂၀၀၀)လောက် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ခက်ဇ်နားဟာ အပေါ်ကနေ အောက်ဘက်ကို ဆင်းသက်ပြီး ထွင်းထုတည်ဆောက် ခဲ့တယ်လို့ အဖြေထွက်လာပါတယ်။ ဒါပေမဲ့ မျက်နှာစာဘက် အပေါက်တွေရဲ့ နေရာချထားပုံကြောင့် ဒီကောက်ချက်ကို လမ်းကြောင်းလွဲစေမယ့် အခြေအနေမျိုး ရှိလာခဲ့ပါသေးတယ်။ မျက်နှာစာအပိုင်းဟာ ရှေးပန်းပု လက်ရာဟောင်းတွေကို ပယ်ဖျက်ဖို့ နှောင်းလူတွေက အသစ်ဖန်တီး ထုလုပ်ဖန်တီးထားတာလို့ ယူဆရပါတယ်။

၁၀။ မဟာပိရစ်မစ်ကြီး (အီဂျစ်)

ဂီဇာမှာရှိတဲ့ ဧရာမ ပိရစ်မစ်ကြီးဟာ ရှေးဟောင်း ကမ္ဘာ့အံ့ဖွယ် (၇)ခု စာရင်းမှာ ပါဝင်ခဲ့ပြီး ဒီကနေ့ထိ မပျောက်မပျက် ကျန်ရှိနေတဲ့ တစ်ခုတည်းသော အဆောက်အအုံကြီး ဖြစ်ပါတယ်။ ဒီပိရမစ်ကြီးဟာ (၁၈၈၉)ခုနှစ်က အီဖယ်လ်မျှော်စင် ဆောက်လုပ်မပြီးခင်အထိ ကမ္ဘာပေါ်မှာ အမြင့်ဆုံး အဆောက်အအုံ အနေနဲ့ ရပ်တည်ခဲ့တယ်။ ဒီလောက် ကြီးမားတဲ့ ပိရမစ်ကြီးကို လူ(၃)ယောက်စာ မြှုပ်နှံဖို့အတွက်ပဲ ရည်စူးထားတဲ့ သင်္ချိုင်းဗိမာန် အနေနဲ့ တည်ဆောက်ထားတာပါ။

မဟာပိရမစ်ကြီးကို တည်ဆောက်ရာမှာ အလုပ်သမား (၃)သောင်းကျော် အသုံးပြုခဲ့ရတယ်။ သမိုင်းသုတေသီတွေက ပိရမစ်ကို တည်ဆောက်တဲ့ လုပ်သားတွေအတွက် နေထိုင်မှု အစီအမံတွေ၊ ပေါင်မုန့်ဖုတ်တဲ့ နည်းပညာတွေ၊ စားကြွင်းစားကျန် တိရစ္ဆာန် ရုပ်ကြွင်းတွေကို အခြေတည် လေ့လာခဲ့တဲ့နောက် အရင်တုန်းက ယူဆထားသလို ကျွန်တွေ မဟုတ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တကယ်တော့ မဟာပိရမစ်ကြီးကို တည်ဆောက်ခဲ့သူတွေဟာ အင်မတန် ကျွမ်းကျင်အောင် လေ့ကျင့်ထားတဲ့ ဆောက်လုပ်ရေး ပညာရှင်တွေသာ ဖြစ်ကြပါတယ်။

_Ref: Lonelyplanet

7Day News Journal