ရောမခေတ်က လူအချင်းချင်းကို တိရိစ္ဆာန်သဖွယ် ဆက်ဆံကြတဲ့ ကျွန်စနစ်ဆိုတာ ရှိခဲ့ပါတယ်။ အလွန်ပြင်းထန်ရက်စက်တဲ့ ရောမလူနေမှုစနစ်ရဲ့ မှတ်တမ်းဆိုးဖြစ်တဲ့ ဒီစနစ် ကိုမခံမရပ်နိုင်ကြတဲ့ Gladiator ကျွန်တိုက်ခိုက်ရေးသမားတွေဟာ စပါတာကတ်ရဲ့ဦးဆောင်မှုနဲ့ ရောမအင်ပါယာကို ပြန်လည်ပုန်ကန်ခဲ့ကြပါတယ်။ ကျွန်တွေ ရဲ့ပုန်ကန်မှုဟာ ရောမတစ်နိုင်ငံလုံးကို တောင်အထိတ်တလန့်ဖြစ်စေခဲ့တဲ့ အထိ ကြီးမားခဲ့ပါတယ်။ (၇၃-၇၁)ဘီစီအတွင်းဖြစ်ပွားခဲ့တဲ့ Third Servile War တိုက် ပွဲတွေမှာ Gauls Crixus, Gannicus, Castus, Oenomaus စတဲ့ ကျွန်သူရဲကောင်းတွေဟာ စပါတာကတ်နဲ့ အတူလက်တွဲပြီး ရောမစစ်တပ်ကိုတိုက်ခိုက်ခဲ့ကြပါတယ်။
ကျွန်စနစ်ကို ပျောက်ဆုံးသွားတဲ့အထိ ရည်ရွယ်ချက်ထားပြီး တိုက်ပွဲဝင်ခဲ့တဲ့ စပါတာကတ်ဦးဆောင်တဲ့ကျွန်တွေဟာ လက်နက်အင်အားမမျှတမှု၊ ကျွန်အသိုင်းအဝိုင်းအားလုံးကို တစ်စုစည်းထဲ ဖြစ်အောင် မစည်းရုံးနိုင်မှုတွေကြောင့် နောက်ဆုံးမှာ ရောမစစ်တပ်ရဲ့ ချေမှုန်းခြင်းကိုခံခဲ့ ရပြီး စပါတာကတ်ကိုယ်တိုင် ကျဆုံးခဲ့ရပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ သမိုင်းဆရာတွေအဆက်ဆက်အမွှမ်းတင်ခဲ့ရတဲ့ ကမ္ဘာကျော် သူရဲကောင်း စပါတာကတ်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။
စပါတာကတ်ရဲ့ ငယ်ဘဝအကြောင်းကိုတော့ မည်သူမျှတိတိကျကျမသိရှိကြပဲ သူဟာ Thracian ကြေးစားစစ်သည်မျိုးနွယ်တစ်ဦးဖြစ်ပြီး အရွယ်ရောက်ချိန်မှာတော့ ရောမစစ်တပ်မှာဝင် ရောက်စစ်မှုထမ်းခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာတော့ စစ်တပ်မှာဆက်လက်အမှုထမ်း လိုခြင်းမရှိတာကြောင့်ထွက်ပြေးခဲ့ပါတယ်။ ရောမစစ်တပ်ရဲ့ ပြန်လည်ဖမ်းဆီးခြင်းခံရပြီးတဲ့နောက် စပါတာကတ်ကို Gladiator လို့ခေါ်တဲ့ လူအချင်းချင်းဖြစ်စေ/တိရိစ္ဆာန်နဲ့ဖြစ်စေလူပုံအလယ်မှာ တိုက်ခိုက်ပြီး ဖျော်ဖြေပေးရတဲ့ ကျွန်အတန်းအစားအဖြစ် သတ်မှတ်ရောင်းချခဲ့ကြပါတယ်။
ထို့နောက်ရောမအာဏာပိုင်တွေက စပါတာကတ်ကို Gladiator တိုက်ခိုက်ရေးသင်တန်းကျောင်းကို ပို့ဆောင်ခဲ့ ပြီးတိုက်ခိုက်ရေး ပညာသင်တွေကိုသင်ကြားစေခဲ့ပါတယ်။ ဒီလိုပညာရပ်တွေသင်ကြား ပေးတဲ့ရည်ရွယ်ချက်ကတော့ ရောမအထက်တန်းလွှာ အသိုင်းအဝိုင်းနဲ့ကျွန်ပိုင်ရှင်တွေကို အကောင်းဆုံးအရည်အသွေးတွေကိုထုတ်ပြနိုင်ဖို့ပါ။ Gladiator တွေဟာလူထောင်နဲ့ ချီပြီးကြည့်ရှုကြနိုင်ကြတဲ့တိုက်ခိုက်ရေးသတ်ကွင်းတွေထဲမှာ အချင်းချင်းသေဆုံးသွားတဲ့အထိ သတ်ဖြတ်ပြရတာပါ။
ဒီလိုစက်ဆုတ်စရာ ရောမအထက်တန်းလွှာအသိုင်းအဝိုင်း ကိုတော်လှန်ဖို့ စိတ်ဆန္ဒပြင်းပြနေတဲ့ စပါတာကတ်ဟာ Gladiatorဘဝနဲ့ လူသတ်ပွဲများစွာကို အနိုင်ရအောင်ဆင်နွှဲပြီး ပုန်ကန်မဲ့အခွင့်အရေးကိုစောင့်နေခဲ့ပါတယ်။ သူနဲ့ရည်ရွယ်ချက်တူတဲ့ Gladiator တွေဟာလည်းသူနဲ့အတူ ပူးပေါင်းပြီး ဒီစနစ်ကိုတော်လှန်ရန် သဘောတူညီခဲ့ပါတယ်။ သူတို့အားလုံးရဲ့ရည်ရွယ်ချက်ကတော့ ကျွန် အဖြစ်ကနေ လွတ်မြောတ်ပြီး အိမ်ကိုပြန်ရဖို့အတွက်ပါ။ ၇၃ ဘီစီမှာတော့ စပါတာကတ် ဦးဆောင်တဲ့ ကျွန်တွေဟာ Gladiator တိုက်ခိုက်ရေးသင်တန်းကျောင်းကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရရှိခဲ့ပြီး သစ္စာဖောက်တချို့ကြောင့် ကျွန်(၇၀)ဦးခန့်ပဲ လွတ်မြောတ်နိုင်ခဲ့ပါတယ်။
ရောမစစ်တပ်က လက်နက်နဲ့ချပ်ဝတ်တန်ဆာ အချို့ကို ခိုးယူလာနိုင်တဲ့ စပါတာကတ်ဦးဆောင်တဲ့ ကျွန်တွေဟာ ပွန်ပေမြို့အနီးမှာရှိတဲ့ Vesuvius မီးတောင်ကြီးပေါ်မှာစခန်းချပြီး စစ်တပ်ငယ်လေးတစ်ခုကို ဖွဲ့စည်းခဲ့ကြပါတယ်။ ရောမအာဏာပိုင်တွေဟာ ဒီကျွန်တွေရဲ့ပုန်ကန်မှုကို နှိမ်နင်းရန် စစ်သည်အင်အား (၃၀၀၀)ပါဝင်တဲ့စစ်တပ်ကို စစ်သူကြီး Claudius Glaberကိုဦးဆောင်စေပြီးတိုက်ခိုက် စေခဲ့ပါတယ်။ Glaberဟာ စပါတာကတ်ဦးဆောင်တဲ့ကျွန်တွေတပ်စွဲထားတဲ့ Vesuvius တောင်ကိုဝန်းရံပြီး ကျွန်တွေထွက်လာမဲ့အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။ သူ့အတွေး ကတော့ နောက်ဆုံးမှာ အစာရေစာငတ်ပြတ်မှုကြောင့် ကျွန်တွေထွက်လာမှာပဲလို့ယူဆ ခဲ့ပါတယ်။
ဒီအကြောင်းကိုကြိုတင်တွေးမိတဲ့ စပါတာကတ်ဟာမတူညီကွဲပြားတဲ့ စစ်ဗျူဟာတစ်ခုကို အသုံးပြုပြီး ရောမစစ်တပ်ကို ချေမှုန်းခဲ့ပါတယ်။ စပါတာကတ်ခေါင်းဆောင် တဲ့ Gladiator တွေဟာ Vesuvius တောင်ပေါ်မှာရှိတဲ့ စပျစ်နွယ်တွေကို ကြိုးအဖြစ်အသုံးပြုပြီး တောင်စောင်းတွေကခိုဆင်းကာ တိုက်ခိုက်ခဲ့ကြပါတယ်။ ရောမစစ်တပ်ရဲ့နောက်ကျောကို မထင်မှတ်ထားတဲ့နေရာတွေကနေ ရုတ်တရတ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာမို့ ရောမစစ်သည်များစွာကျဆုံးခဲ့ပြီး တပ်လုံးကျွတ် နီးပါး ကျွန်တွေရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။
ဒီသတင်းကိုကြားသိတဲ့ရောမ အာဏာပိုင်တွေဟာ နောက်ထပ် စစ်သည် (၆၀၀၀)ပါတဲ့ စစ်တပ်ကိုထပ်မံစေလွှတ်ပြီး တိုက်ခိုက်စေပြန်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း စပါတာကတ်ဦးဆောင်တဲ့ ကျွန်တွေ သာအောင်ပွဲခံနိုင်ခဲ့ကြတာမို့ ကျွန်တွေရဲ့တော်လှန်ရေးဟာ ရောမအင်ပါယာတစ်ခွင် ပျံ့နှံ့သွားခဲ့ပါတယ်။ အဲနောက်တော့ စပါတာကတ်ဦးဆောင်တဲ့ကျွန်တွေဟာ ရောမတပ်တွေ အပေါ်အကြိမ်ကြိမ်အောင်ပွဲခံနိုင်ပြီး များစွာသော ကျွန်တွေဟာလည်း စပါတာကတ်နဲ့ ပူးပေါင်းလာကြပါတယ်။ မကြာခင်မှာပဲ စပါတာကတ်လက်အောက်မှာ ကျွန်လူတန်းစား (၇၀၀၀၀)လောက်ရှိတဲ့ တပ်မတော်တစ်ခုဖြစ်လာခဲ့ပါတယ်။ Gladiator တွေဟာဝင် ရောက်လာတဲ့ကျွန်တွေကို စစ်မက်ပညာရပ်တွေသင်ကြားပေးပြီး ရောမနိုင်ငံကို ကို လုံးဝကျဆုံးသွားတဲ့အထိတိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ စပါတာကတ်ဦးဆောင်တဲ့ကျွန်တွေရဲ့ အဓိကအမှားဖြစ်ပြီး ခြေကုတ်နေရာတစ်ခုမထူထောင်ပဲ ရောမစစ်တပ်ကို လိုက်လံတိုက်ခိုက်နေတဲ့ အနေအထားဟာ ကာလကြာလာတဲ့အခါ စစ်ပန်းမှုဖြစ်လာရပါတယ်။ ဒါအပြင် လိုအပ်တဲ့ရိက္ခာကိုလည်း ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့ စီမံခန့်ခွဲမှုမျိုးမလုပ်ပဲ လိုက်လံတိုက်ခိုက်ပြီးရယူနေရတဲ့ အခြေနေကလည်း မလိုလားအပ်တဲ့ အင်အားပြုန်းတီးမှုတွေကိုဖြစ်စေပါတယ်။ စပါတာကတ်ရဲ့စစ်တပ်ဟာ အီတလီနိုင်ငံမြောက်ပိုင်းမှာစခန်းချပြီး လူသူလက်နက်စုဆောင်းမှုတွေကို ပြုလုပ်နေခဲ့ပါတယ်။ ဒီအချိန်မှာ ရောမအင်ပါယာတစ်ခုလုံး ပွတ်လောရိုက်နေခဲ့ပြီး ကျွန်တွေရဲ့တော်လှန်ရေးအပေါ် တော်ဝင်အသိုင်းအဝိုင်းထိ ကြောက်ရွံမှုတွေဖြစ်လာ ရပါတယ်။
နောက်ဆုံးမှာတော့ ရောမအင်ပါယာ အကောင်းဆုံးစစ်သည်တွေနဲ့ ဖွဲ့စည်း ထားတဲ့ ရှေတန်းစစ်မြေပြင်ရောက်တပ်တွေကို အသုံးပြုပြီး တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ စစ်သည်အင်အား (၅၀၀၀၀)ပါတဲ့ ယင်းစစ်တပ်ကို နာမည်ကျော်စစ်သူကြီး တွေဖြစ်တဲ့ Crassus နဲ့Pompey တို့ကိုဦးဆောင်စေကာ ကျွန်တွေကိုနှိမ်နင်းစေခဲ့ပါတယ် Crassus နဲ့Pompey တို့ ဦးဆောင်တဲ့ ရောမစစ်တပ်နဲ့ ကျွန်တော်လှန်သူတွေဟာ ယခုအီတလီနိုင်ငံမှာရှိတဲ့ Senerchia ဒေသမှာရှိတဲ့ Sele မြစ်ကမ်းဘေးမှာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြပါတယ်။
ဒီတစ်ခါမှာတော့စပါတာကတ်ဦးဆောင်တဲ့ ကျွန်တပ်မတော်ဟာ ရှုံးနိမ့်ခဲ့ရပြီး ဒီတိုက်ပွဲမှာစပါတာကတ် ကိုယ်တိုင်ကျဆုံးခဲ့ရပါတယ်။ ကျွန်တွေရဲ့ တော်လှန်ရေးဟာ အကြိမ်ကြိမ်အောင်မြင်မှုရခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် နောက်ဆုံးမှာတော့ ကျဆုံးခဲ့ရပါတော့တယ်။ ရောမတွေဟာ ဒီစစ်ပွဲမှာဖမ်းဆီးရမိတဲ့ ကျွန်သုံ့ပန်း (၆၀၀၀) လောက်ကို ကားစင်တင်ပြီးသတ်ဖြတ်ကာ ကျွန်တော်လှန်ရေးစတင်ခဲ့တဲ့ Capua အရပ်မှ ရောမအထိ Appian Way လမ်းတလျှောက်မှာ အတန်းလိုက် စီတန်းမှုတွေပြုလုပ်ကာစံပြဖြစ်စေခဲ့ပါတယ်။
စပါတာကတ်နဲ့ပတ်သတ်ပြီးသိမှတ်စရာအချို့ကတော့
(၁)စပါတာကတ်ဦးဆောင်တဲ့ကျွန်တွေရဲ့တော်လှန်ရေးကိုတော့ သမိုင်းပညာရှင်တွေ က Third Servile Warလို့အမည်ပေးခဲ့ကြပါတယ်။
(၂) ဒီတော်လှန်ရေးအစပြုခဲ့တဲ့ Gladiator တိုက်ခိုက်ရေးကျောင်းကိုတိုက်ခိုက်မှုမှာ စပါတာကတ်ဦးဆောင်တဲ့ Gladiator တွေဟာ မီးဖိုချောင်သုံးပစ္စည်းတွေကိုလက်နက် အဖြစ်အသုံးပြုပြီး လွတ်မြောတ်ခဲ့ကြတာပါ။ (Gladiatorတွေရဲ့လက်နက်တွေဟာ အခြား အချိန်တွေမှာ သိမ်းဆည်းခြင်းခံရပြီး ပြိုင်ပွဲဝင်ချိန်မှထုတ်ပေးတာပါ)
(၃) စပါတာကတ်ဟာကျဆုံးသွားတယ်လို့ဆိုကြပေမဲ့ စစ်မြေပြင်မှာ သူရဲ့ရုပ်အလောင်းကို ရောမတွေ ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့သူဟာ တိုက်ပွဲမှာ ကျဆုံးခဲ့တာဖြစ်ကြောင်းသမိုင်းပညာရှင်တွေက အခိုင်အမာဆိုကြပါတယ်။
(၄) စပါတာကတ်ဦးဆောင်တဲ့ကျွန်တော်လှန်ရေးကို အောင်မြင်စွာနှိမ်နင်းခဲ့တဲ့ ရောမ စစ်သူကြီးနှစ်ယောက်ဖြစ်တဲ့ Crassusနဲ့Pompeyတို့ဟာရောမအုပ်ချုပ်ရေးရဲ့အဓိက အရေးပါတဲ့ ကောင်စစ်ဝန်ရာထူး နေရာတွေမှာတောင် ရွေးချယ်ခြင်းခံခဲ့ရတာပါ။
(၅)၁၉၆၀ မှာတော့ စပါတာကတ်အကြောင်းကို အမေရိကန်ဒါရိုက်တာ၊ရုပ်ရှင်မင်း သား၊ထုတ်လုပ်သူ Kirk Douglasကရုပ်ရှင် အဖြစ်ဖန်တီးခဲ့ပြီး အော်စတာဆု(၄)ခု ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။