ယူကရိန်းနိုင်ငံတွင် လျှို့ဝှက်စွာ တည်ရှိနေသည့် ဧရာမ တင့်ကားသင်္ချိုင်းကြီး တစ်ခု၏ မှတ်တမ်းဓာတ်ပုံများကို ဆယ်ကျော်သက် ဓာတ်ပုံဆရာတစ်ဦးက ထုတ်ဖော်ပြသခဲ့သည်။ အသက်(၁၈)နှစ်ရှိ ပေဗယ်လ်အစ်ကင်သည် ကျယ်ပြန့်လှသည့် မြေနေရာတစ်ခုထဲတွင် ဖြန့်ကျက်ထားပြီး အစောင့်အကြပ် တင်းကျပ်စွာ ချထားသည့် တင့်ကားသင်္ချိုင်းထဲ ချဉ်းနင်းဝင်ရောက်ကာ ယင်းကဲ့သို့ ဆန်းကျယ်လှပသည့် ဓာတ်ပုံများကို ရိုက်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းအရှေ့ပိုင်း ဆလိုဘော့ဇ်ဟန်ချာနား ဒေသရှိ အဆိုပါ တင့်ကားသင်္ချိုင်းအကြောင်း သိရှိသူ အလွန်နည်းပါးခဲ့သည်။ ရုရှားတပ်များ ယူကရိန်းကို ထိုးဖောက်ဝင်ရောက်နေပြီး အရှုပ်အထွေးများ ဖြစ်ပေါ်နေသော ကာလတွင် အစ်ကင်က ထိုဓာတ်ပုံများကို မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။
တင့်ကားပျက် (၄၀၀)နှင့် တင့်ကားအင်ဂျင်ဟောင်းများကို ပြင်ဆင်မွမ်းမံခြင်း မရှိဘဲ ပစ်ထားသည့် ယင်းနေရာတွင် အစ်ကင်က (၂)နာရီကျော်ကြာအောင် လျှောက်သွားရင်း ဓာတ်ပုံများ ရိုက်ယူခဲ့ခြင်း ဖြစ်သည်။
တင့်ကားသင်္ချိုင်းသည် ရုရှားနယ်စပ်မှ မိုင်(၂၀)မျှသာ ကွာဝေးသော နေရာတွင် ရှိနေသည်။ ရုရှားနှင့် ပဋိပက္ခ အခြေအနေ မြင့်တက်လာပြီး နိုင်ငံတဝှမ်းမှ တပ်ဖွဲ့များကို တပ်လှန့်နှိုးဆော်နေချိန်တွင် ယူကရိန်း၌ အသုံးမပြုဘဲ စွန့်ပစ်ထားသည့် တင့်ကားများစွာ ရှိနေသည်ဆိုသေ အခြေအနေမှာ အံ့ဩစရာ အနေအထား ဖြစ်လာခဲ့သည်။
အစ်ကင်သည် ဆိုဗီယက်ခေတ် တင့်ကားဟောင်းများ ထားရှိသည့် နေရာသို့ သူငယ်ချင်း တစ်ဦးနှင့်အတူ ဝင်ရောက်ခဲ့သည်။ တစ်ချိန်က တင့်ကားပြင် စက်ရုံတစ်ခုအဖြစ် အသုံးပြုခဲ့သော နေရာသည် (၁၉၉၁)ခုနှစ်က ဆိုဗီယက် ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း အသုံးမပြုတော့ဘဲ ထားရှိခဲ့သည်။ T-64၊ T-72နှင့် T-80 အမျိုးအစား တင့်ကားများကို အဆိုပါ နေရာတွင် ထားရှိသည်။
T-64သည် (၁၉၆၀)ပြည့်လွန်နှစ်များက စတင်အသုံးပြုပြီး ဆိုဗီယက်ယူနီယံ၏ အဓိက တင့်ကားအမျိုးအစားအဖြစ် ရပ်တည်ခဲ့သည်။ T-72နှင့် T-80များကို (၁၉၇၆)ခုနှစ်က စတင်၍ စစ်ရေးအတွက် အသုံးပြုခဲ့သည်။ ယင်းအမျိုးအစား တင့်ကားများကို ယူကရိန်းစစ်တပ်တွင် ယနေ့တိုင် အသုံးပြုနေဆဲ ဖြစ်သော်လည်း ထိုကဲ့သို့ တင့်ကားပျက်များကို မပြင်မဆင် စွန့်ပစ်ထားခြင်းမှာမူ မေးခွန်းထုတ်စရာ အခြေအနေမျိုး ဖြစ်လာသည်။
ရုရှား၊ ဘီလားရုစ်၊ ဆိုက်ပရပ်စ်၊ ကာဇက်စတန်၊ ပါကစ္စတန်နှင့် တောင်ကိုရီးယားတို့တွင်လည်း အလားတူ တင့်ကားများကို သုံးစွဲနေဆဲ ဖြစ်သည်။ အစ်ကင်က “အဲဒီဧရိယာကို အစောင့်တွေ ချထားတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ သူငယ်ချင်းနဲ့က သူတို့မသိအောင် ခိုးဝင်ခဲ့တာပါ။ ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ (၂)နာရီလောက် လျှောက်သွားရင်း ဓာတ်ပုံတွေ ရိုက်နိုင်ခဲ့တယ်။ အစင်းရေ (၄၀၀)လောက်ရှိပါတယ်။