ပန်းပုဆရာ နဲ့ ကျောက်တုံးနှစ်တုံး

Posted on

တစ်ခါက ပန်းပုဆရာ(ကျောက်ဆစ်ရုပ်ထုဆရာ)တစ်ယောက်ကို ရွာသားတွေက ကျောက်ရုပ်တု တစ်ခု ထုပေးဖို့ လာအပ်ကြတယ်။ ဒါနဲ့ ပန်းပုဆရာဟာ တောထဲကကျောက်တွေပေါတဲ့နေရာကိုသွားပြီး အသင့်တော်ဆုံးကျောက်တုံးနှစ်တုံးကို ရှာပြီး ပြန်လာခဲ့တယ်။

အိမ်ပြန်ရောက်တော့ ပန်းပုဆရာဟာ ကျောက်တုံးတစ်တုံးကို ရုပ်ထု ထုဖို့စတင်တယ်။ ကျောက်တုံးပေါ်ကို ဆောက် နဲ့ရွယ်ပြီး တစ်ချက် နှစ်ချက်ပဲ ထုရသေးတယ်။ ကျောက်တုံးဆီကနေ ကျယ်လောင်တဲ့ ငိုတဲ့အသံထွက်လာတယ်။ ပန်းပုဆရာ လန့်သွားတယ် ။ ဘာလုပ်ရမှန်းမသိတာနဲ့ ပန်းပုထုတာကို ခဏရပ်လိုက်တယ်။ ပြီးတော့ ကျောက်တုံးကိုမေးလိုက်တယ်။
“ဘာလို့ငိုရတာလဲကွ”

“ခင်ဗျား ကျွန်တော့်ကို တူနဲ့ထုရိုက်နေတယ်လေ ၊ အရမ်းနာလို့ငိုတာပါ”

“မင်းကို ငါက လှပတဲ့ ရုပ်တုတစ်ခုအဖြစ်ပြောင်းပေးမလို့လေ ၊ နည်းနည်းတော့ အနာခံရမှာပေါ့ကွာ ၊ အချိန်တစ်ခုအောင့်ခံပြီးတာနဲ့ မင်းရဲ့ဘဝလှပသွားမှာပါ”

“ဟင်အင်း မလှရင်နေပါစေ ၊ အနာတော့မခံပါရစေနဲ့ ၊ နောက်ကျောက်တုံးကိုပဲ ရုပ်တု ထုလိုက်ပါ ၊ ကျွန်တော့ကို မထုပါနဲ့”

ဒါနဲ့ ပန်းပုဆရာက နောက် ကျောက်တုံးကိုပဲ ထုဖို့ပြင်တော့တယ် ။ မထုခင် ပထမ ကျောက်တုံးလို ဖြစ်မှာစိုးလို့ အရင်မေးတယ်
“မင်းရော ဘယ်လိုလဲ အထုအနှက်ခံနိုင်မှာလား”

“ရတယ် ၊ ထုချင်သလောက်ထု ၊ ရိုက်ချင်သလောက်ရိုက် ၊ လှပတဲ့ရုပ်တုဖြစ်လာဖို့ဆိုရင် ဘယ်လောက်နာနာ အနာခံပါ့မယ်” လို့ ဒုတိယ ကျောက်တုံးက ပြောတယ်။

“အိုကေ ၊ ဒါဆိုလုပ်ငန်းစလို့ရပြီ”
ပန်းပုဆရာက ပျော်ရွှင်မှု အပြည့်နဲ့ ပန်းပုထုတဲ့ လုပ်ငန်းကို စတယ်။ ဆောက်နဲ့ စထုရိုက်လိုက်တာနဲ့ ကျောက်တုံးခဗျာ နာကျင်မှုကို စခံစားရတယ် ၊ ဒါပေမယ့် သူ တင်းခံထားတယ် ၊ ထုတာရိုက်တာကြာလာတာနဲ့ အမျှ ပိုမိုပြင်းထန်တဲ့ နာကျင်မှုတွေကို ခံစားရတယ် ၊ ဘာပဲဖြစ်ဖြစ် အနာခံမယ်ဆိုပြီး ဝေဒနာကို အံကြိတ်ခံလိုက်တယ် ၊ နောက်ဆုံးတော့ ရုပ်တုက ထုတာပြီးသွားတယ် ၊ ကျောက်တုံးဟာ လှပတဲ့ ရုပ်တုတစ်ခု ဖြစ်သွားတယ်။

ရွာသားတွေဟာ ရုပ်တု နဲ့ ကျောက်တုံး နှစ်ခုလုံးကို ဘုရားကျောင်းကို သယ်သွားတယ် ။ ရုပ်တုကို စင်ပေါ်တင်ပြီး အမွှေးနံသာ ပန်းတွေနဲ့ တရိုတသေထားလိုက်တယ် ၊ ကျောက်တုံးကိုတော့ အုန်းသီးခွဲတဲ့နေရာမှာ ခံတဲ့တုံးအဖြစ်ထားလိုက်ကြတယ်။

တစ်နေ့မှာတော့ ကျောက်တုံးဟာ အလွန်စိတ်ဆိုးပြီး ရုပ်တုကိုပြောတယ် ။
“ငါတို့နှစ်ယောက်လုံး တောထဲက အတူတူလာခဲ့တဲ့သူတွေပါ ၊ အခုတော့ကွာခြားသွားလိုက်တာ မင်းကျတော့ ပန်းတွေ ၊ အမွှေးတိုင်တွေ ကပ်လို့ အရိုအသေပြုနေလိုက်ကြတာများ ..ငါ့ကျတော့….”

ရုပ်တုက ပြန်ပြောတယ်။
” ကျောက်တုံးကနေ ရုပ်တုဖြစ်လာဖို့အတွက် ရုပ်တုထုစဉ်မှာ ပြောမပြတတ်အောင်နာကျင်တဲ့ ဒါဏ်တွေကို ငါခံစားခဲ့ရတယ်လေ ၊ မင်းကတော့ နာကျင်တာကို မခံစားချင်လို့ ငြင်းခဲ့တယ်လေ ၊ ဒီတော့ ရိုးရိုးကျောက်တုံးတစ်တုံး အဖြစ်ပဲ နေပေါ့ကွာ”

———————————–

ဒီလိုပါပဲ အောင်မြင်တဲ့ဘဝတစ်ခုကို ရလာဖို့အတွက် နာကျင်မှု ၊ အခက်အခဲ ၊ အကျပ်အတည်းပေါင်းများစွာကို ရင်ဆိုင်ဖြတ်သန်းရမှာ အသေအချာပါ ။ ဒီလိုကြုံလာတဲ့အခက်အခဲတွေတိုင်းကို ရင်ဆိုင်ပြီး ကျော်လွှားပြီး အောင်မြင်မှုကို ရယူမလား ။ ဒါမှမဟုတ် လက်မခံပဲ သာမန်ဘဝလေးအတိုင်းပဲ ရှင်သန်မလား ဆိုတာတော့ ကိုယ်တိုင်ရွေးချယ်ရမှာပါ။

ကဲ မိတ်ဆွေရော ဘယ်ဘဝကို ရွေးချယ်မှာလဲ …:)