လင်းယုန်ဖြူ ဟာ အမေရိကရဲ့သင်္ကေတဖြစ်ပြီး လှပသန်စွမ်းကာ အကြောက်အလန့်ကင်းတဲ့ လင်းယုန်ငှက်တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒီအကောင်တွေကို တကယ့်အချောင်သမားတွေလို့လည်း ခေါ်နိုင်ပါတယ်။ အကြောင်းကတော့ အစာရှာရာမှာ ကိုယ်တိုင်ရှာတာထက် သူများရဲ့အစာကို အလစ်သုတ်တာက များလို့ဖြစ်ပါတယ်။ ဒီအကောင်တွေဟာ သူတို့အစာကို ဆုံးရှုံးသွားမှာ မနှစ်သက်ကြသလို ၊ ဒီလိုအလစ်သုတ်ရာမှာလည်း သေချာမယ့်အခြေအနေမှ လုပ်ဆောင်တတ်ကြတာပါ။
“ပြီးခဲ့တဲ့ နှစ်ရက်လောက်တုန်းက အံသြဖွယ်မြင်ကွင်းတစ်ခုကို ကျွန်တော်အမှတ်မထင် ရိုက်ယူမိခဲ့ပါတယ်။ ဒီလိုမြင်ကွင်းမျိုးဟာ အလွန်မြင်ဖို့ခက်ပါတယ်။” လို့ ဒီဗီဒီယို နဲ့ ပုံရိပ်တွေကို ရိုက်ခဲ့သူ Kevin Ebi က ဆိုပါတယ်။
သူမြင်ရတဲ့ မြင်ကွင်းမှာတော့ မြေခွေးငယ်(red fox ) တစ်ကောင်ဟာ သူ့အစာဖြစ်တဲ့ယုန်ကို ချီပြီးလမ်းလျှောက်လာပါတယ်။ ဒီအချိန်မှာပဲ မြေခွေးဟာ တစုံတရာအန္တရာယ်ကြောင့် ကောင်းကင်ကိုလှမ်းကြည့်လိုက်ပါတယ်။ ပထမသူပြေးဖို့ကြိုးစားတယ်။ ပြေးလို့မလွတ်မှန်းရိပ်မိတဲ့အခါ သူ့ရဲ့ အန္တရာယ်ကို ရှောင်တိမ်းဖို့ကြိုးစားလှဲချလိုက်ပေမယ့် တကယ်တမ်းတော့ လွတ်အောင် မရှောင်နိုင်ခဲ့ပါဘူး။ အလစ်ချောင်းနေတဲ့ လင်းယုန်ငှက်ဟာ သူ့လက်ထဲက အစာကို စက္ကန့်ပိုင်းမကြာတဲ့အချိန်တွင်းမှာပဲ ချီသွားနိုင်ခဲ့ပါတယ်။
ပုံမှန်ဆိုရင် လင်းယုန်ငှက်က အစာကိုရသွားပြီး မြေခွေးက ကျန်ခဲ့ရမှာဖြစ်ပေမယ့် ဒီ မြေခွေးငယ်ကတော့ သတ္တိရှိပုံရပါတယ်။ သူ့လက်ထဲက ယုန်ကို မလွတ်တမ်းဆုတ်ကိုင်ထားတဲ့အတွက် လင်းယုန်ငှက် က ယုန်ကိုချီလိုက်တဲ့အခါမှာ ယုန်တင်မက မြေခွေးပါ လင်းယုန်ငှက် နောက်ကို ပါသွားပါတယ်။ လေပေါ်ပါသွားမှန်း သိပေမယ့် မြေခွေးဟာ ယုန်ကို လွှတ်မပေးလိုက်ပါဘူး။ လေပေါ်ပါသွားတာ အကွာအဝး ပေ ၂၀ကျော် အထိရောက်သွားပါတယ်။
လေပေါ်မှာ မြေခွေးငယ် နဲ့ လင်းယုန်ငှက်ဟာ ယုန်ကို အပြိုင်အဆိုင်ဆွဲကြရာမှာ ၈စက္ကန့်လောက်ကြာတဲ့အထိပါပဲ။ နောက်ဆုံးမှာတော့ နိုင်ဖို့မဖြစ်နိုင်တော့မှန်း သိသွားတဲ့ မြေခွေးငယ်ဟာ သူ့ထက်အင်အား အဆမတန်ကြီးမားတဲ့ လင်းယုန်ငှက်ကို အရှုံးပေးလိုက်ရပြီး ယုန်ကိုလွှတ်ပေးလိုက်ရပါတယ်။ ပြုတ်ကျလာတဲ့ မြေခွေးငယ်ဟာ ထိခိုက်ဒါဏ်ရာတော့ ရပုံမပေါ်ပဲ ထွက်သွားပါတယ်။
“ကျွန်တော့်အတွက်တော့ အရမ်းအံသြစရာကောင်းတဲ့ မြင်ကွင်းပါပဲ။ ကံကောင်းတာကတော့ ဒီပုံတွေကို ကျွန်တော်အမိအရ ရိုက်ယူလိုက်နိုင်တာပါ။ မြေခွေးငယ်က သတ္တိရှိပေမယ့် အရွယ်ငယ်လွန်းလို့အခုလို အရှုံးပေးလိုက်ရတာပါ။ တကယ်လို့များ မြေခွေးအကောင်ကြီးမယ်ဆိုရင် လင်းယုန်ငှက်ဟာ သူများအစာကို အခုလို လွယ်လွယ်ကူကူ ခိုးသွားနိုင်မယ်လို့ မထင်ပါဘူး။ ဒီလင်းယုန်ငှက်တွေဟာ တကယ့်အလစ်သမားတွေပါ။ သူတို့ဟာ ကျီးကန်းတွေ ၊ အခြားငှက်တွေ ၊ တိရစ္ဆာန်ငယ်တွေ နဲ့ နောက်ဆုံး သူတို့အချင်းချင်းဆီကတောင် ပြန်ပြီးအလစ်သုတ်တတ်တာကို ကျွန်တော်မကြာခဏမြင်ဖူးပါတယ်” လို့ Kevin က ဆိုပါတယ်။
ကျွန်တော် တောရိုင်းသဘာ၀ နဲ့ တိရစ္ဆာန်တွေကို သီးသန့်ရိုက်ကူးတဲ့ ဓာတ်ပုံဆရာအဖြစ် လုပ်လာခဲ့တ အနှစ် ၂၀ကျေ်ာပါပြီ။ ဒါပေမယ့် အခုလို အပြန်အလှန်တိုက်ခိုက်တဲ့ မြင်ကွင်းကတော့ ဒါပထမဆုံး မြင်ဖူးတာပါ။ မိတ်ဆွေတို့အတွက် မြင်ရဖို့ ခက်ခဲတဲ့ ဒီပုံတွေကို ရိုက်လာနိုင်တဲ့အတွက်တော့ ကျွန်တော်ဝမ်းသာပါတယ်။ ဒီပုံရိပ်တွေ နဲ့ ဗီဒီယို ကိုကြည့်ပြီး လင်းယုန်ငှက် ၊ မြေခွေး နဲ့ ယုန်ကြားက ဇာတ်လမ်းတစ်ပုဒ်ကိုမြင်မိကြမှာပါ။ ပုံလေးတွေကိုကြည့်ပြီး မိတ်ဆွေရဲ့ အမြင်ကိုလည်းပြောခဲ့ပါဦး။
LivingWilderness ဝဘ်ဆိုဒ်က ဓာတ်ပုံဆရာ Kevin Ebi က ဒီပုံတွေကို ရိုက်ယူခဲ့တာပါ။

VIDEO
Image credits: Kevin Ebi