မူရင်းရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)
ဗိဿနိုးဟု ဆိုလျှင် မြန်မာလူမျိုး အများစုက ရာဇဝင်တွင် လူကြိုက်များခဲ့သည့် ဒွတ္တဘောင်မင်းကြီးနှင့်ပန်ထွာဘုရင်မ ဇာတ်လမ်းကို တွေးတောမိကြသည်။ပန်ထွာဘုရင်မ ဇာတ်လမ်းကြောင့် လူအများစိတ်ဝင်စားကြသည့် ဗိဿနိုးသည် စင်စစ်အားဖြင့် ပျူယဉ်ကျေးမှု ထွန်းကားခဲ့သော ရှေးဟောင်းနယ်မြေတစ်ခု ဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ်တွင် တည်ရှိသည်။ မြန်မာ့စာပေ သမိုင်းတွင် တောင်တွင်းကြီးသည် ပေလေးပင်၊ရှင်လေးပါးကြောင့် ကျော်ကြားခဲ့သကဲ့သို့ ဗိဿနိုး သည်လည်း ပန်ထွာမင်းသမီး၊ ရန်ပယ်ချောင်းနှင့် စည်တော်ကြီးတို့ကြောင့် အလွန်ထင်ရှားခဲ့ပေသည်။
ဗိဿနိုးသည် ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့နယ်ရှိ သရေခေတ္တရာမြို့ဟောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မြို့နယ်ရှိ ဟန်လင်းမြို့ဟောင်းများကဲ့သို့ပင် ပျူ ယဉ်ကျေးမှု အထောက်အထားများ များစွာ ကြွင်းကျန်နေသည့် သမိုင်းဝင်ရှေးဟောင်းနယ်မြေ တစ်ခုဖြစ်သည်။
ရာဇဝင်ထဲမှ ဗိဿနိုး
ရှေးအခါက အလိုရှိရာ တောင့်တ၍ ဆုတောင်းပန်ထွာ ပတ္တနာပြုခဲ့သော ပန်ထွာမင်းသမီး၊ ဗိဿနိုးနတ်မင်း ဖန်ဆင်းပေး သော ဗိဿနိုးမြို့၊ တီးခတ်လိုက်လျှင် ရန်သူများမြို့တွင်းသို့မဝင်နိုင်ရန် ချောင်းရေများကို တက်လာစေသည့်အတုလစည်တော်၊ စည်တော်ကြီးတီးလိုက်တိုင်း ရေလုံးကြီးများ အရှိန်ပြင်းစွာစီးကျလာသော ရန်ပယ်ချောင်းတို့သည် မြန်မာလူမျိုးများ နှစ်ခြိုက်ခဲ့သည့် ဗိဿနိုး ဇာတ်လမ်းဖြစ်ပေသည်။
အခွန်ပဏ္ဏာတောင်းရန် ပန်ထွာပြည်သို့ တိုင်းခန်းလှည့်လည်ရောက်ရှိလာခဲ့သည့် ဒွတ္တဘောင်မင်းကြီးကို မသန့်သော အဝတ် ပဝါဆက်ခဲ့သည့် ပန်ထွာဘုရင်မ၊ မသန့်သော အဝတ်ဖြင့် မျက်နှာသုတ်ခဲ့သဖြင့် မှည့်ရှင် ကွယ်ခဲ့ရသော ဒွတ္တဘောင်မင်းကြီး အကြောင်းများကို မဟာရာဇဝင်ကြီးတွင် သာမာန် ဖော်ပြထားသည်။
မင်းတုန်းမင်းလက်ထက်၊ နေမျိုးမင်းလှ သီရိသင်္ခယာဘွဲ့ခံ မြေ လတ်စစ်ကဲကြီးပြုစုသော တောင်တွင်းကြီးသမိုင်းတွင် မဟာသမ္ဘဝနှင့်စန္ဒမုခိ ဘီလူးမတို့ စုံဖက်ဖွားမြင်ခဲ့သော မိန်းကလေးကို ရသေ့ ကြီးတစ်ပါးကမွေးစားခဲ့ပုံ၊ ထိုမိန်းကလေး ကြီးပြင်းလာချိန်တွင် ရှေးအတိတ်ဘဝက ပေရွက်လှူကာ ဆုတောင်းပန်ထွာပြုခဲ့ခြင်း ကို သိရှိသော သိကြားမင်းက မိန်းကလေးနှင့် မောင်နှမတော်စပ်ခဲ့ဖူးသော ဗိဿနိုးနတ်မင်းအား စောင့်ရှောက်ခိုင်းခဲ့ပုံ၊ ဗိဿနိုး နတ်မင်း က မြို့ပြ ထီးနန်းများ ဖန်ဆင်းပေးခဲ့ပုံ၊ သရေခေတ္တရာကို အုပ်စိုးသော ဒွတ္တဘောင်မင်းက ပန်ထွာပြည်ကို လုပ်ကြံရာတွင်ပန်ထွာ မင်းသမီးက သိကြားမင်းပေးသော စည်ကိုတီးခတ်သဖြင့် ရန်ပယ်ချောင်းအတွင်းရေများ အလုံးအရင်းဖြင့် တက်လာကာစစ်သည်များ ဆုတ်ခွာထွက်ပြေးရပုံ၊ ဒွတ္တဘောင်မင်းက ထိုစည်ကြီးကို ဥပါယ်တမည်ဖြင့် ဖျက်ဆီးကာ ပန်ထွာပြည်ကို နောက်တစ် ကြိမ်စစ် ထိုးပုံ၊ ဒွတ္တဘောင်မင်းကြီး စစ်အောင်သဖြင့် ပန်ထွာဘုရင်မကို ခေါ်ဆောင်သွားပုံတို့ကို ရေးသားခဲ့ရာလူအများက စိတ်ဝင်စား စွဲမက်ခဲ့ ကြသည်။
ပျူ ရှေးဟောင်းမြို့ ဗိဿနိုး
ဒဏ္ဍာရီများနှင့် ရောနေသည့် ရှေးဟောင်း ဗိဿနိုးမြို့သည် ၂၀၁၄ ခုနှစ်တွင်ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ် လာခဲ့သည်။ ဗိဿနိုးသည် တောင်တွင်းကြီးမြို့၏ အနောက်ဘက် ၁၂ မိုင်အကွာရှိ ကုက္ကိုခွကျေးရွာ၏ မြောက်ဘက် ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၄၅၀ ၌ တည်ရှိနေသည်။ မြို့ဟောင်းသည် လေးထောင့် မကျတကျ ပုံသဏ္ဍာန်ရှိပြီး အနောက်ဘက်သို့အနည်းငယ် စောင်း နေသည်။ မြို့၏ တောင်ဘက်တွင် ရန်ပယ်ချောင်းသည် အရှေ့မှ အနောက်သို့ စီးဆင်းနေကာ အုတ်မြို့ရိုး နှင့် ရေကျုံး ပတ်လည်ဝန်းရံ ထားသည့် ဗိဿနိုး မြို့ဟောင်းသည် ဧရိယာ ၃ ဒသမ ၃ စတုရန်းမိုင်ကျယ်ဝန်းသည်။
ဗိဿနိုးမြို့ဟောင်း၏ အနောက်မြောက်တွင်အင်းကြီးရွာတည်ရှိနေပြီး အရှေ့မြောက်နှစ်မိုင်အကွာ၊ မြို့ရိုး အပြင်တွင် ရွှေရောင်တော်စေတီကိုဖူးတွေ့နိုင် သည်။ ပျူခေတ် လက်ရာရွှေရောင် တော်စေတီသည် ခေတ်အဆက်ဆက်ပြုပြင်မွမ်းမံ ခဲ့မှုများကြောင့် မူလလက်ရာများ ပျောက်ကွယ် ခဲ့ပြီ ဖြစ်သည်။
ဗိဿနိုးမြို့ဟောင်းဝန်းကျင်ဖြစ်သည့် ယင်းချောင်းလွင်ပြင်သည် ဧရိယာ ၂၂၉၄ စတုရန်းကီလိုမီတာကျယ်ဝန်းသည်။ မြို့ ဟောင်း၏ မြောက်ဘက်ရှိ ဆဒုံချောင်း၊ တောင်ဘက်မှ ရန်ပယ်ချောင်းနှင့် အနောက်ဘက်မှ ယင်းချောင်းနှင့်တောင်ဦးချောင်းတို့သည် ယင်းချောင်းလွင်ပြင်နေရာတွင်ပေါင်းဆုံကြသည်။ ယင်းလွင်ပြင်တွင် ဗိဿနိုးမြို့ကို တည်ထားပြီး တစ်ဖက်လျှင် နှစ်မိုင်စီ ရှည်လျား သည့် မြို့ရိုးသည် အရှေ့ဘက်၊တောင်ဘက်နှင့် မြောက်ဘက်၌သာ ရှိပြီး အနောက်ဘက်တွင်အင်းကြီးကန်ရှိသဖြင့် မြို့ရိုးပြုလုပ်ထား ခြင်း မရှိချေ။
ဗိဿနိုးမြို့ဟောင်းတောင်ဘက်ရှိ ကုန်းငယ်နှစ်ခုကို ရှေးဟောင်းသုတေသန ဌာနမှ ကျောက်စာဝန် မစ္စတာတော်စိန်ခို က ၁၉၀၅ ခုနှစ်တွင် ပထမဆုံး တူးဖော်သုတေသနပြုခဲ့သည်။ ထိုစဉ်က ဗြိတိသျှအစိုးရ၏ ဧည့်သည် အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ သော ပြင်သစ်ဗိုလ်ချုပ်လီယွန်ဒီဗဲယေ(Leon de Beylie) သည် သရေခေတ္တရာကိုတူးဖော်နေစဉ် ၁၉၀၇ ခုနှစ်တွင် ဗိဿနိုး သို့သွား ရောက် လေ့လာ ခဲ့သည်။
မြန်မာနိုင်ငံ၊ရှေးဟောင်းသုတေသနဌာနက ၁၉၅၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ဗိဿနိုးမြို့ဟောင်းတွင် ကုန်းပေါင်း ၂၅ ကုန်း တူးဖော်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ကုန်းပေါင်း ၆၇ ကုန်း တူးဖော် သုတေသနပြုခဲ့သည်။ဗိဿနိုးမြို့ဟောင်းကို စတင် တူးဖော်ခဲ့စဉ်က ကုက္ကိုခွရွာကို အစွဲပြု၍ တူးဖော်မှုကုန်းများကို KKG ဟု အမည်ပေးကာ အမှတ်စဉ်များတပ်ခဲ့သော်လည်း ၁၉၉၅ ခုနှစ်မှ စ၍ ဗိဿနိုးမြို့ဟောင်းအမည်ကိုယူကာ ကုန်းအမှတ်များကို BTO ဟု ပြောင်းလဲ သုံးစွဲခဲ့သည်။
ဗိဿနိုးတူးဖော်တွေ့ရှိမှုများအရ အုတ်ကုန်းများကို မြို့ရိုးနှင့်အရံအတား၊မြို့ဝင်ပေါက်၊လူနေအဆောက်အအုံနှင့်ဘာသာ ရေး (သို့မဟုတ်) ဓလေ့ထုံးတမ်းဆိုင်ရာ အဆောက်အအုံများနှင့်အထွေထွေဟု ခွဲခြားသတ်မှတ်ရာ မြို့ရိုးအရံအတား ၁၄ ခု၊ မြို့ဝင် ပေါက် ခြောက်ခု၊ လူနေအဆောက်အအုံ ၁၀ ခု၊ ထုံးတမ်းစဉ်လာနေရာ ၃၀ ခု နှင့် အထွေထွေ အုတ်ကုန်း ခုနစ်ခု တို့ကို မှတ်တမ်းပြု နိုင်ခဲ့သည်။ ဗိဿနိုးမြို့ဟောင်းတူးဖော်မှုများမှ အုတ်များ၊ ပျူ ဒင်္ဂါးများ၊ အိုးများ၊ မြေမီးဖုတ်တံဆိပ်တုံးများအပါအဝင် ပျူယဉ်ကျေး မှု အထောက်အထားပစ္စည်းများကို တွေ့ရှိခဲ့သည်။
ယဉ်ကျေးမှုဖြစ်စဉ်များအရ မြန်မာနိုင်ငံသည်လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀၀၀ မှ နှစ် ၄၀၀၀ အတွင်း ကျောက်ခေတ်ဟောင်း၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်သစ် ကာလများကိုလည်းကောင်း၊ နှစ် ၄၀၀၀ မှ နှစ် ၃၀၀၀ အတွင်း ကြေးခေတ် ကာလ ကို လည်းကောင်း၊ နှစ် ၃၀၀၀ မှ နှစ် ၁၅၀၀ အတွင်းသံခေတ် ကာလကိုလည်းကောင်းဖြတ်သန်းခဲ့သည်။ ပညာရှင်များက အေဒီ နှစ် ရာစုမှ ကိုးရာစု ကာလကို ပျူခေတ်ထွန်းကားခဲ့ချိန်ဟု ယူဆခဲ့ကြရာ မြန်မာနိုင်ငံအတွင်းထင်ရှားသော ပျူမြို့ပြများတွင် ဗိဿနိုးသည် တစ်ခု အပါအဝင် ဖြစ်ခဲ့ သည်။
ဗိဿနိုးတူးဖော်မှု ကုန်းအမှတ် (၉) ၏အစောဆုံးမြေလွှာနှင့် အထက်မြေလွှာမှရရှိသော မီးသွေးစများကိုလည်းကောင်း၊ ကုန်း အမှတ် (၁၁) မြေလွှာနှစ်ခုမှ မီးသွေးစများကိုလည်းကောင်း ရေဒီယိုကာဗွန်စမ်းသပ်နည်း(C 14) ဖြင့် သက်တမ်းတွက်ချက်ခဲ့ ရာခရစ်နှစ် တစ် ရာစုနှင့် နှစ် ရာစုအတွင်းဟု အဖြေထွက်ခဲ့ပြီး ကုန်းအမှတ် (၁၁) နှင့် ကုန်းအမှတ် (၃၂) မှ တွေ့ရှိခဲ့ သော မီးသွေးခဲ များသည် ခရစ်နှစ် နှစ် ရာစုအတွင်းက မီးသွေးခဲများဟု အဖြေရရှိခြင်းများကို ထောက်ခြင်းဖြင့် ဗိဿနိုး ထွန်းကားခဲ့ သော ကာလမှာ ခရစ်နှစ် တစ် ရာစု မှ နောက်အကျဆုံး လေးရာစု၊ ငါးရာစု ဖြစ်သည်ဟု မှတ်ယူကသင့်လျော်မည်ဖြစ်ကြောင်း ဗိဿနိုး မြို့ဟောင်း ကို တူးဖော်ခဲ့သူ ရှေးဟောင်းသုတေသနဌာန၊ ညွှန်ကြားရေးဝန် ဦးအောင်သော်က ရေးသားခဲ့သည်။
ဗိဿနိုးတူးဖော်မှုကုန်း အမှတ် (၂) မှ တွေ့ ရှိ ခဲ့သည့် မြေမီးဖုတ် တံဆိပ်တုံးတွင် ဗြဟ္မီ အက္ခရာဖြင့် “သံဃာ့သီရီ” ဟုရေး သားထားခြင်းကို ခရစ်နှစ် နှစ် ရာစု လက်ရေး ဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းခဲ့ကြသည်။
ဗိဿနိုးမြို့၏သက်တမ်းကို ရာဇဝင်ကျမ်းများတွင် သာသနာသက္ကရာဇ် ၁၀၁ ခုနှစ် (ခရစ်တော်မပေါ်မီ ၄၄၃ ခုနှစ်) ဟုရေး သားကြသော်လည်း သိပ္ပံနည်းကျ စစ်ဆေးခဲ့ချိန်တွင် လွန်ခဲ့သော နှစ် ၁၉၅၀ ခန့်က ဟု အဖြေထွက်ခဲ့သဖြင့် ယခုအချိန်တွင် ဗိဿနိုး သည် သက်တမ်းနှစ် ၂၀၀၀ ကျော်ခဲ့ပြီဖြစ်ပေသည်။
ဗိဿနိုးယဉ်ကျေးမှု
ဗိဿနိုးမြိုကို မတည်ထောင်မီကပင် ပျူလူမျိုးများသည် ယင်းနေရာတွင် မှီတင်းနေထိုင်ခဲ့ဟန်ရှိကြောင်း ရှေးဟောင်းသုတေ သနဌာန ညွှန်ကြားရေးဝန် ဦးအောင်သော်က သုံးသပ်ခဲ့သည်။
ပျူတို့သည် ခရစ်နှစ် တစ်ရာစုတွင် မြို့ပြ တည်ထောင်၍အခြေချနေထိုင်ခဲ့ကြပြီးအုတ်အဆောက်အအုံများကိုတည်ဆောက် နိုင်ခဲ့ကြသည်။အုတ်များကို မြေနီသရွတ်ဖြင့်စီကာ ထုထည်ကြီးမားသောနံရံများကိုပြုလုပ်နိုင်ခဲ့သည်။ လက်မှုအနုပညာ အဖြစ် ရက် ကန်းရက်လုပ်ခြင်း၊ပုတီး၊လက်ကောက်အဆင်တန်ဆာများပြုလုပ်ခြင်း၊လက်ရာမြောက်သည့် အိုးထိန်းလုပ်ငန်းများ ဆောင်ရွက်နိုင် ခဲ့ခြင်းတို့ကို ဗိဿနိုးတွင်တွေ့ရှိရသည့် ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများက သက်သေပြလျက်ရှိသည်။ဗိဿနိုး၏ ထူးခြားသော ဓလေ့ သည် အရိုးအိုးမြှုပ်နှံခြင်းထုံးတမ်းဖြစ်ကာ ဗိဿနိုးတူးဖော်မှုများမှ အရိုးအိုးများကို အများအပြား ရရှိခဲ့သည်။
ဗိဿနိုးသည် သရေခေတ္တရာနှင့်ခေတ်ပြိုင်ဖြစ်ခဲ့ပြီး အေဒီ လေးရာစုနှင့်ငါးရာစုကြားတွင်ပျက်စီးခဲ့သည်။ အဆောက်အအုံများ နှင့် မြို့တံခါးများသည် မီးလောင်ကျွမ်းပျက်စီးခဲ့ဟန်ရှိသည်။ ဗိဿနိုးသည် ပထမအကြိမ်ပျက်စီးပြီးနောက် အဆောက်အအုံများကို ပြန်လည်တည်ဆောက်ခဲ့ပြီး ဒုတိယအကြိမ်တွင် လုံး၀ ဆိပ်သုဉ်းသွားခဲ့သည်။
ဗိဿနိုးပျက်စီးပြီးသည့်တိုင် အနီးဝန်းကျင်တွင် လူ များ ဆက်လက်နေထိုင်ခဲ့သေးကြောင်း ကုန်းအမှတ် (KKG 21) က သက်သေပြနေသည်။ ယင်းကုန်းကို ၁၉၆၃ ခုနှစ်တွင် တူးဖော်ခဲ့ရာ တွင် ဘာသာရေးနှင့် စပ်ဆိုင်မည်ဟု ယူဆဖွယ်ရှိသည့် နှောင်းခေတ်လက်ရာအဆောက်အအုံ ပန္နက်ရာကို တွေ့ရှိကြရသည်။ ယင်း ကုန်းမှ အင်္ဂတေရုပ်ကြွခြင်္သေ့၊ အင်္ဂတေပန်းဆွဲအပိုင်းအစများ၊ မကိုဋ်ဆောင်းထားသည့်နတ်ရုပ်ဦးခေါင်းပိုင်းအကျိုး၊ ဘီလူးနှင့် တူသော ဦးခေါင်းပိုင်းအကျိုး၊ အမျိုးသမီးကိုယ်အထက်ပိုင်းအရုပ်၊ မျက်လုံးသုံးလုံးပါရှိသောဘီလူးခေါင်း စသည်ဖြင့် ရှေးဟောင်း ပစ္စည်းများကို ရရှိခဲ့သည်။
ယင်းအဆောက်အအုံသည် ရှေးဦးဗိဿနိုးနှင့် မသက်ဆိုင်ဘဲ အေဒီ ၁၀ ရာစုနှင့် ၁၃ ရာစုအတွင်းတည်ဆောက်ခဲ့သည့် အဆောက်အအုံဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းခဲ့သည်။အင်္ဂတေမွမ်းမံမှုလက်ရာများသည် ပုဂံခေတ်လက်ရာများနှင့် ဆက်စပ် မှုရှိနေသဖြင့် ပုဂံခေတ်နှင့် မရှေးမနှောင်း တည်ဆောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်းလည်း ယူဆခဲ့ကြသည်။
ဗိဿနိုးမြို့ဟောင်းတူးဖော်မှု အစီရင်ခံစာတွင် ဗိဿနိုးတွင် သရေခေတ္တရာလောက် ဗုဒ္ဓဘာသာ မထွန်းကားခဲ့သော်လည်း ဗုဒ္ဓဘာသာနှင့် မိမိတို့ယုံကြည်သော ထုံးဓလေ့များကို အကြောင်းပြု၍ စေတီနှင့် ကျောင်းသင်္ခမ်း ကဲ့သို့သော အဆောက်အအုံများ ကို တည်ဆောက်ခဲ့၏။ဗိဿနိုးမြို့၊ပန်ထွာပြည်ဟူသော အမည်များမှည့်ခေါ်ခြင်းနှင့် စပ်လျဉ်၍ အထောက်အထား မတွေ့ရသော် လည်း အစဉ်အဆက်ခေါ်ဝေါ်လာခဲ့ခြင်းဖြစ်၏ ဟုသုံးသပ်ထားသည်။
ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်
ဗိဿနိုး မြို့ဟောင်းမှ ခေတ်အဆက်ဆက် တူးဖော်ရရှိ စုဆောင်းရရှိထားသော ပစ္စည်းများကို ခင်းကျင်းပြသနိုင်ရန် ဗိဿနိုး ရှေးဟောင်းသုသေတနပြတိုက်ကို ဗိဿနိုးမြို့ဟောင်း၏ အရှေ့တောင်ဘက်တွင် ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ဖွင့် လှစ် ခဲ့သည်။
ပြတိုက်အတွင်း မကွေးတိုင်းဒေသကြီးအတွင်းနေရာအသီးသီးမှ ရရှိခဲ့သော ကျောက်၊ ကြေး၊သံ လက်နက်များ၊ ရေစင်သွန်း အိုး၊အရိုးအိုးများ၊ မြေမီးဖုတ်ပစ္စည်းများ၊ပျူဒင်္ဂါးပြားများအပါအဝင် ပျူယဉ်ကျေးမှု အထောက်အထားများကို ခင်းကျင်းပြသထားသည်။ မြေပုံများ၊ ဓာတ်ပုံများ၊ အညွှန်းစာများ၊ ဗိဿနိုး မြို့ဟောင်း တူးဖော်ခဲ့မှု မှတ်တမ်းဇယားများကိုလည်းတွေ့မြင်နိုင်ကြကာ ဗိဿနိုး မြို့ဟောင်းပုံစံတူ တစ်ခုကို တူးဖော်ရရှိခဲ့သည့် အိုးများ နှင့် ယှဉ်တွဲ ပြသထားသည်။
ပြတိုက်အတွင်း ဝင်လိုက်သည် နှင့် ဗိဿနိုးမြို့ဟောင်း ဝင်ပေါက်မှရရှိခဲ့သည့် ဒွါရပါလ(တံခါးစောင့်) ရုပ်ထု ခြေထောက် အောက်ပိုင်းနှစ်ခုကိုမြင်ကြရသည်။ နှစ်ပေ ဝန်းကျင်ရှိသည့် ခြေထောက်ရာများကိုကြည့်ခြင်းဖြင့် ရုပ်ထု၏ ပမာဏ သည် အလွန်ကြီး မားကြောင်းခန့်မှန်းနိုင်ပေသည်။ ဗိဿနိုးမြို့ဟောင်းသို့ လာရောက်၍ တူးဖော်မှုကုန်းများကို လေ့လာကြရာတွင် ရှေးဟောင်းအဆောက်အအုံများ ရေရှည် တည်တံ့စေရေးအတွက် အုတ် အဆောက်အအုံများ အပေါ်သို့ မတက်ရောက်ကြရန် မေတ္တာရပ်ခံသည့် ဆိုင်းဘုတ်များ ချိတ်ဆွဲထား သည်။
၂၀၀၈ ခုနှစ်က တူးဖော်သုတေသနပြုရာတွင် အရိုးအိုး ၁၀၉ လုံး၊မြေဆီမီးခွက် ငါးခု အပါအဝင်ပျူယဉ်ကျေးမှုဆိုင်ရာပစ္စည်း များရရှိခဲ့သည့် ကုန်း အမှတ်၂၈ သည် စိတ်ဝင်စားဖွယ်ကုန်းတစ်ခုဖြစ်ပြီး အထိမ်း အမှတ်အဆောက်အဦတစ်ခုဟု ယူဆထားသည်။ ဗိဿနိုး နန်းတော်ရာအပါအဝင် တူးဖော်မှုကုန်းများကို လိုက်လံကြည့်ရှုနိုင်ကြသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ဗိဿနိုးအပါအဝင် ပျူမြို့ဟောင်းများစီမံခန့်ခွဲမှုကော်မတီ ရှစ် ခုကိုဖွဲ့စည်း လျက် ရည်မှန်းချက် ၁၉ ချက် ၊ လုပ်ငန်းစဉ် ၆၀ ချမှတ်ကာ စီမံခန့်ခွဲ ထိန်းသိမ်းစောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိသည်။ ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့စေရန်အတွက် ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ထားသည်။ ဗိဿနိုးသည် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်ဖြစ်လာခဲ့သည့်အတွက် ဒေသခံများ၏ စီးပွားရေးအခွင့် အလန်းများ တိုးတက် လာသကဲ့သို့ အမွေအနှစ်ဒေသသည်လည်း စနစ်တကျဖွံ့ဖြိုးတိုးတက်လျက်ရှိနေသည်။
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ပြီးသည့်နောက် ပြည်တွင်းပြည်ပ ခရီးသွားများသည် ဗိဿနိုးတူးဖော်မှုကုန်းများရှိ အဆောက်အအုံ အကြွင်းအကျန်များနှင့် ဗိဿနိုးပြတိုက်တွင်ခင်းကျင်းပြသထားသည့် ပျူ ယဉ်ကျေးမှု ပစ္စည်း များကို စိတ်ဝင်စားစွာ လာရောက် ကြည့်ရှုလျက်ရှိကြရာ မြန်မာတို့၏ ဂုဏ်ယူဖွယ် ပျူ ယဉ်ကျေးမှု အမွေအနှစ်များအား ရေရှည် တည်တံ့စေရန် ဝိုင်းဝန်း စောင့်ရှောက်ကြရမည် ဖြစ်ပေသည်။
ကိုးကား
ဗိဿနိုးမြို့ဟောင်း(ဦးအောင်သော်)
ဗိဿနိုးမြို့ဟောင်းတူးဖော်မှုမှတ်တမ်း(ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန)
မောင်သာ(ရှေးဟောင်းသုတေသန)
၁၅ ၊ ၁၂ ၊ ၂၀၁၇ ရက်ထုတ် ရတနာပုံသတင်းစာ