Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပုဂံခေတ်နှောင်းပိုင်းရဲ့ အဓိက မိဖုရားကြီး (သို့) ဉာဏ်ပညာနှင့်ပြည့်စုံသော မိဖုရားဖွားစော

by Thutamm
August 2, 2019
Reading Time: 1min read
0
ပုဂံခေတ်နှောင်းပိုင်းရဲ့ အဓိက မိဖုရားကြီး (သို့) ဉာဏ်ပညာနှင့်ပြည့်စုံသော မိဖုရားဖွားစော
Share on FacebookShare on Twitter

အရည်အချင်းနှင့် ပြည့်စုံသော မိဖုရားစော သို့မဟုတ် ဖွားစော မိဖုရားကား ပုဂံပြည်၌ ၆၁၂ ခုတွင် နန်းတက်သော ဥဇနာမင်းကြီး၏ မိဖုရားကြီး ဖြစ်သည်။ နောက် ၆၁၇ ခုတွင် နန်းတက်သော သားတော် နရသီဟပတေ့မင်းက ဆက်လက်၍ မိဖုရား မြှောက်သည်။ ဤ မိဖုရားစော၏ အကြောင်းကား ဤသိုတည်း။ ဆိတ်ထိန်းကမ်းဖြူ တောင်သူကြီး၏ သမီး မစောဖြစ်၏။ မတ်တတ် သွားတတ်စ အရွယ်က အဖ ယာထွန်ရာသို့ ယူသွား၍ သစ်ပင်အောက်၌ သိပ်ထားရာ အိပ်ပျော်နေလေ၏။ ထိုအခါ မြွေငန်းကြီးတစ်ကောင်သည် သူငယ်မကို မထိစေဘဲ ခွေပတ်၍ ဦးခေါင်းကို ပါးပျဉ်းဖြင့် မိုးလျက် နေလေ၏။ အဖ မြင်၍ အလျင်အမြန် ပြေးလာသော် မြွေကြီးသည် ခွာထွက်သွားလေ၏။

ထိုအကြောင်းကို ပညာရှိတို့ ကြားသော် ထိုသူငယ်မသည် အထင်အရှား ကောင်းစားလိမ့်မည်ဟုပြောကြလေ၏။ သူငယ်မ၏ မိဘများလည်း အတန်အတန် ကြွယ်ဝကြသူတို့ဖြစ်၍ ထိုသူငယ်မကို ဝတ်စားတန်ဆာ ကောင်းစွာ ဆင်ယင်ကာ အထိန်းသည်တို့နှင့် ထားပေ၏။ ၁၂ နှစ်ရွယ်သို့ရောက်သောအခါ ထိုသူငယ်မ စိုက်သော မြတ်လေးပင်ရုံတစ်ရုံတွင် ပုန်းညက် ၊ စံကား ၊ ချရား သုံးမျိုး ပွင့်လေသည်။ ပညာရှိတို့ကလည်း ဤသူငယ်မဧကန် မြင့်မြတ်သောသူ ဖြစ်လာလိမ့်မည်ဟု ဟောပြောကြပြန်၏။

ဥဇနာမင်းသည် နတ်တော်လ၌ မဟာဂီရိ နတ်မောင်နှမကို ပူဇော်ရန် ပုပ္ပါးတောင်သို့ တက်လာရာ ဆိတ်ထိန်းကမ်းဖြူရွာ၌ ပန်းတစ်ပင်မှ သုံးမျိုးပွင့်ကြောင်း ကြားရ၍ ရှုစားရန် ဝင်ရောက်လာလေ၏။ ထိုအခါ ပန်းသီတံနှင့် ပန်းစိုက်နေသော ထိုမိန်းမငယ်ကို မြင်လျှင် အဆင်းအင်္ဂါနှင့် ပြည့်စုံသူ ဖြစ်သည်နှင့် ကောက်ယူတော်မူလေ၏။ ထိုသူငယ်မမှာ အပါးတော်ဝယ် အမြဲခစားရ၏။

တစ်ခါ၌ မင်းကြီး၏ ကျောကုန်းတော်ဝယ် ယားသည်ကို မည်သည့်နေရာတွင်ဟု မဆိုဘဲ အယားဖျောက်ဘိဟုသာ မိန့်တော်မူ၏။ သူငယ်မလည်း နေရာမလွဲ ချက်ချင်းဖျောက်ပေ၏။ ဤသို့ ဖျောက်ဖန်များသော် ” ဟယ် မောင်းမငယ် ယားသည့်နေရာကို မည်သည့်နေရာဟု မဆိုဘဲနှင့် အသို့သိသနည်း ” ဟု မေးတော်မူ၏။ ” အရှင်မင်းကြီး မြတ်သောသူတို့၏ ကိုယ်တော်သည် အလွန်နူးညံ့၏။ ယားသောနေရာတွင် အရေးအကြောင်း ထင်နေတတ်၍ သိပါသည် ” ဟု လျှောက်၏။ ထိုအခါ မင်းကြီးသည် ဤသူငယ်မကား ဉာဏ်ပညာနှင့် ပြည့်စုံသူ ဖြစ်ပေသည်ဟု မောင်းမလည်းမက မိဖုရားသို့လည်း မကျ ချီးမြှောက်ထား၍ သွားတော်မူရာ အမြဲခစားလိုက်ပါရ၏။

ဥဇနာမင်းကြီး နတ်ရွာစံ၍ သားတော် နရသီဟပတေ့ မင်းဖြစ်သောအခါ ထိုမိန်းမကို မိဖုရားမြှောက်၍ မိဖုရားစော ဟု ထင်ရှား လာလေ၏။ ဤနရသီဟပတေ့ကား အငြူအစူ အမျက်စောင်းမာန်ပြင်း၍ ကြမ်းတမ်း၏။ ဤမင်းကို မိဖုရားစောသာလျှင် ဖျောင်းဖျသွန်သင် စောင့်ရှောက်ရပုံတို့ကို ပြပေအံ့။ အမတ်ကြီး ရာဇသြင်္က ံကို ပြန်ခေါ်ရန် လျှောက်တင်ပုံ နရသီဟပတေ့မင်းတွင် ပညာရှိ အမတ်ကြီး ရာဇသြင်္က ံ ဟူ၍ ရှိ၏။ ထိုအမတ်ကြီးသည် ဤနရသီဟပတေ့ကို ထီးနန်းရရန် ကူညီစောင်မ၍ ပေးဖူး၏။ ဤကျေးဇူးကို မဆပ် ၊ မချီးမမြှောက် နေလေသဖြင့် အမတ်ကြီးက စိတ်နာ၍ မင်းကြီး၏ အမျိုးကို ထိခိုက်၍ ‘ ပန်းပွတ်သည်မြေး ‘ ဟု ခေါ်ဆိုလေ၏။ (မင်းကြီး၏ မယ်တော်မှာ မင်းမျိုးမဟုတ် ၊ မြစ်သာရွာ ပန်းပွတ်သည်၏ သမီး ဖြစ်လေသည်) ဤသို့ အမျိုးကို ထိခိုက်၍ ဆိုသည်ကို မင်းကြီးအမျက်ထွက်၍ ရာဇသြင်္က ံကို ရာထူးစည်းစိမ်မှ နုတ်ပြီးလျှင် အောက်အရပ် ဒလသို့ ပို့လိုက်လေ၏။

မင်းကြီးမှာလည်း တိုင်ပင်စရာ ပညာရှိ မရှိတော့သဖြင့် မှိုင်၍သာ နေရလေ၏။ ထိုအခါမှ မိဖုရားစောက ” အရှင်မင်းကြီး မှိုင်နေ၍ အကျိုးရှိမည် မဟုတ်ပါ။ ရှိသော အမတ် ၊ စစ်သူကြီး စသည်တို့နှင့် တိုင်ပင်စီမံတော် မူပါ။ သို့မဟုတ်လျှင်လည်း ပညာရှိ ရာဇသြင်္က ံ အမတ်ကြီးကို ပြန်ခေါ်၍ တိုင်ပင်စီမံတော်မူပါ။ နေ့ရက်ကြာလျှင် သူပုန်သူကန်တို့ ပိုမိုအားကြီးလာပါလိမ့်မည် ” ဟု လျှောက်လေ၏။ ဤအခါတွင်မှ မင်းကြီးသတိရ၍ အမတ်ကြီး ရာဇသြင်္က ံကို ပြန်၍ခေါ်ယူ သောင်းကျန်းရာတို့သို့ စေလွှတ်စီမံ ခန့်ခွဲစေသဖြင့် အရေးခပ်သိမ်း ပြီးငြိမ်းလေတော့သတည်း။ သရေပစ္စပတေ့အတွက် လျှောက်တင်ပုံ သောင်းကျန်းရာ တစ်နေရာသို့ သရေပစ္စပတေ့ အမတ်ကို ကြီးမှူး၍ လွှတ်လိုက်၏။ အစီအမံ ညံ့သဖြင့် ညအခါ၌ စစ်လန့်၍ တပ်ပျက်လေသည်ကို မင်းကြီးကြားသော် ရန်သူနှင့်မတိုက်မီ တပ်ပျက်ရသလောဟု အမျက်ထွက်၍ သရေပစ္စပတေ့ကို သတ်မည်ရှိရာ အမတ်ကြီး ရာဇသြင်္က ံက ကယ်မ လျှောက်ပေးသောကြောင့် အသက်ချမ်းသာရလေ၏။

တစ်ခါ မင်းကြီးက အတွင်းသင်းမှူး ရာထူးကို အဘယ်သူအား ပေးသင့်သည်ကို မိဖုရားစောအား တိုင်ပင်၏။ မိဖုရားစောက ” အရှင်မင်းကြီး သရေပစ္စပတေ့သည် ကျွန်တော်ရင်း ဖြစ်၍ အမြဲယုံကြည် စိတ်ချရသူ ဖြစ်ပါသည်။ သေကောင်းလေပြီးမှ အသက်ကို ချမ်းသာပေးသော ကျေးဇူးတော်လည်း ကြီးလှပါသည်။ သို့ကြောင့် သရေပစ္စပတေ့ကို ခန့်ထားသင့်ပါသည် ” ဟု လျှောက်၏။ မင်းကြီးလည်း မိဖုရား၏ စကားကိုယူ၍ ထိုအတိုင်းပင် ခန့်ထားလိုက်လေသတည်း။

မောင်းမငယ် တစ်ယောက်အတွက် လျှောက်တင်ပုံ

နရသီဟပတေ့ မင်းကြီးကား အနာရောဂါ ကင်း၏။ ချေသည် သမ်းသည်မျှ မရှိစဖူး ဖြစ်၍ ရှေ့တော်ဝယ် မချေ မသမ်းကြရ။ ချေသော် သမ်းသော် မျက်တော်မူ၏။ အခါတစ်ပါး၌ မောင်းမငယ် တစ်ယောက်သည် ရှေ့တော်တွင်ချေချင်သောကြောင့် မအောင့်နိုင်ပဲ မင်းကြီး မကြားစေရန် အိုးကြီးတစ်ခုတွင် မျက်နှာအပ်၍ ချေမိ၏။ အပြင်တွင် ချေသည်ထက် အသံပြင်းသွားလေ၏။ မင်းကြီး ကြားသိပြီး မေးမြန်းကာ အမျက်ထွက်မည်ရှိရာ မိဖုရားစောက ” အရှင်မင်းကြီး ချေခြင်း သမ်းခြင်းကား ၉၆ ပါး အနာမျိုးပင် ဖြစ်ပါသည်။ မင်းကြီးမှာသာ အနာကင်း၍ ချေခြင်း ၊ သမ်းခြင်း မရှိပါ။ လူအပေါင်းတို့ကား ချေခြင်း ၊ သမ်းခြင်း နှင့် မကင်းပါ။ မချုပ်တည်း နိုင်သောကြောင့်သာ ချေခြင်း ဖြစ်ပါသည် ” ဟု လျှောက်လေ၏။ ဤသို့ဖြစ်လျှင် ငါမသိ၍ ရှေးက အမျက်ထွက်မိခဲ့၏ဟု နောင်တရတော် မူလေ၏။

ခါးရမ်းသီး နရသီဟပတေ့မင်းကြီးသည် စက်တော်ခေါ်ရာမှ နိုးလျှင် ကိုင်မိသမျှနှင့် မောင်းမတို့ကို ပစ်ခတ်ရမှ စိတ်ပြေတတ်၏။ သို့ကြောင့်လည်း မိဖုရားစောသည် မင်းကြီး စက်တော်ခေါ်လျှင် အနီးအနား၌ လက်နက် စသော မာကျောသော အရာတို့ကို သိမ်းယူထား၍ လုံပနီသီး စသည်တို့ကို ထားလေ၏။ တစ်ခါ၌ စက်ရာက နိုးလျှင် အပါးဝယ် အသင့်ရှိသော လုံပနီသီးနှင့် မောင်းမငယ် တစ်ယောက်ကို ပစ်ခတ်လိုက်ရာ ခါးရောင်ရမ်း သွားလေ၏။ ထိုအခါမှ စ၍ လုံပနီသီးကို ‘ ခါးရမ်းသီး ‘ ၊ ‘ ခရမ်းသီး ‘ ဟု ခေါ်ဝေါ်ကြသည် ဟူ၏။

လောကဓံတရားကို လျှောက်တင်ပုံ သက္ကရာဇ် ၆၄၆ ခုတွင် တရုတ်များ ပုဂံကို ဝင်ရောက် တိုက်ခိုက်ကြရာ နရသီဟပတေ့ မခံနိုင်၍ အောက်ပြည် ပုသိမ်သို့ ပြေးရလေ၏။ ဤသို့ တရုတ်ရန်မှ ပြေးရသည်ကိုစွဲ၍ ‘ တရုတ်ပြေးမင်း ‘ ဟုလည်း ခေါ်ဝေါ်ကြလေသည်။ ဤမင်းသည် အလွန် အစားကြူး၏။ တစ်ခါတစ်ခါ ပွဲတော်တည်လျှင် ဟင်းခွက်သုံးရာပြည့်မှ တည်သော ဟူ၏။ ယခု ပြေးလွှားရစဉ်၌ ဟင်းခွက် တစ်ရာ့ငါးဆယ်သာ ရနိုင်သဖြင့် ထိုရသမျှနှင့် ဆက်သည်ကို ငါ ဆင်းရဲလှ၏ဟု ငိုသော ဟူ၏။ ဤအခါမှ မိဖုရားစောက ” အရှင်မင်းကြီး လောက၌ ဆင်းရဲခြင်း ချမ်းသားခြင်းကား မကင်းပါ။ စကြာဝတေး မန္ဓာတ်မင်း တို့ပင်လည်း ဆင်းရဲ ချမ်းသာနှင့် မကင်းနိုင်ပါ။ တရားဖြင့် ဖြေတော်မူပါ ” ဟု အကျိုးအကြောင်းပြသလျှောက်ထားမှ မင်းကြီး စိတ်သက်သာရာ ရလေသတည်း။

အထက်သို့ ဆန်တက်ရေးအတွက် လျှောက်တင်ပုံ မင်းကြီးသည် အထက် ပုဂံပြည်သို့ပြန်၍ ဆန်တက်သင့် မတက်သင့် မိဖုရားစောအား တိုင်ပင်၏။ မိဖုရားစောက ” အရှင်မင်းကြီး ပြည်ထဲရေးကို ထောက်သော် ဆန်တက်ရန် မသင့်သေးပါ။ အရှင်မင်းကြီးသည် အကွပ်အညှပ် ပြင်းသောကြောင့် ပြည်သူပြည်သားတို့ အရှင်မင်းကြီးထံ ပြန်၍ မဝင်ကြသေးပါ။ ပြည်သူမှူးမတ် အခြွေအရံ အင်အားမရှိဘဲ နေပြည်တော်သို့ ဝင်၍နေချေက ရန်သူအားကို ခံနိုင်မည် မဟုတ်ပါ။ အရှင်မင်းကြီးသည် ရှေးက အကျွန်ုပ် လျောက်ထားသည်ကို မနာယူခဲ့ပါ။

‘ ပြည့်ဝမ်းကို မဖောက်ရာ ၊
ပြည့်ဦးကင်းကို မနှိမ်ရာ ၊
ပြည့်တံခွန်ကို မလှဲရာ။

ပြည့်မျက်စိကို မထုတ်ရာ ၊
ပြည့်စွယ်ကို မချိုးရာ ၊
ပြည့်မျက်နှာကို မဖျက်ရာ ၊
ပြည့်ခြေပြည့်လက်ကို မဖြတ်ရာ ‘

ဟု အကျွန်ုပ် လျှောက်ခဲ့ပါသည်။ အရှင်မင်းကြီး မနာယူ၍ ယခုကဲ့သို့ ဒုက္ခတွေ့ရပါသည် ” ဟု လျှောက်၏။

မင်းကြီးက ထိုအကြောင်းကို မေးမြန်း၍ လျှောက်သည်ကား

” ပြည့်ကြီးဝမ်းနှင့်တူသော သူဌေးသူကြွယ်တို့ကို အပြစ်မရှိဘဲ အပြစ်ရှာ၍ ပစ္စည်းဥစ္စာကို ယူခြင်း ၊ ၎င်းတို့ သေသောအခါ အမွေခံ သားသမီးရှိလျက် မင်းက သိမ်းယူခြင်းတို့သည် ပြည့်ဝမ်းကို ဖောက်သည်မည်၏။ ”

” ပြည့်ဦးကင်းနှင့် တူသော မှူးမတ်ကြီးတို့ကို မထောက်မချင့် သတ်ဖြတ်ခြင်းသည် ပြည့်ဦးကင်းကို နှိမ်သည် မည်၏။ ”

” ပြည့်တံခွန်နှင့်တူသော ရသေ့ ရဟန်း သူတော်ကောင်း ပညာရှိတို့ကို မထောက်မချင့် မျက်တော်မူခြင်းသည် ပြည့်တံခွန်ကို လှဲသည် မည်၏။ ”

” ပြည့်မျက်စိနှင့်တူသော ပိဋကတ် ဗေဒင်တတ် ပညာရှိတို့ကို မထောက်မချင့် မျက်ခြင်းသည် ပြည့်မျက်စိကို ထုတ်သည် မည်၏။ ”

” ပြည်၏ အစွယ်နှင့်တူသော မင်းညီမင်းသားတို့ကို မထောက်မချင့် မျက်ခြင်းသည် ပြည့်စွယ်ကို ချိုးသည် မည်၏။ ”

” ပြည့်မျက်နှာနှင့်တူသော သားပျို ၊ သမီးပျို ၊ သူ့မယားတို့ကို အနိုင်အထက် ယူခြင်းသည် ပြည့်မျက်နှာကို ဖျက်သည် မည်၏။ ”

” ပြည့်ခြေ ၊ ပြည့်လက်နှင့်တူသော သူရဲသူခက် စစ်သည်တို့ကို မထောက်မချင့် မျက်ခြင်းသည် ပြည့်ခြေ ၊ ပြည့်လက်တို့ကို ဖြတ်သည် မည်၏ ” ဟူ၍ လျှောက်ပေ၏။ မင်းကြီးလည်း ရှင်မိဖုရား ရှေးက ဤကဲ့သို့ စုံလင်သေချာစွာ ငါ့ကို လျှောက်တင်ပါလျှင် ဤသို့ဖြစ်ရမည် မဟုတ်ဟု နောင်တ ရတော်မူ၏။

တစ်ဖန် မိဖုရားစောက ” အရှင်မင်းကြီး သားတော် ၊ ပြည်စား သီဟသူအား စားသုံးရန် ဝက်ပေါင် ပေးနေကျကို ဝက်လက် ရအောင် သီဟသူ၏ မယ်တော်က တိတ်တဆိတ် ကြံပေးဖူးသဖြင့် အရှင်မင်းကြီးက သီဟသူကို ‘ ဝက်လက်ခိုးမသား ‘ ဟု မကြာမကြာ ခေါ်သည်ကို သီဟသူ စိတ်နာနေပါသည်။ ယခု ဆန်တက်လျှင် ထိုပြည်စား သီဟသူက အရှင်မင်းကြီးကို ရန်ပြုပါလိမ့်မည် ” ဟု လျှောက်လေ၏။ ” ရှင်မိဖုရား သင့်အစ်ကို (ပုသိမ်စား ဥဇနာ) က သတ်မည် ယူသွားရာ၌ ငါ ကယ်၍ အသက်လွတ်လေသည်။ အဘယ်မှာ ငါ့ကို ရန်ပြုအံ့နည်း ” ဟု မိန့်တော်မူ၏။ ထိုနောက် မိဖုရားစော၏ စကားကို နားမထောင်ဘဲ ဆန်တက်လေရာ ပြည်မြို့သို့ ရောက်လာ၏။ ထိုအခါ သားတော် ပြည်စား သီဟသူသည် မိဖုရားစော မြင်သည့်အတိုင်း ခမည်းတော်အား အဆိပ်ခတ်သော စားတော်ကို ဆက်လေ၏။ မစားနေသော် ဓား ၊ လှံ ၊ လက်နက်ဖြင့် သတ်မည်ပြုမှ မိဖုရားစောက ဤသို့ လျှောက်၏။ ” အရှင်မင်းကြီး ဓား ၊ လှံ ၊ လက်နက်ဖြင့် သွေးရဲသံရဲ ပြတ်သတ်၍
သေရသည်ထက် အဆိပ်ကို စား၍ သေရသည်က မြတ်သေး၏ ” ဟု လျှောက်၏။ မင်းကြီးလည်း မိဖုရားစော၏ စကားကိုယူ၍ ” ငါသည် နိဗ္ဗာန်သို့ မရောက်မီအကြား ဖြစ်လေရာဘဝ၌ သားယောကျ်ား မရသည် ဖြစ်စေသော် ” ဟု လက်စွပ်တော်ကို ရေစက်ချ၍ မိဖုရားစောအား အပ်ပြီးလျှင် စားတော်မူသောခဏ၌ အနိစ္စရောက်ရရှာလေ၏။

ရှမ်းညီနောင် သုံးဦးအား နန်းတင်ပေးပုံ

နရသီဟပတေ့မင်းကြီး နတ်ရွာစံပြီးနောက် သားတော် ဒလစား ကျော်စွာသည် ၆၄၈ ခုတွင် နန်းတက်၏။ ခမည်းတော် လက်ထက်က ကျွေးမွေးသူကောင်းပြုထားသူ အသင်္ခယာ ၊ ရာဇသြင်္က ံ ၊ သီဟသူ ရှမ်းညီနောင် သုံးယောက်အား မြို့စားပေး၍ ဆက်လက် ကြည့်ရှုထားတော်မူ၏။ ကျော်စွာ မင်းကား မိဖုရားစောကို အတိုင်အပင် မရှိ မချီးမမြှောက် နေဘိ၏။ ဤကို မိဖုရားစော စိတ်နာသည်နှင့် ထိုရှမ်းညီနောင် သုံးဦးနှင့် တိုင်ပင်ညီညွတ်ပြီးလျှင် မြင်းစိုင်းအရပ်၌ ဘုရား ၊ ဂူ ၊ ကျောင်း ကြီးကျယ်စွာ ဆောက်စေ၏။ ပြီးလျှင် မင်းကြီးအား သာဓုခေါ် ကြွတော်မူပါဟု ဖြားယောင်းခေါ်ယူ မြင်းစိုင်းသို့ ရောက်သောအခါ မင်းကြီးကို ဖမ်း၍ အတင်းခေါင်းရိတ် ၊ သင်္ကန်းဝတ်စေပြီးသော် ထိုကျောင်း၌ အစောင့်အရှောက်နှင့် ထားလေ၏။

ညီနောင်သုံးပါးတို့သည်လည်း မိမိတို့ စားရသော မြို့တို့တွင် အသီးသီး မင်းပြိုင်ပြုကြလေ၏။ ပုဂံတွင်ကား ကျော်စွာမင်း၏ သား စောနစ်ကို နန်းစောင့်မင်း မျှလောက်သာ ထားလေသတည်း။ ပင်းယတွင် နန်းဖွင့်မင်္ဂလာ စီမံပေးပုံ ရှမ်းညီနောင် သုံးဦးအနက် နောင်တော်နှစ်ဦး နတ်ရွာစံသဖြင့် ညီအနယ်ဆုံး သီဟသူသည် ပင်းယမြို့ကို ၆၇၄ ခုတွင် မင်းပြု၏။ မြို့နန်းတည်ပြီးလျှင် နန်းဖွင့် နန်းသိမ်း စသော အစီအရင်ကို နားမလည်ကြသည်နှင့် ပုဂံမိဖုရား ဖွားစောအား ပင့်ချီကြရလေ၏။ ဖွားစောက ” သင်တို့ ကောင်းစားသည်မှာ ကြာပြီ။ ယခုမှ ငါ့ကို သတိရသည် ” ဆို၍ မလိုက်ဘဲနေ၏။ နောက်အကြိမ်ကြိမ် တောင်းပန်လေမှ လိုက်လာခဲ့ပြီးလျှင် နန်းဖွင့်မင်္ဂလာ စသော မင်္ဂလာအခမ်းအနား အမျိုးမျိုး တို့ကို စီမံပေးရလေ၏။

ထိုအခမ်းအနားတို့မှာ ပုဂံမှာကဲ့သို့ပင် အလွန်ကြီးကျယ် စည်ကားလေသည်။ ဖွားစောက ” အသင်တို့ ဘုန်းကြီးပေစွ ” ဆို၍ အနော်ရထာ လက်ထက်ကပင်ရှိသော ရွှေသောက်ရေတင် နှင့် ရွှေခါးကြိုးကို ပေး၏။ သီဟသူကလည်း ကြီးစွာချီးမြှောက်ပေ၏။ ပထမ၌ ဆိတ်ထိန်းကမ်းဖြူရွာ တောင်သူကြီး သမီးငယ် မယ်စော ၊ ဒုတိယ ဥဇနာမင်းကြီးထံ၌ မောင်းမငယ် မိဖုရားမစော ၊ တတိယ နရသီဟပတေ့ လက်ထက်၌ မိဖုရားကြီး မိဖုရားစော ၊ စတုတ္ထ စောနစ်တို့ လက်ထက်၌ ဖွားစောဟု တွင်သည်။ (စောနစ်မှာ ကျော်စွာ၏ သား နရသီဟပတေ့၏ မြေး ဖြစ်သဖြင့် နရသီဟပတေ့နှင့်စပ်၍ အဖွားပင် တော်သည်။ သို့ကြောင့် ဖွားစော တွင်လေသည်။) ဤသို့ ပုဂံမင်း သုံးဆက် လေးဆက် အမြတ်တင်ခံ၍ အစီအရင်ကို ပေးနိုင်သော အဆင်းအင်္ဂါ အရည်အချင်းနှင့် ပြည့်စုံသော အထောင်မက အရောင်အဆင်းလှသော မိန်းမတို့ထက် အစိုးရသော မိဖုရားဖွားစော အကြောင်းကား ပြီး၏။

မိဖုရားဖွားစောကောင်းမှု သစ္စ၀တီဘုရား
မိဖုရားဖွားစောကောင်းမှု သစ္စာဝတီဘုရား

ရောင်စုံအခန်းငယ်မှ

Tags: myanmar historymyanmar people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!