တစ်ချိန်တုန်းက ကမ္ဘာ့အထင်ကရ ဖြစ်ခဲ့တဲ့ ရှေးအကျဆုံး တက္ကသိုလ်ကြီးများအကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။
၅။ အောက်စဖိုဒ်တက္ကသိုလ် ၊ အေဒီ ၁၀၉၆
ယခုခေတ်မှာ နာမည်အကြီးဆုံးတက္ကသိုလ်တစ်ခုဖြစ်တဲ့ အောက်စဖိုဒ်တက္ကသိုလ်ကို အင်္ဂလန်နိုင်ငံံ အောက်စဖိုဒ့်မြို့မှာ ၁၀၉၆ခုနှစ်က တည်ထောင်ခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာစကားပြောတဲ့ ပထမဆုံးတက္ကသိုလ်ဖြစ်ခဲ့ပေမယ့် သင်ရိုးညွန်းတမ်းတွေကတော့ လက်တင်ဘာသာစကားနဲ့ စခဲ့ရတာဖြစ်ပါတယ်။ ခေတ်မီဘာသာရပ်တွေကို သင်ကြားနေဆဲဖြစ်တဲ့ ဒုတိယ ကမ္ဘာ့သက်တမ်းအရင့်ဆုံးတက္ကသိုလ်ဖြစ်ပြီး ဗြိတိန်ရဲ့ပထမဆုံး တကက္ကသိုလ်လည်းဖြစ်ပါတယ် ။
၁၁၆၇ ခုနှစ်မှာ အင်္ဂလန်ဘုရင် ဒုတိယ ဟင်နရီက အင်္ဂလိပ်ကျောင်းသားတွေကို ပါရီတက္ကသိုလ်မှာ တက်ရောက်ခြင်းကို ပိတ်ပင်ခဲ့ရကစလို့ ဒီတက္ကသိုလ်ဟာ လျှင်မြန်စွာကြီးထွားလာခဲ့ပါတယ်။ အလယ်ခေတ်မှာတော့ တက္ကသိုလ်တက်ရောက်သူတွေကို လက်ထပ်ခွင့်မပြုပါဘူး။ ဒါကြောင့်လည်း ပထမဆုံး ဘွဲ့ပေးတဲ့အခါ Bachelor of Arts လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ တစ်နှစ်ကို တက်ရောက်သူပေါင်း ၂၂၀၀၀ ခန့်ကို သင်ကြားပေးနေတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ အင်္ဂလန်ဝန်ကြီးချုပ်အများဆုံးထွက်ရှိရာ တက္ကသိုလ်လည်းဖြစ်ပါတယ်။
၄။ ဘိုလော့ဂ်နာ တက္ကသိုလ် ၊ အေဒီ ၁၀၈၈
ဘိုလော့ဂ်နာ တက္ကသိုလ် ကို အီတလီနိုင်ငံ ဘိုလော့ဂ်နာမြို့မှာ ၁၀၈၈ ခုနှစ်က တည်ထောင်ခဲ့ပါတယ်။ ဘိုလော့ဂ်နာ တက္ကသိုလ်မှာ လာတက်တဲ့ နိုင်ငံခြား ကျောင်းသားတွေကို နိုင်ငံသားအလိုက် စုပြီးတော့ တစ်စုဆီကို နေးရှင်း (Nations) လို့ ခေါ်ပါတယ်။ ဆရာနဲ့ တပည့် အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်ကို ကျင့်သုံးပါတယ်။ တက္ကသိုလ်မှာ ပါမောက္ခတွေ ငှားဖို့၊ ဖြုတ်ဖို့၊ ပါမောက္ခ လစာတွေကို ဆုံးဖြတ်ဖို့ အတွက် နေးရှင်းတစ်ခုစီက ကျောင်းသား ကိုယ်စားလှယ် နှစ်ယောက်စီ ပါဝင်တဲ့ ကောင်စီက ဆုံးဖြတ်ပါတယ်။ ပါမောက္ခတွေဟာ သတ်မှတ်တဲ့ အတန်းကို ပြီးဆုံးအောင်၊ အချိန်မီ မသင်နိုင်ရင်လည်း ဒဏ်ငွေ အတပ်ခံရပါတယ်။
ဒါပေမယ့် ပါမောက္ခတွေဘက်ကလည်း အားနည်းတာတော့ မဟုတ်ပါဘူး။ ဆရာများအဖွဲ့ဆိုတာ ရှိပြီး စာမေးပွဲကြေး သတ်မှတ်တာ၊ ဘွဲ့ရဖို့ လိုအပ်ချက် သတ်မှတ်တာတွေကို ပါမောက္ခတွေက လုပ်ပိုင်ခွင့် ရှိပါတယ်။ နောက်ပိုင်းမှာ ဒီအပြန်အလှန် ထိန်းကျောင်းနေတဲ့ စနစ်ကို အဆုံးသတ်ပြီး မြို့ရဲ့ အခွန်ထဲကနေ ပါမောက္ခတွေကို လစာပေးတဲ့ စနစ်နဲ့ အစားထိုးပြီး ပြည်သူ့ တက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။
ဘိုလော့ဂ်နာ တက္ကသိုလ်ဟာ ကျမ်းစာသင်ကြားမှုနဲ့ အရပ်ဘက် ဥပဒေကို သင်ကြားရာမှာ သမိုင်းဝင် ဖြစ်ပါတယ်။ အထူးသဖြင့် ၁၀၇၀ လောက်ကတည်းက ရောမ ဥပဒေကို သင်ကြားပို့ချခဲ့ပြီး မြေထဲပင်လယ်ခေတ် ရောမဥပဒေ တိုးတက်ဖွံ့ဖြိုးရေးအတွက် အဓိက ဗဟိုချက် ဖြစ်ခဲ့ပါတယ်။ ကျောင်းသားပေါင်း ၈ သောင်းခွဲကျောကို ပညာသင်ပေးနေတဲ့ တက္ကသိုလ်လည်းဖြစ်ပါတယ်။၂၀၁၆ QS ကမ္ဘာ့တက္ကသိုလ် သတ်မှတ်ချက်မှာ ဘိုလော့ဂ်နာ တက္ကသိုလ်ဟာ အဆင့် ၂၀၈ ဖြစ်ပြီး အီတလီ နိုင်ငံအတွင်းမှာတော့ အဆင့် ၁ ဖြစ်ပါတယ်။
၃။ Karaouine တက္ကသိုလ် ၊ အေဒီ ၈၅၉
ဂင်းနစ်မှတ်တမ်းမှာတော့ လက်ရှိရှိနေဆဲ ရှေးအကျဆုံးတတ္ကသိုလ်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ မော်ရိုကိုနိုင်ငံ Fez မြို့မှာ တည်ရှိခဲ့ပြီး ပထမဆုံးဘွဲ့ပေးစနစ်ကို ကျင့်သုံးခဲ့တဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ အာရပ်အမျိုးသမီးတစ်ယောက်ဖြစ်သူ Fatima al-Fihri က အေဒီ ၈၅၉ခုနှစ်မှာ တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ အစ္စလမ်ဘာသာဆိုင်ရာ ပညာရပ်အများစုကို ဦးစားပေး သင်ကြားပေးခဲ့ပြီး အင်္ဂလိပ် နဲ့ ပြင်သစ်လို ဘာသာရပ်အနည်းငယ်ကိုလည်း ထည့်သွင်းသင်ကြားခဲ့ပါတယ်။
၁၉၆၃ခုနှစ်ရောက်မှသာ ခေတ်မီပညာရေး တက္ကသိုလ်စနစ်ကို စတင်ခဲ့တဲ့ တက္ကသိုလ်လည်းဖြစ်ပါတယ်။ ဒီတက္ကသိုလ်ကြီးမှာ ရှားပါးတဲ့ စာအုပ် နဲ့ ရှေးဟောင်း အာရေဗျ လက်ရေးစာမူပေါင်း ၄၀၀၀ကျော် ကို ထိန်းသိမ်းထားတဲ့ ကမ္ဘာ့ရှေးအကျဆုံးစာကြည့်တိုက်ကြီး တစ်ခုအပြင် ဗလီတစ်ခုလည်းရှိနေပါတယ်။ ၂၀၁၂ခုနှစ် စာရင်းအရတော့ ဒီတက္ကသိုလ်မှာ တက်ရောက်သင်ကြားသူပေါင်း ၈ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။
၂။ နာလန္ဒာ တက္ကသိုလ် ၊ အေဒီ ၅ရာစု
နာလန္ဒာမြို့ဟာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ တည်ရှိခဲ့ပြီး ၅ရာစုခန့်မှာ ကုမာရဂုပတ္တမင်းက တည်ထောင်ခဲ့ပါတယ်။ နာလန္ဒာ ဆိုတာကတော့ အသိပညာ အတတ်ပညာကို ကိုယ်စားပြုတဲ့ကြာပန်း ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ စတင်တည်ထောင်ချိန်မှ စ၍ ရာစုပေါင်း ၆ရာစု ကျော်(၁၂ရာစုခန့်အထိ) တိုးတက်စည်ပင်ခဲ့တဲ့ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်ကြီးဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၁သိန်း ၃ကျော် ကျယ်ဝန်းပါတယ်။ ကျောင်းသားများအတွက် အဆောင်ပေါင်း ၂၀၀ နီးပါး ပါဝင်ပါတယ်။
ပါဠိသဒ္ဒါကျမ်း၊ သက္ကတသဒ္ဒါကျမ်း၊ ဒဿနိကဗေဒကျမ်း စတဲ့ အဌာရသ ၁၈ ရပ်ကို သင်ကြားပေးတဲ့ တက္ကသိုလ်ကြီးဖြစ်ပါတယ်။ ဂုဏ်သတင်းအလွန်ကြီးမားခဲ့ပြီး တရုတ် ၊ ကိုရီးယား ၊ ဂျပန် ၊ တူရကီ ၊ တိဘက် ၊ ပါရှား အစရှိတဲ့ အာရှနိုင်ငံအများစုမှ ကျောင်းသားများလာရောက်ပညာ သင်ယူခဲ့တဲ့ တက္ကသိုလ်ကြီးဖြစ်ပါတယ်။
အလွန်ကျယ်ဝန်းသော စာသင်ခန်းမကြီးများ ၊ ၁၂ပေ ပတ်လည်ရှိတဲ့ အုတ်ရေတွင်းကြီးများအပြင် ၊ ပန်းပေါင်းစုံဖူးပွင့်နေတဲ့ ဥယျာဉ် ၊ ရေကန်ကြီးတွေလည်း ရှိခဲ့ပါတယ်။ စာအုပ်ပေါင်း ၉ သန်းခန့်ရှိတယ်ဆိုသော Ratnasagar, Ratnodadhi and Ratnarandaka အဆောက်အအုံ ၃ခုနဲ့ဖွဲ့စည်းထားတဲ့ စာကြည့်တိုက်ကြီးတစ်ခုလည်းရှိခဲ့ပါသေးတယ်။
ဒီလိုအစဉ်အလာကြီးမားတဲ့ တက္ကသိုလ်ကြီးဟာ အေဒီ ၁၁၉၃ခုနှစ် မှာတော့ အိန္ဒိယမြောက်ပိုင်းကနေ ဝင်ရောက်ခဲ့တဲ့ တူရကီ Mamluk မင်းဆက် က စစ်ဗိုလ် မိုဟာမက်ဘက်ခီးယာခီးဂျီး(Bakhtiyar Khilji) ဟာ သူ့ရဲ့စစ်တပ်နဲ့ အတူ တက္ကသိုလ်အဆောက်အအုံတွေကို ဖျက်စီးခြင်း ၊ မီးရှို့ခြင်း ၊ လူသူရဟန်းတို့ကို သတ်ဖြတ်ခြင်းတွေပြုလုပ်ခြင်းနဲ့ အတူ နာလန္ဒာတက္ကသိုလ်ကြီးဟာ ပျက်စီးခဲ့ရပါတယ်။ လက်ရှိမှာတော့ နလန္ဒာတက္ကသိုလ်သစ်ကို ပြန်လည်ဆောက်လုပ်ထားပေမယ့် တက္ကသိုလ်ဟောင်းရဲ့ အပျက်အစီးများကို ယနေ့ထက်တိုင် ကြေကွဲဖွယ် မြင်တွေ့နေရပါသေးတယ်။
၁။ ကမ္ဘာ့ပထမဆုံး တက္ကသိုလ် Taxila (သို့) တက္ကသီလာ ၊ ဘီစီ ၈ရာစု
တက္ကသီလာ ခေါ် တက္ကသိုလ်ပြည် ဆိုတဲ့ စကားလုံးကို စာတွေထဲမှာ မကြာခဏတွေ့ဖူး ကြားဖူးကြမှာပါ။ ရှေးရာဇဝင် ပုံပြင်တွေထဲမှာ မင်းညီမင်းသားတွေဟာ တက္ကသိုလ်ပြည်မှာ ပညာသွားသင်လေ့ရှိတယ်ဆိုတာ ပါလေ့ရှိပါတယ်။ အဲဒီ တက္ကသီလာ လို့ခေါ်တဲ့ တက္ကသိုလ်ဟာ တကယ်ရှိခဲ့ပါတယ်။ တက္ကသီလာကို Taxila ၊ Takṣaśilā ဟု ခေါ်ဝေါ်ကြပြီး အဓိပ္ပါယ်ကတော့ ဖြတ်ထားတဲ့ကျောက်တုံးတွေနဲ့ ဆောက်တဲ့မြို့လို့ အဓိပ္ပါယ်ရပါတယ်။ တက္ကသီလာ (Taxila) ၊ တက္ကသီလ-ဆိုတာ ပါဠိစကားပေါ့။
တက္က=ယုတ်လျော့သည်ကို ဖြည့်ဆည်းခြင်း၊ သီလ=အလေ့။ ဒီတော့ ယုတ်လျော့ခြင်းကို ဖြည့်ဆည်းပေးလေ့ရှိတဲ့နေရာလို့ အဓိပ္ပါယ်ရတယ်။ ပညာဖြည့်ဆည်းပေးလေ့ ရှိတဲ့နေရာလို့ ဆိုလိုတာပါ။ တချို့ကလည်း တက္က=ကြံစည်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ပြီး ကြံစည်စဉ်းစားတဲ့အလေ့ရှိတဲ့နေရာ-လို့ ဖွင့်ဆိုကြတယ်။
တက္ကသိုလ်ဆိုပေမယ့် မြို့တစ်မြို့အဖြစ် တည်ရှိခဲ့တာဖြစ်ပြီး ပါကစ္စတန် ပန်ဂျပ်ပြည်(ရှေးအိန္ဒိယ) က Rawalpindi မှာ တည်ရှိခဲ့ပါတယ်။ ဒီနေရာဟာ ရှေးအခေါ် ဂန္ဓာရတိုင်းရဲ့ မြို့တော်ဖြစ်ခဲ့ပြီး အလွန်ထင်ရှားခဲ့ဖူးပါတယ်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၈၀၀ခန့်တည်းက ရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့အစောဆုံး ပထမဆုံး တက္ကသိုလ် ဖြစ်ပါတယ်။
ကမ္ဘာအနှံ့ကကျောင်းသားပေါင်း ၁သောင်းဝန်းကျင်ခန့် လာရောက်တက်ကြပါတယ်။ ဘေဘီလုံ ၊ ဂရိ ၊ ဆီးရီးယား နဲ့ တရုတ်က ကျောင်းသားတွေအပါအဝင်ပါ။ စတင် တက်ရောက်ရမယ့် ကျောင်းသားတွေဟာ အနည်းဆုံး ၁၆ နှစ် ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ကျွန်တော်တို့သိကြတဲ့ အဌာရသ ၁၈ ရပ် အပါအဝင် ဘာသာရပ်ပေါင်း ၆၀ ကျော် ကို သင်ကြားပေးခဲ့ပါသတဲ့။
တက္ကသိုလ်ကျောင်းဝန်းဟာ အလျား ၁မိုင် အနံ မိုင်ဝက် ကျယ်ပါတယ်။ စာသင်ခန်းပေါင်း ၃၀၀ ခန့်ရှိခဲ့ပြီး စာသင်ခုံတွေအတွက် ကျောက်တုံးတွေကို သုံးခဲ့ပါတယ်။ဒီတက်ရောက်ခဲ့တဲ့ကျောင်းသားတွေထဲမှာ အာသောကမင်းကြီးရဲ့ လက်ရုံး Kautilya ၊ ကောသလဘုရင် Prasenajit ၊ ဗုဒ္ဓရဲ့ဆေးဆရာဇီဝက Jivaka စသူတို့ပါဝင်ခဲ့ပါတယ်။
နှစ်ပေါင်း ၁၀၀၀ ကျော်ခန့် ခမ်းနားကြီးကျယ်စွာ ရပ်တည်ခဲ့တဲ့ ဒီတက္ကသိုလ်ကြီးဟာ အေဒီ ၅ ရာစု ဝန်းကျင်မှာတော့ ရှေးဟောင်းဂရိနယ်မြေဖြစ်တဲ့ Hindu Kush ကို ကျော်ဖြတ်ကာ ပန်ဂျပ်ပြည်ကို ဝင်ရောက်ခဲ့တဲ့ Huns လူမျိုးတွေ ရဲ့ အပြီးတိုင် ဖျက်စီးခြင်းကို ခံခဲ့ရပါတယ်။
အဲဒီအချိန်ကစလို့ ဒီနေရာဟာ တိမ်မြုပ် ပျောက်ကွယ်ခဲ့ပြီး ၁၉ရာစု အလယ်ပိုင်းလောက်မှာတော့ Taxila ရဲ့ အပျက်အစီးတွေကတစ်ဆင့် သုတေသနပညာရှင် Sir Alexander Cunningham က ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၁၉၈၀ မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာတစ်ခုဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိ ပါကစ္စတန်နိုင်ငံရဲ့ လာရောက်လည်ပတ်သူ အများဆုံးနေရာ တစ်ခုဖြစ်ပါတယ်။