ရေးသားသူ – ပံသုဥက္ကာ(သံတွဲ)
ငပလီ ဟု ဆိုလိုက်လျှင်အားလုံးသိကြမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ တစ်နိုင်ငံ သာလျှင် မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံ အသီးသီးသို့ပင် ထင်ရှားကျော်ကြား သည် မဟုတ်ပါလော ။ ငပလီ ကမ်းခြေ နာမည် ဖြစ်ပေါ်လာပုံ အဆင့်ဆင့်အား အနည်းငယ် ရှင်း ပြ ပါရစေ။
ရခိုင်ပြည့်ရှင် စန္ဒသူရိယမင်းကြီးလက်ထက်တော်တွင် မြတ်စွာဘုရားရှင် သည် မဟာသက္ကရာဇ် (၁၂၃) ခုနှစ်၌ ရခိုင်ပြည်နယ် ဓညဝတီမြို့တော်သို့ ကြွတော်မူပြီးလျှင် မဟာမုနိ ရုပ်ပွားတော်မြတ်ကို ကိုးကွယ်ပူဇော်ရန် ကိုယ်စား ထားခဲ့လေသည် ။
ထိုမှတစ်ဆင့် ဒွါရာဝတီ သံတွဲမြို့သို့ ကြွချီတော်မူလျက် တန့်တော်မူတောင် (ဗာသုတ) တွင် ရပ် တန့်တော်မူ၍ ဆံတော် နံတော် အံတော် စေတီ သုံးဆူအား ဗျာဒိတ်ပေးတော်မူ၏ ။ ထို စန္ဒသူရိယမင်းလက်ထက် မြတ်စွာဘုရား ဒွါရာဝတီ သံတွဲမြို့ သို့ ကြွချီတော် မူသောအခါ၌ သံတွဲမြို့တွင် ဘုရင်ခံ ဖြစ်သော “ သိန္ဒဝ မင်း ” အုပ်ချုပ်လျှက် ရှိပါသည် ။
သိန္ဒဝမင်း သည် မြတ်စွာ ဘုရားရှင် အား ကြည်ညိုလွန်းလှသည်ဖြစ်ရာ ဒွါရာဝတီ သံတွဲမြို့၌ လည်း မဟာမြတ်မုနိ ရုပ်ပွါးတော် ကဲ့သို့ ရုပ်ပွါးတော် တစ်ဆူ ကိုးကွယ်လိုသောဆန္ဒ ပြင်းပြလျှက် ရှိခဲ့ပါသည်။
သို့သော် စန္ဒသူရိယမင်းမှ ခွင့်မပြု၍ နောင်ပွင့်လတ္တံ့သော အရိမေတ္တေယျ ရုပ်ပွါးတော်ကိုသာ သွန်းလုပ် ကိုးကွယ် ပူဇော်ခဲ့ ရပါသည်။ ထို အရိမေတ္တေယျ ရုပ်ပွါးတော်မှာ ရွှေပိဿာချိန် တစ်ကုဋေကျော်ဖြင့် သွန်းလုပ်ထားသော ရွှေသား စစ်စစ် ဖြစ်ပါသည်။ ဉာဏ်တော်မှာ ရှစ်တောင် မြင့်၏။
ဂေါတမမြတ်စွာ ဘုရားရှင်သည် ရခိုင်ပြည်မှ ပြန်လည်ကြွတော် မူပြီး နောက်နှစ် မဟာသက္ကရာဇ် (၁၂၄) ခုနှစ်၊ တပေါင်းလတွင် စိတ္တသကျ အမည်ရှိ ပန်းပုဆရာကြီးမှ သွန်းလုပ်ခဲ့သည်ဟု ဆိုပါသည်။
ကောဇာသက္ကရာဇ် (၃၈) ခုနှစ်တွင် တတိယ ဓညဝတီ ရခိုင်ပြည်၌ သူရိယဇေဋ္ဌ မင်းကြီး နှင့် မိဖုရား ဣစစ္ဆာမယ တို့ အုပ်ချုပ်စိုးစံခဲ့ပါသည် ။ ထို မင်း လက်ထက် ဒွါရာဝတီ သံတွဲမြို့တွင် သီရိဝိဇယ ဗိုလ်မင်း မြို့စားအဖြစ် အုပ်ချုပ်ခဲ့ပါသည်။
ရွှေသားစစ်စစ်ဖြင့် သိန္ဒဝမင်း လက်ထက်မှစ၍ ကိုးကွယ်ခဲ့သော ရုပ်ပွါးတော်မှာ သီရိဝိဇယဗိုလ်မင်း လက်ထက်တိုင်အောင်ပင် ဆက်လက် ကိုးကွယ်လျက်ပင် ရှိခဲ့ပါသည်။ ထို ဗိုလ်မင်းလက်ထက်တွင် ဒွါရာဝတီ သံတွဲမြို့၌ (တံငါ) ပိုက်လုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင် နေကြသော အချိန်ခါဖြစ်ခဲ့ ပါသည်။
ပင်လယ် ကမ်းခြေတွင် ရေလုပ်သားများ ရွာတည်၍ နေထိုင် ခဲ့ကြပါသည်။ ထိုအချိန်ကာလ တွင် ပင်လယ်တွင်း၌ “ ငါး ပါး နီ ” ဟုခေါ်သော ပါးနီနီ နှင့် ငါးများ ပေါများ သောအချိန်လည်း ဖြစ်ခဲ့ပါသည်။
ငါးပါးနီ များသည် အရသာကောင်းမွန်ပါသဖြင့် လူကြိုက်များလှ၍ ရခိုင်ပြည်နယ် အနှံ့သာမက အနောက် ပြည်ဖြစ်သော မောက်သူဇာ ၊ စစ်တကောင်း ၊ ပန်းဝါ ၊ ဖလောင်းချိတ် စသည့် ဒေသများထိ အောင်ပင် နာမည်ကြီး ကျော်ကြားခဲ့ ပါသည်။ တင်ပို့ရောင်းချမှုကိုလည်းပြုခဲ့ပါသည် ။
၎င်း ငါးပါးနီ များသည် အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်လုပ်ငန်းအဖြစ် ဒွါရာဝတီ သံတွဲမြို့ တွင် လုပ်ကိုင် နေခဲ့ကြကြောင်း သီရိဝိဇယ ဗိုလ်မင်း လက်ထက် မှာပင် အထောက် အထားများအရ တွေ့မြင်နိုင်ခဲ့ပါသည် ။ ထို ပါးနီနီ နှင့် ငါးပါးနီများကို ရခိုင်လို ဒွါရာဝတီသံတွဲမြို့ အသံထွက်အားဖြင့် “ င ပနီ ” ဟု ခေါ်ကြ ပါသည်။
ထို ငါးပါးနီထွက်ရှိရာ ပင်လယ်ကမ်းခြေ ရွာလေးကို “ ငပနီ ” ရွာ ဟု ခေါ်ခဲ့ကြပါသည်။ ၎င်း ငပနီရွာသည် တတိယ ဓညဝတီခေတ် သူရိယဇေဋ္ဌ မင်းကြီးလက်ထက် သံတွဲမြို့စား သီရိဝိဇယ ဗိုလ်မင်း အုပ်ချုပ်သည့် အချိန်ကာလ မှာပင် ထင်ရှားတည်ရှိ နေပါကြောင်း သိရှိခဲ့ ရပါသည် ။
၎င်း အချိန်တွင် သရေခေတ္တရာမှ သုပညာနဂရဆိန္ဒမင်း သည် စစ်သည်ဗိုလ်ပါ အလုံးအရင်းဖြင့် သံတွဲမြို့ ကို တိုက်ခိုက်၍ အရိမေတ္တေယျ ရုပ်ပွါးတော်ကို အရည်ကျို ဖျက်ဆီးယူဆောင် သွားခဲ့ပါသည်ဟုရခိုင်သမိုင်းတစ်ချို့ကဆိုသည်။ ထို့ကြောင့် သရေခေတ္တရာ ပျက်စီးရကြောင်း သမိုင်းမှတ်တမ်းတွင် တွေ့ရှိနိုင်မည် ဖြစ်ပါသည် ။
(သရေခေတ္တရာမှတ်တမ်းတွင်တော့ သုပညာနဂရဆိန္ဒမင်း က ပြုလုပ်ခြင်းမဟုတ်ပဲ ၊ အိမ်ပြန်ချင်လှသော မှူးမတ်များက မကြံအပ်မစည်ရာကို ကြံစည်ခဲ့ခြင်းဖြစ်သည်။ ကမ်းယံပြည်ဟု ပါရှိသည်) ထိုခေတ် ကာလမှစ၍ ခေတ်အမျိုးမျိုးကို ဖြတ်ကျော်လာခဲ့ပြီး ကာလကြာရှည် လာသော် ငပနီ မှ ငပလီ ဖြစ်လာခဲ့ကြောင်း သမိုင်းရာဇဝင် နှင့် မှတ်စုများ ၊ သုတေသီများ၏ ရှာဖွေ လေ့လာ မှုများတွင် တွေ့ရှိ လာခဲ့ရပါသည် ။
ဤ ကား ငပနီ ရွာ မှအစပြု၍ “ ငပလီ ” ဟုဖြစ်ပေါ်လာခဲ့သော အကြောင်း ရင်း ဖြစ်ပါကြောင်း..။
(အထက်ပါအကြောင်းအရာသည် သမိုင်းမှတ်တမ်းထဲမှထုတ်နှုတ်ထားခြင်းဖြစ်သည်။
နောက်တစ်မျိုးမှာ ၁၈၂၆ခုနှစ် ပထမ အင်္ဂလိပ်မြန်မာစစ်အပြီး ထိုနေရာကိုရောက်လာကြသော အီတလီလူမျိုးများက အီတလီရဲ့ အထင်ကရမြို့ နေပလီ(Naples) ကမ်းခြေ နှင့်တူသောကြောင့် နေပလီဟု ခေါ်ကြရာမှ ရခိုင်လူမျိုးများအသံထွက်ဖြင့် ငပလီဟူ၍ ဖြစ်လာခဲ့သည်ဟု လည်းဆိုကြသည်)
ပံသုဥက္ကာ(သံတွဲ)