အာဏာအရှိဆုံး အီဂျစ် ဘုရင်မ နာဖာတီတီ

Posted on

အီဂျစ် ဘုရင်မလို့ ဆိုလိုက်ရင် ကျွန်တော်တို့ အများဆုံးသိကြတာကတော့ ကလီယိုပက်ထရာဘုရင်မပဲ ဖြစ်ပါတယ်။ ကလီယိုပက်ထရာ ကျော်ကြားရခြင်း အကြောင်းကတော့ သူမရဲ့အလှအပ အပြင် ရောမစစ်သူကြီး ဂျူးလီယက်ဆီဆာနဲ့ ပတ်သတ်မှုတွေကြောင့် ပါဝင်ပါတယ်။ တကယ့်သမိုင်းထဲမှာတော့ သူမထက် ထက်မြက်ပြီး သြဇာကြီးတဲ့ ဟတ်ရှပ်ဆပ် နဲ့ နာဖာတီတီ တို့လို ဘုရင်မတွေရှိပါသေးတယ်။ ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများကို ဘုရင်မ နာဖာတီတီရဲ့အကြောင်းကို ဝေမျှချင်ပါတယ်။

နာဖာတီတီ ဟာ အီဂျစ်ရဲ့ ဘုရင်မတစ်ပါးဖြစ်ပြီး လူသိများတဲ့ဖာရိုဘုရင်တစ်ယောက်ဖြစ်တဲ့ အာခီနာတန်(Amenhotep IV))ရဲ့ မိဖုရားကြီးလည်း ဖြစ်ခဲ့ပါတယ်။ နာဖာတီတီဆိုတဲ့ အဓိပ္ပါယ်ကတော့ အလှတရားများစုစည်းရာ လို့ အဓိပ္ပါယ်ရပါသတဲ့။

သူမကို ဘီစီ ၁၃၇၀ ခုနှစ်ခန့်မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ဖခင်ကတော့ ၁၈ဆက်မြောက်ဖာရိုဘုရင်ဖြစ်လာမယ့် Ay ပါ။(တချို့ကတော့ Ay ဟာ သူမရဲ့မွေးစားအဖေသာဖြစ်တယ်လို့ ဆိုကြတယ်) သူမ နဲ့ သူမခင်ပွန်း ဘုရင် အာခီနာတန်ကို အီဂျစ်ကိုးကွယ်မှု တစ်ခေတ်ပြောင်းစေခဲ့သူတွေ အဖြစ် သိကြပါတယ်။

သူတို့မတိုင်ခင် အီဂျစ်ဖာရိုဘုရင်တွေလက်ထက်မှာ နတ်ဘုရားအမျိုးမျိုးကို ကိုးကွယ်ခဲ့ကြပါတယ်။ အာခီနာတန်လက်ထက်မှာတော့ နတ်ဘုရားမျိုးစုံကိုးကွယ်မှုကို ဖယ်ရှားစေခဲ့ပြီး နတ်ဘုရားတစ်ပါးတည်းကိုသာ ကိုးကွယ်စေခဲ့ပါတယ်။ သူတို့ကိုးကွယ်တဲ့ နတ်ဘုရားကတော့ နေနတ်ဘုရား “အတ်တန် (Aten)” ဖြစ်ပါတယ်။ Thebes ရဲ့အစောပိုင်းနှစ်တွေမှာ သူတို့ဟာ Karnak ပတ်ဝန်းကျင်မှာ ဘုရားကျောင်းပေါင်းများစွာကို တည်ဆောက်ခဲ့ကြပါတယ်။

လေ့လာသူ ပညာရှင်တချို့ကတော့ နာဖာတီတီဟာ နာဖာတီတီဟာ အာခီနာတန်လက်ထက်မှာ အတူတူတိုင်းပြည်ကို အုပ်ချုပ်ပြီး အာခီနာတန်သေပြီးတဲ့နောက် နဲ့ တူတန်ခမန်ဘုရင်လေးနန်းမတက်မီကြားကာလမှာလည်းအီဂျစ်ပြည်ကို အုပ်စိုးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ဟာ ရှေးဟောင်းအီဂျစ်ရဲ့ အကြွယ်ဝဆုံး အချိန်ဖြစ်တယ်လို့ သိရပါတယ်။ ဘုရင်မ နာဖာတီတီကို ရည်ညွှန်းခေါ်တဲ့ နာမည်ပေါင်းများစွာရှိပါတယ်။ အမွေဆက်ခံမင်းသမီး ၊ ချီးမွမ်းခြင်းများရဲ့ အရှင်သခင်မ ၊ ဂုဏ်ကျက်သရေရှိတဲ့ မိန်းမ ၊ အလှဆုံးမိန်းမပျို ၊ အထက်အောက် အီဂျစ်နှစ်ခုစလုံးရဲ့ အရှင်သခင်မ စသည်ဖြင့်ပေါ့။

သူမရဲ့ အထင်ရှားဆုံးက ပုံမှန်လူတွေနဲ့ မတူတဲ့ ခန္ဓာကိုယ်အထက်ပိုင်းပါ။ သူမရဲ့လည်တိုင် နဲ့ ဦးခေါင်းဟာ ရှည်လျားနေပါတယ်။ သူမရဲ့လည်ပင်းအပေါ်ပိုင်း ရုပ်တုကို ဘာလင်မြို့က Neues ပြတိုက်မှာပြသထားပါတယ်။ သက်တမ်း နှစ်ပေါင်း ၃၃၀၀ကျော်ရှိပြီဖြစ်တဲ့ ဒီရုပ်တုကို ၁၉၁၂ခုနှစ်တုန်းက သုတေသနပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီရုပ်တုကို ထုခဲ့သူကတော့ ဘီစီ ၁၄ရာစုက အီဂျစ် တော်ဝင် ပန်းပုဆရာကြီး Thutmose ပဲဖြစ်ပါတယ်။ ဒီရုပ်တုဟာ ရှေးဟောင်းအီဂျစ်ပြည် လူမျိုးတွေရဲ့ခန္ဓာကိုယ် အချိုးအစားပြယုဂ်လို့ မှတ်ယူကြပါတယ်။

တချို့ကတော့ နာဖာတီတီဟာ ဘုရင်လေးတူတန်ခမန်ရဲ့ မိခင်ဖြစ်တယ်လို့ ဆိုပေမယ့် တချို့ကတော့ ဒါကိုလက်မခံကြပါဘူး။ အာခီနာတန် နဲ့ နာဖာတီတီတို့မှာ ကလေး ၆ယောက်ရခဲ့ပေမယ့် ၆ယောက်စလုံးဟာ မိန်းကလေးတွေဖြစ်နေပါတယ်။ ဒါကြောင့် အာခီနာတန်ဟာနောက်ထပ်မိဖုရားငယ်တွေထပ်ထပ်ယူပြီးတော့မှ အဲဒီထဲကတစ်ယောက်ဟာ တူတန်ခမန်ဘုရင်လေးကို မွေးခဲ့တယ်လို့ ဆိုကြပြန်ပါတယ်။ ဒါဆိုရင်တော့ နာဖာတီတီဟာ တူတန်ခမန်ဘုရင်လေးရဲ့ မိထွေးလို့ ဆိုရပါမယ်။

နာဖာတီတီဟာ မိဖုရားဖြစ်ပေမယ့် သူမခင်ပွန်း အာခီနာတန်နဲ့ အာဏာတန်းတူရှိပါတယ်။ အာခီနာတန်ဘုရင်ကလည်း နာဖာတီတီကို အလွန်ချစ်တယ်လို့ သိရတယ်။ သူတို့ရဲ့ရုပ်တုတွေ နံရံပန်းချီတွေမှာ အမြဲယှဉ်တွဲပြီး တွေ့ရလေ့ရှိတယ်။ ရထားကို အတူယှဉ်တွဲစီးတယ် ၊လူမြင်ကွင်းမှာတောင် အနမ်းဖလယ်ကြတယ် လို့ ဆိုကြတယ်။

အာခီနာတန်ဟာ မကြာခဏခရီးရှည်ကြီးတွေထွက်လေ့ရှိတဲ့အခါ တိုင်းပြည်တစ်ပြည်လုံးကို နာဖာတီတီက အုပ်ချုပ်ရပါတယ်။ သူမနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ယနေ့ el-Amarna လို့ခေါ်တဲ့နေရာမှာ နေနတ်ဘုရားအတွက် အာခီတာတန်မြို့(Akhetaton) ကိုတည်ဆောက်ခဲ့ကြတယ်။ မြို့ရဲ့အလယ်မှာ ကြီးမားတဲ့နန်းတော်ကြီးကိုတည်ဆောက်ထားပြီး နတ်ဘုရား Aten ပူဇော်ပွဲကို နေ့ညမပြတ် ပြည်သူပြည်သားတွေနဲ့ အတူကျင်းပလေ့ရှိပါတယ်။

နာဖာတီတီဟာ အဲဒီခေတ်က အုပ်ချုပ်ရေးပိုင်းရဲ့ အရေးအကြီးဆုံးနေရာက ပါဝင်နေတယ်လို့ ပညာရှင်တွေက ယူဆကြတယ်။ အီဂျစ်က ရှေးဟောင်းသုတေသန ဆိုဒ်အများစုမှာ သူမရဲ့ပုံတွေကို ဘုရင်တွေထက်တောင် ပိုတွေ့ရသေးတယ်လို့ ဆိုတယ်။ ဒီအထဲမှာ နှစ်ဘီးတပ်စစ်ရထားမောင်းနေတဲ့ ပုံနဲ့ ရန်သူတစ်ယောက်ကို ရိုက်နှက်နေတဲ့ပုံတွေဟာ ထင်ရှားတယ်။

နာဖာတီတီဘုရင်မဟာ ဝတ်စားဆင်ယင်မှုပိုင်း မှာ လည်း ထူးခြားဆန်းပြားတဲ့ တီထွင်မှု တွေကြောင့် သူမရဲ့ဖက်ရှင်တွေဟာ ယနေ့ခေတ်အထိ ကျော်ကြားလျှက်ရှိပါတယ်။ Galena ဆိုတဲ့အပင်ကို အသုံးပြုပြီး သူမအတွက် ကိုယ်ပိုင်မိတ်ကပ်တစ်မျိုးကို တီထွင်အသုံးပြုခဲ့တယ် လို့လည်းသိရတယ်။

နာဖာတီတီရဲ့ သေဆုံးချိန်ကို ဘီစီ ၁၃၃၀ လို့ခန့်မှန်းထားကြပေမယ့် ဘယ်အချိန် ဘယ်နေရာမှာ နာဖာတီတီသေဆုံးသွားလဲ ဆိုတာကတော့ ပညာရှင်တွေ အခုထိတိတိကျကျရှာမတွေ့ကြသေးပါဘူး။ နာဖာတီတီဆိုတဲ့နာမည်ဟာ အုပ်ချုပ်ပြီး ၁၂နှစ်ကြာပြီးတဲ့နောက်မှာ မှတ်တမ်းတွေထဲက လုံးလုံးလျားလျားကွယ်ပျောက်ခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့် သူမသေဆုံးနဲ့ ပတ်သတ်လို့ ယူဆချက်တွေ အမျိုးမျိုးထွက်လာပါတယ်။

သူမဟာ အဲဒီအချိန်မှာကတည်းက ရောဂါတစ်ခုကြောင့်သေဆုံးသွားခဲ့ပြီလို့ ပညာရှင်တချို့ကဆိုကြပေမယ့် သုတေသနပညာရှင်အချို့ကတော့ ဒါကိုလက်မခံပါဘူး။ မှတ်တမ်းတွေမတွေ့ရတော့ပေမယ့် ပုံရိပ်တွေမှာတွေ့ရတဲ့ သူမရဲ့ ပုံရိပ်တွေဟာ ဖာရိုတစ်ပါးသဖွယ်ဖြစ်နေတာကြောင့် သူတို့ကတော့ နာဖာတီတီဟာ Thebes မြို့ ကနေ Amarna မြို့ကို ပြန်ပြီး နာမည်ပြောင်းကာ ဖာရိုဘုရင်တစ်ပါးအဖြစ် အုပ်ချုပ်ခဲ့တယ်ဆိုတဲ့ အယူအဆကို ပိုလက်ခံကြပါတယ်။

နာဖာတီတီရဲ့ သင်္ချိုင်းနဲ့ မံမီကိုတော့ ယခုတိုင် အတိအကျရှာမတွေ့ကြသေးပါဘူး။ ဒါပေမယ့် ၁၈၉၈ခုနှစ်တုန်းက ဘုရင့်တောင်ကြားက Amenhotep II ဘုရင်ရဲ့ ဂူသင်္ချိုင်းထဲမှာ အမျိုးသမီးမံမီနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒီမံမီနှစ်ခုကို ‘The Elder Lady’ နဲ့ ‘The Younger Lady ဆိုပြီး နာမည်တွေပေးထားကြပါတယ်။

ဒီအထဲက ‘The Elder Lady’ ဟာ နာဖာတီတီရဲ့ မံမီဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ဒါကတော့ ဒီမံမီရဲ့သက်တမ်းဟာ နာဖာတီတီပျောက်ကွယ်သွားစဉ်အချိန်လောက်က ဖြစ်တာရယ် ၊ တပိုင်းတစသာ ရှိတော့တဲ့ မံမီရဲ့လယ်တိုင်ဟာ နာဖာတီတီရဲ့ လည်တိုင်နဲ့တူနေတဲ့တစ်ချက်ရယ်ကို ကြည့်ပြီး ယူဆကြခြင်းသာဖြစ်ပါတယ်။ ဒိမံမီရဲ့ သွားတွေကိုကြည့်ပြီး မံမီရဲ့အသက်ဟာ ၂၉နှစ် နဲ့ ၃၈ကြားမှာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အထောက်အထား မရှိတဲ့အတွက် ဒီမံမီဟာ နာဖာတီတီဖြစ်တယ်လို့ အတိအကျ မပြောနိုင်သလို တချို့ကတော့ ဒီမံမီဟာ နာဖာတီတီရဲ့ သမီး Ankhesenamun လို့ ယူဆကြပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ အင်္ဂလိပ် သုတေသနပညာရှင် Nicholas Reeves က တူတန်ခမန်ဘုရင်လေးရဲ့ဂူထဲက နံရံရဲ့နောက်မှာ နောက်ထပ်လမ်းကြောင်းနှစ်ခုကို တွေ့ရှိထားပြီလို့ ကြေငြာခဲ့ပါတယ်။ ဒီအထဲက ပိုကြီးတဲ့ တံခါးပေါက်လမ်းကြောင်းမှာ နာဖာတီတီရဲ့သင်္ချိုင်းကိုတွေ့နိုင်မယ် လို့မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် ယခုထိတိုင် ဘာမှမထူးသေးပါဘူး။

အီဂျစ်ဖာရိုဘုရင်တွေရဲ့ သမိုင်းလျို့ဝှက်ချက်တွေဟာ သမိုင်းပညာရှင်တွေကို ယနေ့တိုင် ပဟေဠိတွေ ပေးနေကြဆဲ ဖြစ်ပါတယ်။ ဒါကတော့ အီဂျစ်ဘုရင်မ နာဖာတီတီ ရဲ့ အကြောင်းအရာ ဟိုတစ်စ ဒီတစ်စ တွေကို စုစည်းပြီး သုတဇုန် မိတ်ဆွေများအတွက် မျှဝေလိုက်ခြင်းသာ ဖြစ်ပါတယ်။