ရေးသားသူ – မြေနီသစ္စာ
ပန်းဘဲမင်းကြီးသည် စိတ်ခက်ထန်၏။ မင်းယောက်ဖ၊ မိဖုရားမောင်ကအစ အပြစ်ရှိလျှင် ရှိသလို ဆုံးမထုထောင်းသည်။ မင်းကိုလည်း ရဲဝံ့စွာ လျှောက်တင်တတ်သည်။ ရာထူးမမက်၊ မဟုတ်မခံ သတ္တိရှိသည်၊ ရဲရင့်သည်။ အပြစ်ရှိသူကို ရိုက်နှက်ဆုံးမလျှင် ဝင်ရောက်တားမြစ်ခြင်း မရှိ။ ကြည့်နေတတ်သည်။ အရိုက်ခံရသူပြေးလျှင် ချမ်းသာပေးသည်။ ထိုအခါမှ ရယ်မောတော့သည်။
ပန်းဘဲမင်းကြီး၏ ငယ်မည်သည် ဦးမှိုဖြစ်သည်။ အင်းဝသားဇာတိ မှူးရိုးမတ်ရိုးဖြစ်သည်။ ဘကြီးတော်လက်ထက်တွင် လက်သုံးတော်ကြီးကိုင် ရာထူးကို ရသည်။ စရွံမြို့ကို စားသည်။ ရွှေဘိုမင်း ပုဂံမင်းတို့ လက်ထက်တွင် ပန်းဘဲဝန်၊ အတွင်းဝန်ကြီး၊ သေနတ်ဝန်ကြီး၊ ဆောက်လုပ်ရေးဌာနဝန်ကြီး စစ်ဝန်ကြီးတို့အဖြစ် ဆောင်ရွက်ခဲ့သည်။
ပန်းဘဲမင်းကြီးသည် မန္တလေးနန်းတော် မြို့တော်ကို ဦးစီးတည်ဆောက်ခဲ့သည်။ လုပ်သားပေါင်းမြောက်မြားစွာဖြင့် နန်းမြို့နေရာကို ခုတ်ထွင်ရှင်းလင်းသည်။ ပြကြီး၊ ပြငယ်၊ ကျုံးတော်၊ အုတ်မြို့ရိုး စသည်ဖြင့် ပိုင်းခြားရာတွင် ခြေလှမ်းကို အတိုင်းအတာထား၍ ငုတ်တိုင်စိုက်သည်။ နန်းမြို့တော်ကို မြင်းမိုရ်တောင်သဏ္ဌာန်နဲ့ ဖန်ဆင်းဆောက်လုပ်သည်။နန်းတော်ကို အမရပူရနန်းတော်ပုံအတိုင်း ဆောက်သည်။ နန်းတော်ဟောင်းက အချို့ကို မန္တလေးနန်းတော်သစ်တွင် အသုံးပြုသည်။ ခြေလှမ်းဖြင့် တိုင်းတာပြီး ပန္နက်ချတွင်းတူးသည်။
နန်းတော်အထက်ဆင့်ရှိ ပြာသာဒ်၊ ထုပိကာ၊ စုလစ်မွမ်းချွန်တို့ကိုလည်း မျက်စိဖြင့် တိုင်းထွာစီမံသည်။ ခန့်ခွဲဆောက်လုပ်စေသည်။ မင်းကြီးသည် မြေကြီးပေါ်မှာရပ်၍ မျက်စိတစ်ဖက်မှိတ်ကာ အထက်ဆင့်ကို မော့ကြည့်သည်။ လက်နှင့် အတိုင်းအထွာပြုသည်။ အတိုအရှည် အပိုအလိုတို့ကို မျက်စိဖြင့်ကြည့် မှန်းချက်အတိုင်း ညွှန်ကြားစေခိုင်းသည်။ သို့ဖြင့် ပုံစံကျ နန်းမြို့တော်ကြီး ဖြစ်လာသည်။
ပန်းဘဲမင်းကြီး၏ အတိုင်းအထွာ အမှတ်အသားသည် သူ့ခြေနှင့် သူ့မျက်စိတွင်သာ ထားသည်။ ခြေဖြင့်ထွာသည်။ မျက်စိဖြင့် ကြည့်မှန်းတိုင်းဆသည်။ သို့ဖြင့် လိုရာအတိုင်း မစောင်းမရွဲ့ အတိအကျရသည်။ တည်ဆဲနန်းမြို့တော်နှင့် ကျုံးတို့သည် ပန်းဘဲမင်းကြီး၏ ခြေလှမ်းကိုတာဖွဲ့၍ တည်ခဲ့ခြင်းဖြစ်သည်။ ဤနည်းအတိုင်း မြို့တွင်းတွင် ပြကွက်ချ၍ ရာထူးကြီးငယ်အလိုက် အကွက်ရိုက်ကာ ဝင်းတော်အိမ်တော်များကို ဆောက်လုပ်စေသည်။
အိမ်တော်ရာဘုရား၊ လောကမာရဇိန်စေတီ၊ မြောက်ပြင်စံကျောင်း သာသနာပိုင်တိုက်တို့ကို ပန်းဘဲမင်းကြီးပင်လျှင် စီမံဆောက်လုပ်သည်။ ၁၂၃၃ ခုနှစ်တွင် ပန်းဘဲမင်းကြီးသည် မင်းတုန်းမင်းကိုယ်စား ရွှေတိဂုံစေတီတော်ကို ထီးတော်တင်ရန် ရန်ကုန်မြို့သို့ ရောက်လာသည်။ ထိုအချိန်က ရန်ကုန်သည် အင်္ဂလိပ်လက်အောက်တွင်ရှိ၍ အင်္ဂလိပ်ကို ခွင့်တောင်းရသည်။ အင်္ဂလိပ်က ထီးတင်ရက်ကို တနင်္ဂနွေနေ့ ပေးသည်။ မင်းတုန်းမင်းက အင်္ဂါနေ့ကို လိုချင်သည်။ ပန်းဘဲမင်းကြီးသည် တနင်္ဂနွေနေ့တွင် ထီးတော်မတင်ဖြစ်အောင် သူ့အတတ်ပညာဖြင့် စီမံသည်။ အင်္ဂါနေ့ကျမှ ထီးတော်တင်ဖြစ်အောင် ဆောင်ရွက်ပေးသည်။
ပန်းဘဲမင်းကြီး၏ ဦးနှောက်ထဲတွင် ပုံသေနည်းတို့ ရှိနေသည်လားမသိ။ စေတီတည်လိုလျှင်၊ ကျောင်းဆောက်လိုလျှင်၊ ဖိနပ်တော် အဆောင်မည်မျှခင်းလျှင်၊ ဉာဏ်တော်မည်မျှ ပြာသာဒ်ဘုံဘယ်နှဆင့်ထားလျှင် ကျောင်းတိုင်အကွာအဝေး ဘယ်လောက် စသဖြင့် အသေးစိတ်ကို ပြောပြနိုင်၏။ သူ့တွင် စာရွက်ပြာ (Blue Print) အဆောက်အအုံပုံစံ မရှိ။ အတိုင်းအထွာ ကိရိယာမရှိ။ စိတ်မှတ်ပညာဖြင့် နှုတ်ကအလျင်အမြန် ပြောပြနိုင်ခြင်းဖြစ်၏။ ပုံသေနည်းအတိုင်း နှုတ်တိုက်ရနေလို့သာ ပြောပြနိုင်ခြင်း ဖြစ်သည်ဟု ယူဆရ၏။ အတိုင်းအထွာ ကိရိယာပစ္စည်း ပုံသေနည်း သက်သေခံတို့ မကျန်၍ မြန်မာလူမျိုးတို့ ညံ့ဖျင်းသည်ဟု ပြောလိုလျှင် သက်သေပြစရာများကား များလှသည်။ မန်းနန်းမြို့ အပါအဝင် တစ်နိုင်ငံလုံးရှိ ဘုရားဂူကျောင်းတန်ဆောင်း ပြာသာဒ်တို့ကိုကြည့်လျှင် သိနိုင်တော့၏။
မှော်ဘီဆရာသိန်းကြီးသည် မြန်မာမှု အမျိုးသားပညာရှိ တစ်ဦးဖြစ်၏။ မြန်မာမှု ရှေးဟောင်းနှောင်းဖြစ်တို့ကို လေ့လာလိုက်စားသည်။ သိသမျှကို စိစစ်ဖော်ထုတ်သည်။ ပန်းဘဲမင်းကြီး စာတမ်းငယ် (essay) သည် မှော်ဘီဆရာသိန်း စုဆောင်းထားသော အတ္ထုပ္ပတ္ထိတစ်ခု ဖြစ်၏။ မြန်မာတို့၏ အတတ်ပညာစွမ်းရည်ကို ဖော်ထုတ်ပြသသည်။ မြန်မာတို့အပေါ် အထင်သေးသူတို့ကို စိန်ခေါ်သည်။ အားရနှစ်သက်ဖွယ် လှုပ်ရှားတက်ကြွဖွယ် ကောင်းသည်။
အတတ်ပညာဟူသည် ဘယ်ပုံဘယ်နည်း တတ်သည်က အရေးကြီးသည် မဟုတ်ပေ။ ထိုအတတ်ပညာကို ဘယ်ပုံဘယ်နည်း အသုံးကျအောင် အသုံးချခြင်းသည်သာလျှင် အရေးကြီးပေသည်။ ဤသည်ကို ပန်းဘဲမင်းကြီး၏ စွမ်းဆောင်မှု သက်သေခံတို့ဖြင့် မယုံသူတို့ကို မှော်ဘီဆရာသိန်းကြီးက စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။ ပန်းဘဲမင်းကြီးသည် အတတ်ပညာရှိ၏။ သူ့အတတ်ပညာသည် သူ၏လျှို့ဝှက်ချက်ပင်ဖြစ်၏။ သို့သော် သူ့အတတ်ပညာ၏ အသုံးချမှုတို့ကိုကား လျှို့ဝှက်ထား၍ မရ။ မြင်နေတွေ့နေရ၍ မယုံစရာကား မရှိပေ။
ပန်းဘဲမင်းကြီး၏ ဤစာတမ်းငယ်သည် သုတပညာကို ပေးသလို ရသခံစားမှုကိုလည်း ပေါင်းစပ်ဖွဲ့စည်းပေးသည်။ မြန်မာတို့၏ ဗိသုကာအတတ်ပညာကို ပန်းဘဲမင်းကြီး၏ ထုဆစ်သွန်းလုပ် အားထုတ်တည်ဆောက်မှုတို့ကြောင့် အံ့သြရသည်။ ဂုဏ်ယူရသည်။ အလျှံမစဲ ပီတိဖြာဝေရသည်။ ထိုမျှမက ပန်းဘဲမင်းကြီး ဖန်တီးစွမ်းဆောင်ပေးခဲ့သည့် ကုံလုံကြွယ်ဝသော မြန်မာ့အလှတို့ကိုလည်း စွဲလမ်းနှောင်ဖွဲ့စွာပင် ယနေ့ထက်တိုင် ရှုမြင်တွေ့မြင် နေနိုင်ပေသည်။
မှော်ဘီဆရာသိန်း၏ ပန်းဘဲမင်းကြီး
မြေနီသစ္စာ