ကိုယ်ပေါ်မှာ လျှပ်စစ်ဓာတ်တွေဖြာထွက်နေသူ (သို့) Nikola Telsa

Posted on

ရေးသားသူ – ဟိန်း ( HeinFiveStrings)

နယူးယောက်မြို့၏လမ်းမတစ်ခုပေါ်တွင် ပြင်းထန်စွာကျနေသောမိုးသီးမိုးပေါက်များကိုအံတု၍ လူတစ်ယောက်ခပ်သုတ်သုတ်လျှောက်လာနေသည်။ ဖြတ်သန်းလူးလားနေသောသူများကလည်း သူ့ကိုစိတ်ဝင်တစားလည်ပြန်ကြည့်သွားကြစမြဲ။ ဟုတ်ပါသည်။ ရွှဲနစ်အေးစက်နေသောခန္ဓာကိုယ်၊ ဖြူဖျော့တုန်ရီနေသောနှုတ်ခမ်းတို့ဖြင့် ထိုလူသည် လက်ထဲမှ တစ်စုံတစ်ခုကို မိုးကာအင်္ကျီဖြင့် သေချာစွာပတ်ထား၏။ သူကိုယ်တိုင်ကားမဝတ်။

နံဘေးမှဖြတ်သွားသော ရထားလုံးတစ်စီးကို လှမ်းတားမည်ဟု ကြံရွယ်ပြီးမှ သူ့တွင် အမေရိကန်ငွေ ၄ဆင့်သာပါသည်ကို သတိရသဖြင့် စိတ်ကိုပြန်လျှော့လိုက်၏။ အတန်ကြာဆက်လျှောက်ပြီးသော် တစ်နေရာအရောက်တွင် ရပ်လိုက်သည်။ မိုးစက်တို့ကြောင့် မျက်လုံးကိုလက်ဝါးဖြင့်ကာ၍ သေချာအောင်ကြည့်လိုက်၏။

“လျှပ်စစ်၏ဘုရားသခင်အက်ဒီဆင်”

ထိုကုမ္ပဏီကြီး၏ ရုံးခန်းထဲတွင်မူ ပိုင်ရှင်အက်ဒီဆင်နှင့် မိုးရေများစိုရွှဲနေသော ၂၈နှစ်အရွယ်လူရွယ်တစ်ဦး။ ထိုလူရွယ်က သူကိုယ်တိုင်ပင် မိုးကာမဝတ်ဘဲ မိုးကာဖြင့်ဂရုတစိုက်ပတ်ယူခဲ့ရသော အထုပ်ကိုဖြည်၏။ သံသေတ္တာတစ်လုံး။ ဖွင့်လိုက်သော် ဆားကစ်ပြားများ၊ တစ်စစီဖြုတ်ထားသောဒိုင်နမို၊ resistor များ၊ capacitor များ၊ လေစုပ်ထားသောဖန်သီးများ၊ ကဗျာစာအုပ်အချို့ နှင့် လျှပ်စစ်သမားတိုင်းကိုင်ဆောင်လေ့ရှိသောပစ္စည်းကိရိယာများ။ ထိုအရာတို့ကြားမှ စာတစ်စောင်ကိုဆွဲထုတ်လိုက်သည်။ နောင်အခါကမ္ဘာကျော်စာတစ်စောင်ဖြစ်လာမည့် ထိုစာကို သူယခင်က အလုပ်လုပ်ခဲ့သော ဘူတာပတ်စ်(Budapest)မြို့မှတယ်လီဖုန်းကုမ္ပဏီပိုင်ရှင် Charles Batchelor ကရေးသားပေးလိုက်ခြင်းဖြစ်သည်။ သူ အက်ဒီဆင်နှင့်တွေ့လျှင်ပေးရမည့် ထောက်ခံစာလည်းဖြစ်သည်။ ထိုစာမှာ နှစ်ကြောင်းသာပါရှိသော်လည်း အလွန်ပြည့်စုံ၏။

“ကျွန်ုပ်သည် ဉာဏ်ပညာကြီးကျယ်ခမ်းနားလှသူနှစ်ဦးကိုသာ ဘဝတွင်တွေ့ဖူးသည်။ တစ်ဦးမှာ သင်(အက်ဒီဆင်)၊ နောက်တစ်ဦးမှာ ယခုသင့်ရှေ့တွင်ရပ်နေသောလူရွယ်”။

အက်ဒီဆင်မှာ ခိုက်ခိုက်တုန်နေသောလူရွယ်ကို အံ့သြစွာမော့ကြည့်လိုက်လေသည်။ အချိန်ကား ၁၈၈၄ခုနှစ်၏ မိုးရာသီတစ်ခု။

လူသားတို့ လျှပ်စစ်ကိုဖန်တီးထိန်းချုပ်နိုင်သည့်သမိုင်းတွင် မပါမဖြစ်ဖြစ်သော နီကိုလာတက်စ်လာ(Nikola Tesla)ကို ၁၈၅၆ခုနှစ်၊ ဇူလိုင်လ ၉ရက်နေ့ သန်းခေါင်ယံအချိန်တွင် Similijan ရွာ၊ Likaပြည်နယ်၊ Croatia နိုင်ငံတွင်မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းက သိပ္ပံနှင့်စက်မှုပညာကို အထူးစိတ်ဝင်စားခဲ့ပြီး အသက်၁၂နှစ်အရွယ်ခန့်တွင် သူ၏မိခင်အတွက် ဂျုံကြိတ်စက်တစ်မျိုးကို ကိုယ်တိုင်ဖန်တီးပေးခဲ့သည်။ အရွယ်ရောက်သော် အော့စတီးယားတက္ကသိုလ်တွင် ပညာသင်ကြားခွင့်ရရှိခဲ့ပြီး လျှပ်စစ်ဆိုင်ရာသိပ္ပံပညာကိုလေ့လာခဲ့သည်။ ၁၈၈၂ခုနှစ်တွင် ပြင်သစ်နိုင်ငံရှိ လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းများကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

သူ၏ အထူးပြုဘာသာရပ်မှာ Alternating Current (AC current) ခေါ် ပြန်လှန်လျှပ်စီးအကြောင်းဖြစ်သည်။ AC current ဟူသည် ယနေ့ကမ္ဘာတွင်အသုံးပြုနေသော လျှပ်စစ်သဘာဝနှစ်မျိုးအနက်မှ တစ်မျိုးဖြစ်သည်။ အီလက်ထရွန်များပုံသေမရှိဘဲ အဖို၊အမတစ်လှည့်စီဖြစ်ပေါ်နေသည်။ သက်ရှိသတ္တဝါများနှင့်ထိတွေ့မိလျှင် သတ္တဝါတို့၏ ကိုယ်တွင်းရှိနာဗ့်ကြောများအားလုံးသည် ဓာတ်ကြိုးများသဖွယ်အလုပ်လုပ်ပြီး အသက်ဆုံးရှုံးစေ၏။ ယနေ့ခေတ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လွှတ်လိုက်သောလျှပ်စစ်ဖြစ်သည်။ AC လျှပ်စစ်၏ဗို့အားကိုလိုသလိုမြှင့်တင်နိုင်ပြီး အလွန်ဝေးကွာသောအရပ်များထိတိုင် ပေးဝေပို့လွှတ်နိုင်သည်။ နောက်တစ်မျိုးကား Direct Current(DC current)ခေါ် တိုက်ရိုက်လျှပ်စီးဖြစ်သည်။

အဖို၊အမပုံသေတည်ရှိနေပြီး လူကို အန္တရာယ်မပြုနိုင်၊ ယနေ့ခေတ်၏ ဓာတ်ခဲ၊ဘက်ထရီ တို့သည် DCလျှပ်စစ်ထုတ်ပေးသော ပစ္စည်းများဖြစ်သည်။ သို့သော်ဝေးကွာလွန်းသောနေရာများသို့ဓာတ်အားပို့လွှတ်၍မရ။ သွယ်တန်းထားသောကြိုးများ၏ခုခံမှုကြောင့် ဗို့အားများဘေးထွက်လျော့ပါးတတ်သည်။ ယခုမူ DC ဒိုင်နမိုများထုတ်လုပ်ရောင်းချနေသောသူဋ္ဌေးကြီးအက်ဒီဆင်သည် ACလျှပ်စစ်အပေါ်အလွန်အမင်းရူးသွပ်ယုံကြည်သော တက်စ်လာကို အငယ်တန်းအင်ဂျင်နီယာရာထူး ခန့်အပ်လိုက်လေသည်။ ပြည့်စုံခိုင်မာသော ထောက်ခံစာကြောင့်လည်းဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ… နက်ရှိုင်းကျယ်ပြောလှတဲ့အတ္တလန္တိတ်သမုဒ္ဒရာကြီးကိုဖြတ်သန်းခရီးဆန့်လာရသော၊ သင်္ဘောပေါ်တွင် ခရီးဆောင်အိတ်နှင့်ငွေကြေးများအခိုးခံလိုက်ရသော၊ ကဗျာစာအုပ်အနည်းငယ်၊ ငွေ၄ဆင့်နှင့် သံသေတ္တာတစ်လုံးသာပါသော တက်စ်လာသည် နယူးယောက်မြို့ကြီးရှိ အက်ဒီဆင်၏ကုမ္ပဏီတွင် တစ်ပတ်လုပ်ခ၁၀ဒေါ်လာဖြင့် သူမက်ခဲ့ရသောအိပ်မက်တို့ကို အကောင်အထည်ဖော်ရန်ကြိုးစားလေတော့သည်။ အမှန်မှာအက်ဒီဆင်၏ DC ဒိုင်နမိုများသည် ပုံပန်းသွင်ပြင်ရောအရည်အသွေးပိုင်းပါ အဆင့်နိမ့်လျက်ရှိသည်။ ထူးခြားသောပင်ကိုယ်ပါရမီနှင့် အလွန်အမင်းအလုပ်ကြိုးစားသောကြောင့် တစ်ခဏအတွင်းပင် ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်လာသော တက်စ်လာက ထိုအချက်ကို ထောက်ပြပြောဆိုလေသည်။

ထို့နောက် ကုမ္ပဏီ၏ဝန်ဆောင်မှုနှင့်ဈေးကွက်လိုအပ်ချက်ကို ဖြည့်တင်းပေးရန်နှင့် ပိုမိုအရည်အသွေးကောင်းမွန်ပြီး သေသပ်လှပသောဒိုင်နမိုများထုတ်လုပ်ရန် တက်စ်လာက ၁၈၈၅ခုနှစ်တွင် ခွင့်တောင်းခဲ့လေသည်။ အက်ဒီဆင်ကလည်းခွင့်ပြုရုံသာမက၊ အောင်မြင်အောင်လုပ်ဆောင်နိုင်လျှင် ဒေါ်လာ ၅သောင်းချီးမြှင့်မည်ဟုစိန်ခေါ်လိုက်လေသည်။ တစ်နှစ်မပြည့်မီအချိန်မှာပင် ကမ္ဘာအနှံ့အပြားမှ အမှာစာများ ကုမ္ပဏီတွင်စုပုံနေ၏။ ကောင်းမွန်သောအရည်အသွေး၊ ဆန်းသစ်လှပသောပုံစံနှင့် ဈေးနှုန်းချိုသာမှုတို့ကြောင့် အက်ဒီဆင်၏ဒိုင်နမိုများသည် ထုတ်၍မနိုင်လောက်အောင်ရောင်းချခဲ့ရသည်။

အမြတ်အစွန်းများစွာကိုလည်း ရရှိခဲ့သည်။ အက်ဒီဆင်ကမူ ရေငုံနှုတ်ပိတ်နေမြဲ။ စိန်ခေါ်ချက်ကိစ္စကို စကားပင်မဟ။ ကြာသော် တက်စ်လာက ထုတ်ပြောရ၏။ ဒေါ်လာ ၅သောင်းကို သူရရှိမည်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ အကျိုးအတွက် သူကြိုးစားပေးခဲ့ကြောင်း ။ ဤတွင် အက်ဒီဆင်ပြောလိုက်သောစကားကြောင့် တက်စ်လာ၏အိပ်မက်ကလေးမှာ အပိုင်းပိုင်းအထစ်ထစ် ချိုးဖဲ့ဖျက်ဆီးခံလိုက်ရလေသည်။

“မင်းက ငါတို့အမေရိကန်တွေရဲ့ဟာသကို နားမလည်သေးဘူးပဲ”

(Tesla,you don’t understand our American humor)

ကိုယ်ပိုင်စမ်းသပ်ခန်းတစ်ခုတည်ဆောက်ဖို့၊ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုတည်ထောင်ဖို့၊ မိမိစိတ်ကြိုက် AC ဒိုင်နမိုများစမ်းသပ်ထုတ်လုပ်ဖို့ စသည့်မျှော်လင့်ချက်များသည် အက်ဒီဆင်၏လှောင်ပြောင်စကားတစ်ခွန်းအောက်တွင် ကျဆုံးသွားလေပြီ။ တရားကျဖို့တော့ကောင်းသည်။ ကိုယ့်စကားကိုယ်တာဝန်မယူရဲသော သူဋ္ဌေးကြီးအက်ဒီဆင်က တက်စ်လာကို တစ်ပတ်လုပ်ခ ၁၀ဒေါ်လာမှ ၁၈ဒေါ်လာသို့ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း စကားဆိုလာပြန်သည်။ တက်စ်လာ၏ ပညာမာနတို့ပေါက်ကွဲလေပြီ။ ချက်ချင်းငြင်းဆိုကာ အလုပ်မှထွက်ခဲ့လေ၏။ ကိရိယာတန်ဆာပလာတို့ထည့်ထားသော သံသေတ္တာလေးကိုပိုက်လျက် …… ။

တကယ်ဆိုလျှင် သူဋ္ဌေးကြီးအက်ဒီဆင်သည်လည်း ပညာရှင်တစ်ယောက်သာဖြစ်သည်။ ထို့ကြောင့် အခြားပညာရှင်တစ်ဦးအပေါ်လေးစားနားလည်နိုင်သင့်သည်။ သူကိုယ်တိုင်လည်း မီးရထားပေါ်တွင် ဝမ်းရေးအတွက်ရုန်းကန်နေရင်းမှ အောင်မြင်ကျော်ကြားလာခြင်းဖြစ်သည်။ နောင်တစ်ချိန်ဒီဖြစ်ရပ်အပေါ် သုံးသပ်သူတို့က အက်ဒီဆင်သည်လည်းလူ့သဘာဝလူ့သဘောအရဖြစ်ခဲ့သော၊ အံ့သြစရာမရှိသောအဖြစ်အပျက်ဟု မှတ်ချက်ချခဲ့ကြသည်။ ကျွန်တော်ကတော့ ကဗျာဆရာမောင်ပြည့်မင်း၏ “လက်တစ်ဖက်ကိုမြဲနေအောင်ကိုင်ထား”ဟူသောကဗျာထဲမှ စာသားတချို့ကိုသာ သတိတရရှိနေမိ၏။

” လက်တစ်ဖက်ကို စိန်လက်စွပ်အပြည့်ဝတ်

      အသက်ကယ်ဘောကွင်းကို မြဲနေအောင်ကိုင်ထား

      လက်တစ်ဖက်ကို သူ့ပခုံးဖက်လိုက်

      ဝှက်ယူလာတဲ့ဓားကို မြဲနေအောင်ကိုင်ထား ” ။

၁၈၈၆ခုနှစ်တွင် တက်စ်လာလျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်ရေး အမည်ဖြင့် သူ၏ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို တည်ထောင်လေ၏။ ကိုယ်ပိုင်ဆိုသော်လည်း ငွေကြေးစိုက်ထုတ်ပေးသူတစ်ဦးနှင့် အချိုးတူဖြစ်သည်။ ထိုသူက ကုမ္ပဏီကို DC ဒိုင်နမိုများဦးစွာ ထုတ်လုပ်၊ ပြီးမှ အမြတ်များရလာလျှင် AC ဒိုင်နမိုများကို စမ်းသပ်ထုတ်လုပ်လိုသည်။ တက်စ်လာကမူ AC ဒိုင်နမိုများကိုသာ စွန့်ဦးတီထွင်လိုသည်။ ဤသို့ဖြင့် ကုမ္ပဏီ၏သက်တမ်းမှာ ၁နှစ်ပင်မပြည့်လိုက်။ ဆက်လက်ရပ်တည်နိုင်စွမ်းမရှိသဖြင့် တက်စ်လာသည် ကုမ္ပဏီကို ထိုသူထံထိုးအပ်ပြီးထွက်ခဲ့ရလေသည်။

ထိုအခြေအနေများတွင် တက်စ်လာသည် တစ်ရက်လုပ်ခ ၂ ဒေါ်လာဖြင့် မြေတူးအလုပ်သမားဘဝရောက်ခဲ့လေသည်။ သို့သော်သူ၏ပညာဂုဏ်သတင်းသည် သိပ္ပံလောကအတွင်းအနည်းငယ်ပျံ့နှံ့နေလေပြီ။ ထို့ကြောင့် လျှပ်စစ်ကုမ္ပဏီတစ်ခုထည်ထောင်ထားသော ဝက်စတင်းဟောက်စ်(Westinghouse)က လိုက်လံရှာဖွေခေါ်ယူခဲ့သည်။ တက်စ်လာသည် သူနှင့်တွဲဖက်ကာ AC ဒိုင်နမိုတစ်လုံးကိုတီထွင်နိုင်ခဲ့ပြီး ပေါ်စဦးလျှပ်စစ်ခေတ်ကို ကိုင်လှုပ်နိုင်ခဲ့သည်။ Electric Worldမဂ္ဂဇင်းကြီး၏ ရေးသားဖော်ပြမှုတို့ကြောင့်လည်း တက်စ်လာ၏နာမည်သည် ကျော်ကြားမှုအရှိန်မြင့်လာခဲ့၏။ ထိုအချိန်မှစ၍ တက်စ်လာ၏ AC ဒိုင်နမိုနှင့် အက်ဒီဆင်၏ DC ဒိုင်နမို အားပြိုင်ပွဲကြီးစတင်လာသည်။ ထိုဖြစ်ရပ်ကို လျှပ်စီးကြောင်းများ၏စစ်ပွဲ(War Of Currents)ဟု လေ့လာသူတို့က အမည်တပ်ခဲ့ကြလေသည်။

ထိုခေတ်က ရုပ်သံမီဒီယာများမပေါ်ပေါက်သေး၍ သုံးစွဲသူလူထုကြီးအားသရုပ်ပြပွဲများဖြင့် အပြိုင်အဆိုင်ဆွဲဆောင်ခဲ့ကြလေသည်။ ဤသို့ဆွဲဆောင်ရာတွင် အသက်အန္တရာယ်ထိုခိုက်စေသော AC current ၏ အားနည်းချက်ကို အက်ဒီဆင်က သရုပ်ဖော်ပြခဲ့သည်မှာ ရက်စက်ကြမ်းကြုတ်လှပေသည်။ လူအများရှိရှေ့တွင် ဆင်ကြီးတစ်ကောင်ကိုသံကြိုးများဖြင့် ရစ်ပတ်လျက် AC current ဖြင့် ချိတ်ဆက်ပေးလိုက်၏။

ဆင်ကြီးမှာ ဝေဒနာမချိမဆန့်ပြင်းထန်စွာခံစားရပြီး အသက်ဆုံးသွားလေသည်။ လူထုမှာလည်း AC လျှပ်စစ်ကို လွန်စွာကြောက်လန့်သွားကြပြီး DC ဒိုင်နမိုများသာ အရောင်းသွက်ခဲ့လေသည်။ သို့သော် နောက်ပိုင်းတွင်အမြင်ကျယ်လာသောလူတို့သည် AC ဒိုင်နမိုတို့ကိုသာ ဂရုတစိုက်အသုံးပြုခဲ့လေ၏။ ယနေ့မျက်မှောက်ကမ္ဘာတွင်အားလုံးသော မီးပေးဝေရေးစနစ်မှာ AC လျှပ်စစ်သာဖြစ်သည်။

တက်စ်လာသည် ဇူလိုင်လ ၃၀ရက်၊ ၁၈၉၁ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ်ခံယူခဲ့လေသည်။ သူ၏တီထွင်မှုတို့ကြောင့် လွယ်လွယ်ကူကူခံယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ AC ဒိုင်နမိုများထုတ်လုပ်ရောင်းချပြီး ငွေကြေးပြည့်စုံလာသောအခါ တက်စ်လာသည် အလွန်ထူးဆန်းသော တီထွင်မှုတို့ကို ပြုလုပ်လေ၏။ သာမန်အားဖြင့် မဖြစ်နိုင်ဟုယူဆရမည့် တက်စ်လာကွိုင်(Tesla Coil)သည် သူ၏ပထမဆုံးတီထွင်မှုဖြစ်သည်။

မီးအားမြှင့်စက်တစ်ခုအလုပ်လုပ်ပုံနှင့်ဆင်တူသော်လည်း သာမန်မဟုတ်ချေ။ ဗို့အား ၂၀၀ ဝန်းကျင်ရှိသော အိမ်သုံးမီးကို ဗို့အားတစ်သန်းကျော်အထိပြောင်းလဲထုတ်လွှတ်ပေးနိုင်သော ကွိုင်များပါဝင်သည်။ ထိုအခါထွက်ပေါ်လာသော လျှပ်စီး၏ကြိမ်နှုန်း(Frequency)သည်လည်း အလွန်မြင့်မားစွာ ဖြစ်ပေါ်လာသည်။ သို့သော် လျှပ်စီးကြောင်းပမာဏမှာမူ လွန်စွာသေးငယ်၏။ ထို့ကြောင့် မြင့်မားသောဗို့အား၊ မြင့်မားသောကြိမ်နှုန်းနှင့် သေးငယ်သောလျှပ်စီးပမာဏကြောင့် ထိုကွိုင်နှင့်အနီးတဝိုက်တွင်အလွန်လှပဆန်းကြယ်သော အပြာရောင်၊ အနီရောင်လျှပ်စီးတန်းများဖြစ်ပေါ်လာသည်။ ပုံစံမှာ မိုးကြိုးပစ်ချိန်တွင် မြင်ရသောလျှပ်စီးတန်းများနှင့် တူညီသည်။

ထူးခြားချက်မှာ လူနှင့်ထိမိသော်လည်း အန္တရာယ်မရှိ။ ထိုဖြစ်ရပ်ကြောင့် အနီးတဝိုက်ရှိလေစုပ်ထားသောဖန်သီးများ၊ ဖန်ချောင်းများမှာ မည်သည့်အဆက်အသွယ်မှမရှိဘဲ မီးလင်းလာသည်။ လင်းလက်လာသော်လည်း မူလဓာတ်အားဆုံးရှုံးမှုမှာ အလွန်ပင်နည်းလှ၏။ သဘောမှာ ယခု AC လျှပ်စီးဖြင့် ဝပ် ၅၀ မီးလုံးတစ်လုံးကို ထွန်းညှိလျှင် မူလဓာတ်အားမှ ဝပ် ၅၀ ဆုံးရှုံးမည်။ တက်စ်လာကွိုင်ဖြင့် အသုံးပြုလျှင်မူ ဝပ်၅၀ပို့လွှတ်သော် ဝပ်၅၀မီးလုံးအမြောက်အမြားကို ထွန်းညှိနိုင်မည်ဖြစ်၏။ ဤအချက်ကို အားပြု၍ တက်စ်လာက ကြိုးမဲ့လျှပ်စစ်ဆက်သွယ်ရေးကို ကြံဆခဲ့သည်။

တက်စ်လာကွိုင် စမ်းသပ်ချက်ကို အိမ်နီးနားချင်းများက ပြန်လည်ပြောပြကြသည်။ “ညဘက်ဆိုရင် သူ့အခန်းတစ်ဝိုက်မှာ အပြာရောင်တွေ၊ အနီရောင်တွေတောက်ပနေတာ။ သူ့ခြံရှေ့က မီးသတ်ရေတိုင်ကလည်း မီးပွားတွေတဖွားဖွားပန်းတက်နေတယ်။ ခြံထဲက သစ်ပင်တွေမှာရောပဲ၊ သစ်ကိုင်းတွေပေါ်မှာ လျှပ်စစ်တွေစီးနေတာကို ကျွန်တော်တို့မြင်ရတယ်”။

ထိုမြင်ကွင်းကို ကျွန်တော်မြင်ယောင်ကြည့်ရင်း ၂၀၁၀ခုနှစ်တွင်ထွက်ရှိခဲ့သော မင်းသားNicolas Cage၏ “The Sorcerer’s Apprentice” ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်းကိုအမှတ်ရမိ၏။ ထိုကားထဲတွင် မင်းသားငယ်Jay Baruchelက တက်စ်လာကွိုင်ကိုအထူးပြုလေ့လာနေသော ကျောင်းလားတစ်ယောက်အဖြစ် သရုပ်ဆောင်ထားသည်။ သူနှစ်သက်သဘောကျနေသော ကောင်မလေးအား သူဖန်တီးထားသောတက်စ်လာကွိုင်နှင့် တေးဂီတကို တွဲဖက်၍သရုပ်ပြပုံဖြစ်သည်။ အခန်းထဲတွင်ပျံ့နှံ့လှပနေသော လျှပ်စီးကြောင်းများကိုမြင်ရသောအခါ ၂၁ရာစုလူသား ကျွန်တော်ပင် အံ့သြမှင်သက်ရလေသည်။

၁၈၉၉ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် တက်စ်လာက ထူးခြားချက်တစ်ခုကို ထပ်မံတွေ့ရှိပြန်လေသည်။ ၎င်းမှာကမ္ဘာမြေကြီးအတွင်းတွင် လျှပ်စစ်စွမ်းအင်ကို အကျိုးပြုနိုင်သော ပုံသေလှိုင်းတစ်ခုရှိနေကြောင်း၊ ထိုလှိုင်းသည် အခြားလှိုင်းများဖြစ်သော လျှပ်စစ်သံလိုက်လှိုင်းများနှင့် ကြိမ်နှုန်းကွဲပြားမှုရှိနေကြောင်းဖြစ်သည်။ ထိုလှိုင်းကို ကမ္ဘာ့အပေါ်ယံမျက်နှာပြင်နှင့် Kennelly-Heaviside အလွှာ(မြေပြင်မှ ၅၆-၉၃မိုင်)ကြားတွင်တွေ့ရ၏။ ထိုလှိုင်း၏ ကြိမ်နှုန်းနှင့်

တက်စ်လာကွိုင်၏ကြိမ်နှုန်းတို့ထပ်တူညီအောင်ပြုပြင်နိုင်ခဲ့လျှင် ကမ္ဘာမြေကြီးသည် အလွန်ကောင်းမွန်သော လျှပ်ကူးပစ္စည်းကြိးဖြစ်လာမည်။ သဘောမှာ မည့်သည့်ဓာတ်ကြိုးမှမလို။ သူ၏ မှတ်တမ်းထဲတွင် စမ်းသပ်ခန်းနှင့် ၂၅မိုင်ပတ်လည်ရှိ မီးသီးရာပေါင်းများစွာကို လင်းလက်စေခဲ့သည်ဟု ဖော်ပြထားသည်။ ကြိမ်နှုန်းများကိုသာ ပြုပြင်ယူနိုင်လျှင် တစ်ကမ္ဘာလုံးသို့ လျှပ်စစ်များဖြန့်ဖြူးပေးပို့နိုင်မည်။ သူက ကမ္ဘာကြီးတစ်ခုလုံးမီးလင်းစေမည် ဟုဆိုသည်။

သူ၏စမ်းသပ်ချက်များအားငွေကြေးထောက်ပံ့ပေးနေသူတို့ကမူ ထိုသို့မဟုတ်။ “တစ်ကမ္ဘာလုံးရဲ့ဘယ်နေရာမှာမဆို မီးသီးအားလုံးလင်းနေရင် ကျုပ်တို့ကုန်ကျထားတဲ့စရိတ်တွေဘယ်သူက ပေးမှာလဲ၊ ဘယ်လိုပြန်ရှာရမှာလဲ” ဟုဆိုကာ

ငွေကြေးထောက်ပံ့နေမှုများအား ရပ်ဆိုင်းခဲ့လေသည်။ တက်စ်လာ၏ တွေ့ရှိချက်မှာလည်း ငွေသံကြေးသံတချွင်ချွင်ထွက်သောစကားလုံးများအောက်တွင် နစ်မြုပ်သွားရလေ၏။

၁၉၃၁ခုနှစ်တွင်မူ တက်စ်လာက အံ့သြဖွယ်ရာတစ်ခုကို ထပ်မံမိတ်ဆက်ပေးပြန်သည်။ သတင်းစာရှင်းလင်းပွဲတစ်ခုချက်ချင်းစီစဉ်ပြီး စကားတစ်ခွန်းသာပြောခဲ့လေ၏။ “ဒါကိုတွေ့ရှိသူကျွန်တော်ကိုယ်တိုင်တောင် တော်တော်တုန်လှုပ်သွားပါတယ်။ လုံးဝမမျှော်လင့်ထားတဲ့ စွမ်းအင်တစ်ခုကိုကျွန်တော်ပေးနိုင်ပါတော့မယ်” ။ တက်စ်လာက ထိုသို့တစ်ခုပြီးတစ်ခုစမ်းသပ်နေချိန်တွင် အက်ဒီဆင်၏ကုမ္ပဏီကမူ စီးပွားရေးကိုသာ အားစိုက်လုပ်ကိုင်နေ၏။ မည်သည့်တီထွင်မှုကိုမျှ ထပ်မတွေ့ရ။ ငွေကြေးနောက်ကိုသာ အမောတကောပြေးလိုက်နေ၏။ ထို့ကြောင့် ဖြစ်မည်၊ နှောင်းလူတို့အတွက်တက်စ်လာက မှတ်သားဖွယ်ရာစကားတစ်ခွန်းကို ချန်ထားခဲ့လေသည်။

“လူသားထုအားလုံးအပေါ် ပိုမိုကောင်းမွန်စေလိုသောရည်ရွယ်ချက်မရှိခဲ့လျှင် ထိုသိပ္ပံပညာသည် ကိုယ်ကျိုးရှာမှု(သို့မဟုတ်)စိတ်ဖောက်ပြန်မှုသာဖြစ်သည်”

ကမ္ဘာတစ်ဝှမ်းလုံးစစ်မီးများစတင်လောင်ကျွမ်းနေချိန်တွင် တက်စ်လာက သူ၏တွေ့ရှိမှုကိုဖော်ထုတ်ခဲ့သည်။ အလွန်မြင့်မားသောစွမ်းအားဖြင့် အီလက်ထရွန်များကို ပစ်လွှတ်ခြင်းဖြစ်သည်။ အများက ထိုရောင်ခြည်ကို မရဏရောင်ခြည်(Death Ray)ဟု အမည်ပေးခဲ့ကြသည်။ ထိုအရာသည် မိုင် ၂၅၀ အကွာအဝေးတွင်ရှိသော အင်အား ၁သောင်းခန့်ရှိ သင်္ဘောအုပ်စု(သို့မဟုတ်)လေတပ်စခန်းတစ်ခုကို မိနစ်ပိုင်းအတွင်းအမှုန့်ဖြစ်စေမည်ဟုဆိုသည်။

သူကိုယ်တိုင်ကမူ ထိုရောင်ခြည်ကို ငြိမ်းချမ်းရေးရောင်ခြည်(Peace Ray)ဟု ခေါ်ဆိုခဲ့သည်။ သူက ငြိမ်းချမ်းရေးရောင်ခြည်ဖြင့် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်အောင်တားဆီးမည်ဟု ကြွေးကြော်ခဲ့သည်။ ထို့နောက် ငြိမ်းချမ်းရေးရောင်ခြည်ထုတ်လွှတ်မည့် အစီအစဉ်အား အကောင်အထည်ဖော်ရန် မူလငွေကြေးစိုက်ထုတ်သူများထံ ကမ်းလှမ်းခဲ့၏။ မအောင်မြင်၊ စိတ်မဝင်စားကြ။ ထိုအခါ ဗြိတိန်ဝန်ကြီးချုပ်ချန်ဘာလိန်းနှင့်တိုက်ရိုက်တွေ့ဆုံကာ စစ်မက်မဖြစ်ပွားရေးအတွက် ငြိမ်းချမ်းရေးရောင်ခြည်ဖြင့် လုပ်ဆောင်နိုင်ကြောင်းရှင်းပြသည်။

ဤမျှအဖျက်စွမ်းအားကြီးမားသောရောင်ခြည်ကို စမ်းသပ်ပြလိုက်လျှင် နိုင်ငံအားလုံးအံ့သြထိတ်လန့်ကာ စစ်ပွဲများမဖြစ်အောင် တားဆီးနိုင်မည်ဖြစ်ကြောင်းပြောပြ၏။ သို့သော် နိုင်ငံ့ခေါင်းဆောင်တို့က စိတ်မဝင်စားကြ။ ထုတ်လွှတ်ရန်မျှော်စင်နှင့် စမ်းသပ်ခန်းများတည်ဆောက်ပြီးမှ မအောင်မြင်လျှင် ဆုံးရှုံးသွားမည့်ငွေကြေးအတွက် စိုးရိမ်ကြသည်။ ထိုအချိန်က နိုင်ငံတိုင်းတွင် ဘဏ္ဍာရေးဘတ်ဂျတ်ရနိုင်သလောက်ကို စစ်စရိတ်အတွက်အသုံးပြုနေချိန်။

ထို့ကြောင့်တက်စ်လာက ငြိမ်းချမ်းရေးရောင်ခြည်ကို ဆောက်လုပ်ဆဲကိုယ်ပိုင်မျှော်စင်ပေါ်တွင် ပစ်လွှတ်ရန် စီစဉ်သည်။ ၁၉၃၁ခုနှစ်၊ဇွန်လ၃၀ရက်နေ့တွင် မိတ်ဆွေဖြစ်သူ ဂျော့ရှစ်ဖ်(George Scherff)နှင့်အတူ စမ်းသပ်ခဲ့သည်။ ထိုရောင်ခြည်တန်းအား လူဦးရေနည်းပါးသော အာတိတ်ဒေသအနီးရှိ Peryမြို့အနောက်ဘက်သို့ ချိန်ရွယ်ပစ်လွှတ်ခဲ့သည်။ ထိုရောင်ခြည်တန်းသည် သာမန်မျက်စိဖြင့် မမြင်နိုင်သည့်အတွက် ပစ်လွှတ်ပြီးသည်၊မပြီးသည်ကိုပင် ဆုံးဖြတ်၍မရခဲ့ပေ။

တိုက်ဆိုင်စွာပင် ထိုအချိန်၌ မျှော်စင်အမိုးကြားမှ ဇီးကွက်တစ်ကောင်သည် ပစ်လွှတ်သောလမ်းကြောင်းရှေ့မှ ဖြတ်ပျံမိ၏။ ချက်ချင်းပင် ဇီးကွက်သည် အစိတ်စိတ်အပိုင်းပိုင်းပြတ်ထွက်ကာ တစ်စစီလွင့်စင်သွားခဲ့သည်။ ထိုဖြစ်ရပ်ကို တက်စ်လာကသူ၏နေ့စဉ်မှတ်တမ်းအတွင်း သေချာထည့်သွင်းရေးခဲ့သလို မိတ်ဆွေဖြစ်သူဂျော့ကလည်း ထိုအတွေ့အကြုံကို နောင်တွင်စာအုပ်ရေးသားခဲ့၏။ ထို့နောက်တွင် Pearyမြို့သို့ ကြေးနန်းရိုက်ကာ ပတ်ဝန်းကျင်တွင်မည်သို့သောထူးခြားမှုများရှိခဲ့ကြောင်း စုံစမ်းခဲ့သည်။ သို့သော်အဖြေကအားရစရာမရှိ၊ မည်သို့မှ မထူးခြားပါတဲ့။

တက်စ်လာသည် ထိုညနေတွင်ပင် စမ်းသပ်ချက်မအောင်မြင်ကြောင်း ဝန်ခံရန်ပြင်ဆင်နေပြီဖြစ်၏။ သို့သော် ဆိုက်ဘေးရီးယားဒေသတောနက်ထဲတွင် ဧက ၅သိန်းခန့်ကျယ်ဝန်းသောပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ကြောင်း၊

မည်သည့်အကြောင်းကြောင့်ဟု မသိရသေးကြောင်းသတင်းရရှိခဲ့သည်။ ၎င်းပေါက်ကွဲမှုကြိးကြောင့် အနီးအနားတောအုပ်ရှိအပင်များလည်း ပေါက်ကွဲမှုဗဟိုမှ ဆန့်ကျင်ဘက်လားရာသို့ဦးတည်ကာ လဲပြိုသွားရကြောင်း၊

တောမီးလောင်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲသံကြီးကို မိုင် ၆၀၀ကျော်ဝေးသောနေရာမှပင် ကြားလိုက်ရကြောင်း ထပ်ဆင့်သိရသည်။ တက်စ်လာကမူ Peace Ray ချိန်ရွယ်ပစ်ခတ်စဉ် မှားယွင်းမှုကြောင့် ထိုပေါက်ကွဲမှုကြီးဖြစ်ရသည်ဟု ယုံကြည်ခဲ့သည်။ အခြားသိပ္ပံပညာရှင်တို့ကမူ ကြယ်တံခွန်အပိုင်းအစ(သို့မဟုတ်)ဥက္ကာခဲတစ်ခုကျရောက်ခဲ့ခြင်းဟု ထုတ်ပြန်ခဲ့ကြသည်။ သို့သော်ယခုအချိန်ထိ ထိုထုတ်ပြန်ချက်အပေါ် သက်သေမပြနိုင်ခဲ့ပေ။ တက်စ်လာမလည်း သူ၏ငြိမ်းချမ်းရေးရောင်ြခ်ညဆက်လက်တည်ရှိနေပါက မကောင်းမှုပြုချင်သူများအတွက်သာ ပို၍အကျိုးရှိနေနိုင်ကြောင်းခန့်မှန်းမိသည်။ ထို့ကြောင့် တစ်စစီဖြုတ်သိမ်းကာ စာရွက်စာတမ်းများကိုလည်း ဖျက်ဆီးပစ်လိုက်သည်။ “ကျွန်တော့်ဦးနှောက်ထဲမှာပဲရှိတဲ့အရာကို ဘယ်သူကလာခိုးနိုင်မှာလဲ”ဟု ဆိုခဲ့၏။

ထိုဖြစ်ရပ်အားလုံးသည် ထိုခေတ်ကပြည်သူလူထု၊ သတင်းစာများ၊ တက်စ်လာ၏ကိုယ်တိုင်ရေးနေ့စဉ်မှတ်တမ်းများ၊ သူနှင့်ခင်မင်ရင်းနှီးသူများကို အခြေခံ၍ သိခဲ့ရခြင်းဖြစ်သည်။ သူ၏တီထွင်မှုအားလုံးတွင် ဒွိဟအဖြစ်ရဆုံးမှာ Death Ray ခေါ် Peace Ray ဖြစ်သည်။ မည်သည့်သိပ္ပံပညာရှင်ကမှ ပြန်လည်စမ်းသပ်မှုမပြုနိုင်၊ ပြန်လည်မတီထွင်နိုင်သောကြောင့်ဖြစ်၏။ ထို့ကြောင့် ယနေ့သိပ္ပံလောကတွင် Peace Ray တကယ်ရှိခဲ့ကြောင်း ယုံကြည်သူများရှိသလို၊ တကယ်မရှိခဲ့ကြောင်း ယုံကြည်သူများလည်းရှိနေဆဲပင်။ အကြောင်းတိုက်ဆိုင်၍ ကျွန်တော်ပြောရမည်ဆိုလျှင် ၂၀၁၀ခုနှစ်တွင်ထွက်ရှိခဲ့သော Megamind ကာတွန်းရုပ်ရှင်ဇာတ်လမ်းရေးသားသူကမူ ယုံကြည်ပုံရလေ၏။ ထိုဇာတ်ကားထဲတွင် ထိုရောင်ခြည်ဖြင့်ပစ်ခတ်တိုက်ခိုက်ပုံအားဖော်ပြထားသလို တက်စ်လာကွိုင်များလည်း ဖန်တီးပြထားသည်။ မည်သို့ပင်ဆိုဆိုတက်စ်လာသည် သာမန်ဉာဏ်စွမ်းထက် အလွန်သာလွန်သောဦးနှောက်ပိုင်ရှင်ဖြစ်လေသည်။

သူသည်ဘဝတစ်လျှောက်လုံးတွင် ကိုယ်ကျိုးအတွက်မည်သည့်တီထွင်မှုကိုမျှ မလုပ်ခဲ့ပေ။ အသက်ဆက်ရှင်နိုင်ရန် သင့်တင့်သောစားဝတ်နေရေးနှင့်နောက်ထပ်တီထွင်မှုများပြုလပ်နိုင်ရန် အရင်းအနှီးအနည်းငယ်တို့ကိုသာ မျှော်လင့်ခဲ့သည်။ အခြားသော သိပ္ပံပညာရှင်များမှာကား တက်စ်လာကဲ့သို့မရောင့်ရဲနိုင်ကြ။ ယနေ့ယူဆနေသော စွမ်းအင်ပေးသလောက်စွမးအင်ပြန်ရမည် ဟူသော အယူအဆကိုတက်စ်လာက လက်မခံခဲ့ပါ။ စွမ်းအင်ပေးသည်ထက် အဆများစွာပိုသောစွမ်းအင်ပြန်ရမည်ဟုသူက ယုံကြည်သည်။ သူ့အယူအဆအချို့တွင် အလွန်သေးငယ်သောပေါက်ကွဲမှုလေးတစ်ခုကိုအခြေခံ၍ စွမ်းအင်ပွားများစေကာ မြေငလျင်အကြီးစားတစ်ခုကိုဖန်တီးနိုင်ကြောင်း၊ ဆန္ဒရှိလျှင် မြို့ကြီးများကို ဖျက်ဆီးနိုင်ကြောင်းပြောခဲ့၏။

ထိုသို့ပြောဆိုချက်များကြောင့်ပင် ပြည်သူလူထုကြား၌သူသည် အရူးတစ်ယောက်လိုဖြစ်လာသည်။ သာမန်လူအများတွေးတောနားလည်နိုင်စွမ်းမရှိသော အယူအဆတို့ကလည်း သူ့အမည်ကို တဖြည်းဖြည်းမှေးမှိန်စေခဲ့သည်။ သူ့ဘဝ၏ နောက်ဆုံးအချိန် ၁၀နှစ်ခန့်ကို နယးယောက်ကာ(New Yorker)ဟိုတယ်၏ ၃၃ထပ်၊ အခန်းနံပါတ် ၃၃၂၇တွင် တစ်ကိုယ်တည်းကုန်လွန်စေခဲ့သည်။ မည်သူနှင့်မှတွေ့ဆုံခြင်းမရှိ၊ မည်သည့်တီထွင်မှုကိုမျှ မလုပ်တော့။ ဂူအောင်းကျင့်စဉ်တစ်ခုကို ကျင့်နေသောလူထူးလူဆန်းတစ်ယောက်အဖြစ် အများကသတ်မှတ်ခဲ့သည်။ အချို့ကတော့ တက်စ်လာသည် ဂြိုဟ်သားများနှင့်ဆက်သွယ်နေနိုင်ပြီး ထိုအခန်းတွင်းမှနေ၍ အာကာသခရီးသွားနေသည်ဟု ကောလဟာလများပြောဆိုကြသည်။ သူသည် ၁၉၄၃ခုနှစ်၊ ဇန်နဝါရီလ ၇ရက်နေ့ ထိုအခန်းနံပါတ် ၃၃၂၇မှာပင်ကွယ်လွန်ခဲ့သည်။

ကွယ်လွန်ချိန်တွင် အသက်၈၇နှစ်ရှိပြီဖြစ်ပြီး နှလုံးသွေးကြောပိတ်ရောဂါ(Coronary thrombosis)ဖြင့် ကွယ်လွန်ခဲ့ကြောင်းဆရာဝန်တို့ကအတည်ပြုပေးခဲ့သည်။ တက်စ်လာကွယ်လွန်အပြီး တစ်နှစ်အကြာမှ အမေရိကန်နိုင်ငံ၏အမြင့်ဆုံးတရားရုံးက သူသာလျှင်ရေဒီယိုတီထွင်ခြင်း၏ စစ်မှန်သောတီထွင်သူဖြစ်ကြောင်း အတည်ပြုဆုံးဖြတ်ချက်ချခဲ့၏။ ၁၉၅၆ ခုနှစ်တွင် လျှပ်စီးစက်ကွင်း၏ပြင်းအား (တစ်နည်း)တစ်စတုရန်းမီတာဧရိယာတွင်ရှိသောလျှပ်စီးအရေအတွက်ကိုဖော်ပြသည့် နိုင်ငံတကာသုံးယူနစ်တစ်ခုကို သူ၏အမည်အဖြစ်သတ်မှတ်ဂုဏ်ပြုခေါ်ဆိုခဲ့သည်။(SI unit of magnetic flux density=Tesla/symbol T)။ ထိုသို့ ဂုဏ်ပြုခံရခြင်းမှာ အမေရိကန်သိပ္ပံပညာရှင်များထဲတွင် သုံးဦးသာရှိခဲ့သည်။ အများဆိုသလို တက်စ်လာသည် သာမန်လူသားဟုတ်မဟုတ်မပြောနိုင်သော်လည်း သာမန်သိပ္ပံပညာရှင်တော့မဟုတ်ပါ။

“ကမ္ဘာကြီးကို မင်းသိအောင်လုပ်၊ မင်းကို ကမ္ဘာကြီးကသိလာလိမ့်မယ်”

ဟူသောစကားအတိုင်း ယနေ့ကမ္ဘာကြီးသည် လျှပ်စစ်ဓာတ်များဖြင့်အံ့အားသင့်စေခဲ့သူ နီကိုလာတက်စ်လာကို မော့ကြည့်လေးစားဦးညွှတ်လွမ်းဆွတ်နေရပြီသာဖြစ်ပါတော့သည်။

ဟိန်း
၂၀.၁.၁၃
2:44 AM

New Styles မဂ္ဂဇင်း

ကိုးကား-
http://www.teslasociety.com
http://en.wikipedia.org

http://www.biography.com
http://www.spaceandmotion.com
မောင်ပြည့်မင်း(လက်တစ်ဖက်ကို မြဲနေအောင်ကိုင်ထား)