မလိမ်ညာတတ်တဲ့သူ (သို့) အမေရိကန်တို့ ရဲ့ အသည်းနှလုံးထဲကသူ

Posted on

ဘာသာပြန်သူ – အေးသီရိရွှေ

တခါက အသက် ၆-နှစ်အရွယ်ရှိ လူကလေးတယောက် ရှိသည်။ တခုသော သူ့မွေးနေ့တွင် သူ့ဖခင်က သူ့ကို ပုဆိန်ကလေးတလက် လက်ဆောင်ပေးသည်။ လူကလေးမှာ ပုဆိန်ကို တခါမှ မပိုင်ဆိုင်ဖူးသဖြင့် အလွန်ကျေနပ်ဝမ်းသာသွားသည်။ ထိုနေ့တွင် ကျောင်းသွားသောအခါ ကျောင်းစာထဲ၌ စိတ်ပါဝင်စားခြင်း မရှိလှဘဲ ပုဆိန်အသစ်ကလေးဆီသို့သာ စိတ်ကရောက်နေသည်။

ကျောင်းဆင်းသည်နှင့် အိမ်သို့ တန်းပြန်လာခဲ့သည်။ ပုဆိန်အသစ်လေးကို ထုတ်ကြည့်ရင်း ပျော်ရွှင်နေမိသည်။ ပြီး သူ့ဘာသာ တကိုယ်တည်း ရေရွတ်သည်။
ကြည့်စမ်း၊ အသွားက ထက်နေတာပဲ။ လက်ကိုင်ရိုးကလဲ ကိုင်ရတာ အဆင်ပြေတယ်။ ဒီပုဆိန်လေးဟာ ဘယ်အရာကိုမဆို တိခနဲနေအောင် ဖြတ်တောက်နိုင်မှာပဲ။ ငါ တခုခုကို စမ်းပြီး ဖြတ်ကြည့်ဦးမှ။

သည်လိုနဲ့ လူကလေးသည် သူ့အိမ်အနောက်ဘက်ရှိ ခြံလေးထဲသို့ ခုန်ပေါက်ပြေးဆင်းသွားသည်။ ထို့နောက် ခြံထဲက အသေးငယ်ဆုံး သစ်ပင်တပင်ကို ရှာပြီး သူ့ပုဆိန်သစ်လေးနှင့် အားရပါးရ ခုတ်လေတော့သည်။ များမကြာခင် သစ်ပင်လေးမှာ သူခုတ်သည့်နေရာမှစ၍ အခေါက်များ၊ အသားများ ပဲ့ထွက်ကုန်သည်။ သစ်ပင်ခြေရင်း ပတ်ပတ်လည်၌ အခေါက်များ၊ သစ်စများ ပြန့်ကျဲနေပေတော့သည်။

သူသည် ယခုလို မိမိ ခုတ်ထစ်နေသည့်အတွက် သစ်ပင်လေးကို အသေသတ်နေသလို ဖြစ်နေကြောင်းကိုမူ သတိမပြုမိခဲ့ချေ။ သည့်နောက် သူသည် မောပန်းလာ၍ ပုဆိန်ကလေးအား စမ်းသပ်မှုကို ရပ်နားလိုက်ပြီး အိမ်ထဲပြန်ဝင်ကာ ညစာစားသည်။

ညစာစားပြီးနောက် ဖခင်နှင့်အတူ ခြံထဲဆင်းကာ သူ တနေ့တာ ကျောင်းမှာ ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူ့ဖခင်အား ပြန်လည်ပြောပြသည်။ သားအဖနှစ်ဦး စကားစမြည်ပြောရင်း ခြံထဲ ဟိုဟိုသည်သည် လျှောက်ကြည့်ရင်း ညနေခင်းက လူကလေး အစမ်းခုတ်ကြည့်ခဲ့သော သစ်ပင်ငယ်နား ရောက်သွားကြသည်။ သည်အခြင်းအရာကိုမြင်တော့ ဖခင်မှာ အလွန်အမင်း ဒေါသထွက်သွားသည်။

ဒါ ဘယ်သူလုပ်တာလဲ-ဟု ကျယ်လောင်စွာ အော်ဟစ်မေးလေသည်။
လူကလေးသည် သူ့ဖခင်နောက်ကွယ်နားမှာ ခပ်ရို့ရို့ကလေးနှင့် တုန်တုန်ယင်ယင် ဖြစ်နေရှာပေသည်။ သူ့ဖခင်က လူကလေးဘက်သို့ လှည့်၍ မေးသည်။
ဒါ ဘယ်သူလုပ်တယ်ဆိုတာ သား သိလား။ ငါသားလုပ်မယ်လို့ အဖေမထင်ဘူး။ ဟုတ်တယ်မလား သား..ဘယ်သူတွေလုပ်သွားတာလဲ အဖေ့ကိုပြော..

လူကလေးက အသံတိုးတိုးကလေးနှင့် ညင်ညင်သာသာ ပြောသည်။
အဖေ့ကို သား လိမ်မပြောချင်ပါဘူး။ အဖေ မွေးနေ့လက်ဆောင်အဖြစ်ပေးတဲ့ ပုဆိန်ကလေးကို သား စမ်းကြည့်တဲ့အနေနဲ့ သစ်ပင်ကို ခုတ်ကြည့်ထားတာပါ။

လူကလေး၏ဖခင်သည် လူကလေးကို အပြစ်ဒဏ် ပေးလိမ့်မည်ဟု ထင်ကြပေလိမ့်မည်။
သို့သော် ဖခင်သည် လူကလေးကို အပြစ်ဒဏ်မပေးခဲ့ပါ။ သားကို လက်နှစ်ဖက်နှင့် မ,ချီလိုက်ကာ ကြင်နာစွာ နမ်းလိုက်သည်။ ပြီး ဝမ်းသာအားရ ဆိုသည်။

သား အဖေ့ကို မလိမ်ညာဘဲ အမှန်အတိုင်း ပြောလို့ အဖေ ဝမ်းသာတယ်သား။ အဖေ့အနေနဲ့ သား လိမ်ညာစကား တခွန်း ဆိုတာကို ကြားရမှာထက် အဖေ့ရဲ့ ဟောဒီခြံထဲက သစ်ပင်တွေအားလုံး ဆုံးရှုံးသွားတာက ပိုကောင်းပါဦးမယ်သား။

သည်လိုနဲ့ လူကလေးသည် ရဲရင့်ပြီး ရိုးသားမြင့်မြတ်သော လူကောင်းလူတော်တယောက် အဖြစ် ကြီးပြင်းလာခဲ့သည်။ လူတိုင်းက သူ့ကို အမြဲပင် ယုံကြည်စိတ်ချကြသည်။ သူသည် စစ်တပ်ထဲတွင် ဗိုလ်ချုပ်ကြီးတဦး ဖြစ်လာရုံမျှမက သူ့တိုင်းပြည်၏ အကြီးမြတ်ဆုံးသော လူသားတဦးဖြစ်သည့် သမ္မတ ရာထူးကိုပင် ရရှိခဲ့သည်။

သူသည် စစ်တိုက်ကျွမ်းကျင်မှုတွင်လည်း ပထမ၊ ငြိမ်းချမ်းရေး ရယူရာတွင်လည်း ပထမ၊ သူ့တိုင်းပြည်ရှိ ပြည်သူလူထုများ၏ ရင်ထဲ နှလုံးသားထဲတွင်လည်း ပထမသမ္မတအဖြစ်နှင့် သမိုင်းတနေရာတွင် မော်ကွန်းတင်ခြင်း ခံရသည်။

သူကား အမေရိကန်သမ္မတ ဂျော့ချ်ဝါရှင်တန် (၁၇၃၂-၁၇၉၉) ပင် ဖြစ်ပေသည်။