ဖခင်တစ်ယောက်ရဲ့ မကွယ်လွန်မီ မှာတမ်းစာ

Posted on

အသက် ၄၅ နှစ် အရွယ်ရှိ ကျောင်းဆရာဖြစ်သူ ပေါလ်ဟာ အရေပြား ကင်ဆာရောဂါနဲ့ သူ မကြာမီ လူ့လောကမှ စွန့်ခွာရတော့မှန်း သိပြီးနောက် လူလား မမြောက်သေးတဲ့ ၅ နှစ်နဲ့ ၁ နှစ်ခွဲ အရွယ်ကလေးငယ်များ နောင်တချိန် အရွယ်ရောက်လာတဲ့ အခါ ဖတ်ဖို့ စနစ်တကျ ရေးသား ပြုစုထား ပါတယ်။ စာဖတ်သူတို့လည်း မှတ်သားလိုက်နာ ကျင့်ကြံကြပါ စို့လား။

၁။ ယဉ်ကျေးသိမ်မွေ့ပါ။ အချိန်တိကျပါ။ ကျေးှဇူးပြု၍၊ ကျေးဇူးတင်ပါတယ် ဆိုတာကို အမြဲတမ်း ထည့်ပြောပါ။

၂။ သင်ကိုယ်တိုင်ပြဿနာ ရှိသော်လည်း တခြားသူ ဒုက္ခရောက်တဲ့အခါ ထောက်ထားညှာတာပါ။ ကရုဏာထားပါ။ အချိန်တန်တဲ့အခါ သင့်ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို လေးစား အံ့သြပြီး သင့်ကို ကူညီလာပါ လိမ့်မယ်။

၃။ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ စိတ်ဓါတ်ကို အားထုတ်ကျင့်ကြံပါ။ သင့်အတွက် မထင်ပေါ်သော်ငြား မှန်တယ်ထင်ရင် လုပ်ပါ။ မနက်တိုင်း ကိုယ့်ကိုယ်ကို ဘာအပြစ်မှမကျုးလွန်ပါ (သို့) ကိုယ်လုပ်ခဲ့သမျှကို နောင်တ မရပါဆိုတဲ့ အကောင်းအဆိုး ခွဲခြားသိတဲ့ စိတ်နဲ့ မှန်ကြည့် နိုင်အောင် ကြိုးစားပါ။

၄။ မိမိကိုယ်ကို နှိမ့်ချပါ။ မိမိရဲ့အယူအဆ၊ နေရာကို မပြောင်းလဲဘဲ မနေဘဲ တဖက်သား ပြောတဲ့အပေါ် မူတည်ပြီး မိမိမှားမှန်း သိရင် ရပ်တန်းက ရပ်ပြီး နောက်ပြန်ဆုတ်ပါ။ အရိုအသေတန်မှာ အရှက်ရမှာ မစိုးရိမ်နဲ့။ သင်ဟာ တယူသန် ခေါင်းမာတဲ့သူ မဖြစ်ပါစေနဲ့။

၅။ သင့်အမှားများစွာမှ သင်ယူနိုင်အောင် ကြိုးစားပါ။ သင်ဟာ ပြဿနာ တခုခုနဲ့ ကြုံလာတိုင်း ဆက်ပြီး တူညီတဲ့ အမှားမျိုး လုပ်မယ်ဆိုရင် သင်ဟာ တခုခုတော့ မှားနေပြီ။

၆။ သူတပါးအား မထီမဲ့မြင် မလေးမစား ပြုမူ မဆက်ဆံပါနဲ့။ မိမိအတွက် လည်း မကောင်းပါ။ ပြဿနာ တခုခုရှိရင် မျက်နှာချင်းဆိုင် ဆွေးနွေး တိုင်ပင်ပါ။

၇။ ရန်စကို ထိန်းချုပ်ပါ။ တစုံတယောက်က ကိုယ့်ကို ဆန့်ကျင် တိုက်ခိုက် လာရင်လည်း ချက်ချင်း မတုန့်ပြန်ပါနဲ့။ ဒေါသထွက်ရင် စကားထဲက အမှား ပါလာ တတ်ပါတယ်။ သည်းခံခြင်းက ကိုယ့်အတွက် ထိုက်တန်တဲ့ အခွင့် အရေး ရလာပါလိမ့်မယ်။

၈။ ပျော်ပျော်နေပါ။ မိမိထက် နိမ့်ကျပြီး ကံမကောင်း အကြောင်းမလှတဲ့ သူများကို ပေးကမ်း ရက်ရော ကူညီပါ။ ဒါဟာ လုပ်သင့် လုပ်ထိုက်ပြီး မိမိအတွက် ခက်ခဲတာလည်းမဟုတ်။

၉။ အမြဲတမ်း အကောင်းမြင်တတ်ပါစေ။ ဥပမာ- ဖန်ခွက်ထဲကရေဟာ တဝက်ပြည့်နေတာ။ တဝက်မရှိတာ မဟုတ်ဘူး။ ကံဆိုးမှုတိုင်းကို ရှာဖွေသင်ခန်းစာယူတတ်ရင် ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

၁၀။ တခုခုကို လုပ်ဖို့ အကျိုးအကြောင်း ရှာဖွေပါ။ အမြဲတမ်း “YES” ဆိုတာ ပြောဖို့ အသိစိတ် မွေးရပါမယ်။ “NO” ပြောဖို့ မကြံပါနဲ့။ အဲဒီအတွက် သင့်မိတ်ဆွေဟာ သင့်ကိုချစ်ခင်လာပါလိမ့်မယ်။

၁၁။ သူများနဲ့ ပိုင်ပိုင်နိုင်နိုင် တိုင်ပင် ညှိနှိုင်းခြင်းဖြင့် သူတို့အကြိုက်ကို ပို၍ သင် လိုက်လျောပေးနိုင်ရင် သင်လည်း လိုအပ်တာထက် ပိုမို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

၁၂။ အဖွဲ့အစည်း၊ ပါတီဖိတ်ကြားခြင်းကို ယဉ်ကျေးပျူငှာစွာ လေးစား ဂုဏ်ပြုတဲ့ အနေနဲ့ အမြဲတမ်း လက်ခံ တက်ရောက်ပါ။

၁၃။ မိမိထက် အဆင့်အတန်း၊ ရာထူး နိမ့်ကျသည်ဖြစ်စေ၊ မြင့်မားသည် ဖြစ်စေ အမြဲတမ်း တန်းတူ ဆက်ဆံရပါမယ်။ သင့်ထက် ဝါကြီးသူကို ရိုသေ ကိုင်းရှိုင်းရပါမယ်။ ဖော်လံဖားသူ မဖြစ်ပါစေနဲ့။ ရွယ်တူကို လေးစားပါ။

၁၄။ သင့်မောင်နှမ သားချင်းများရဲ့ အကြိုက်ကို ဦးစားပေးပါ။ မိမိကိုယ်ကိုနဲ့ မိမိနိုင်ငံကို ဂုဏ်ယူမြတ်နိုးပါ။ တခြား တိုင်းပြည်ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာ စကားများကိုလည်း လေ့လာပါ။ သင်တခြား တိုင်းပြည်သို့ ခရီးသွားတဲ့ အခါမှာ မိမိတိုင်းပြည်ဟာ ကမ္ဘာမှာ ဘယ်လောက်အရေးပါတယ်၊ မပါဘူး ဆိုတာကို သိလာပါလိမ့်မယ်။ သိပ်ပြီး သွေးကြီးပြီး ဘဝင်မမြင့်ပါနဲ့။

၁၅။ ရည်မှန်းချက် ကြီးကြီးထားပါ။ မိမိ တတ်ကျွမ်းတဲ့ပညာနဲ့ ကြိုးစား လုပ်ကိုင်ပြီး အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပါ။

၁၆။ နေ့စဉ်လုပ်ရမယ့် အလုပ်ကို ပြီးမြောက်အောင် လုပ်ပါ။ အချိန် မဆွဲပါနဲ့။

၁၇။ ကျောင်းမှာ အတော်ဆုံး ဖြစ်အောင်လုပ်ပါ။ ဆရာ၊ ဆရာမများ သင်ကြားတာအပြင် မိမိကိုယ်ကို တီထွင်ကြံဆပါ။

၁၈။ သင်တတ်နိုင်တဲ့ အတိုင်းအတာအထိ သုံးစွဲပါ။ အလွန်အမင်းလည်း ခြိုးခြံ မချွေတာပါနဲ့။ သူ့ ဈေးနှုန်းနဲ့တန်တဲ့ ပစ္စည်းမျိုးရှာဖွေဝယ်ယူပါ။

၁၉။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ ဖခင်မရှိပေမဲ့ သတ္တိရှိပါ။ ကြင်နာ ရက်ရောပါ။ ကျန်းမာ သန်စွမ်းအောင် နေပါ။ မိမိ ကံကြမ္မာကို ကောင်းအောင် ဖန်တီးပါ။

၂၀။ မိမိကိုယ်ကို ဘယ်တော့မှ ဝမ်းနည်း အားငယ်မနေပါနဲ့။ ငိုယိုခြင်းကနေ ဘာမှကောင်းတာ ဖြစ်မလာဘူး။

၂၂။ ဘာသာစကား တခုခုကို လေ့လာသင်ယူ လိုက်စားပါ။ အထူးသဖြင့် နိုင်ငံတကာသုံး အင်္ဂၤလိပ်စာကို ကျွမ်းကျင်အောင် ပြုလုပ်ပါ။

၂၃။ နောက်ဆုံးအနေနဲ့ သင့်မိခင်ကို သေချာ ဂရုစိုက်ပါ။ ချစ်ခင်ကြင်နာ ယုယပါ။

မောက္ခပညာရေး မဂ္ဂဇင်းမှ