ရေးသားသူ – ဦးဝေမင်းအိမ်
တရားဥပဒေစိုးမိုးရေး ကို သရုပ်ဖော်ထားတဲ့ အမျိုးသမီးရုပ်တုတစ်ခုရှိပါတယ် ။ အဲဒီရုပ်တုကို Lady Justice လို့ ခေါ်ပါတယ် ။ အဲဒီရုပ်တုဟာ မျက်လုံးကိုအဝတ်တစ်စစည်းပိတ်ထားပြီး ဘယ်ဖက်လက်မှာ အတိမ်းအစောင်းမရှိတဲ့ ချိန်ခွင်တခုကို ကိုင်မြှောက်ထားပြီး ယာဘက်လက်မှာတော့ နှစ်ဖက်သွား ဓားတလက်ကို ကိုင်စွဲထားပါတယ် ။ အဲဒီရုပ်တုဟာ လူ့လောကလူ့အသိုင်းအဝိုင်းမှာ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ကြ ရာမှာ ထားရှိရမဲ့ စိတ်သဘောကို လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ ရုပ်အသွင်နဲ့ တင်စားပုံဖော်ထားတဲ့ ရုပ်တုတစ်ခုပဲဖြစ် ပါတယ် ။
တရားစောင့်နတ်သမီး Lady Justice ဟာ ဂရိဒဏ္ဏာရီလာ နတ်ဘုရားတစ်ပါး ဖြစ်ပြီး ဂရိဘာသာမှာ သူမကို Lustitia (သို့) Justitia လို့ ခေါ်ဆိုကြပါတယ်။ Lady Justice ဟာ ဂရိလူမျိုးတို့ရဲ့ ဘာသာရေး ကိုးကွယ်မှုအရ ပေါ်ပေါက်လာတဲ့ နတ်ဘုရားတစ်ပါး မဟုတ်
ပါဘူး။ Lady Justice ဟာ ဂရိ နဲ့ ရောမအင်ပါယာဘုရင် Augustus က ဗိမာန်တည်ဆောက်ချီးမြှင့်ခြင်း ခံရတဲ့ နတ်ဘုရားတစ်ပါးသာ ဖြစ်ပါတယ်။
တရားစောင့်နတ်သမီးရဲ့ ဝိသေသလက္ခဏာများ ကတော့
၁ – မျက်လုံးကို အဝတ် စည်းနှောင်ထားခြင်း – Blindfolded
၂ – ဘယ်ဖက်လက်တွင် ချိန်ခွင်ကို ကိုင်ဆောင်ထားခြင်း – A Set of Scales
၃ – ညာဖက်လက်တွင် ဓားကို ကိုင်ဆောင်ထားခြင်း – Sword
၄ – ရှေးခေတ် Greco -Roman ဝတ်ရုံလွှာ ခြုံထားခြင်း – Toga
• မျက်လုံးကို အဝတ် စည်းနှောင်ထားခြင်း – Blindfolded
မျက်လုံးကို အဝတ် စည်းနှောင်ထားခြင်းသည် သမာသမတ်ကျမှု / ဘက်မလိုက်မှုကို ကိုယ်စားပြုပါတယ်။ သို့ပေမယ့် တရားစောင့်နတ်သမီးရဲ့ မူလအစမှာတော့ မျက်လုံးကို အဝတ်စည်းနှောင်ထားခြင်း မရှိခဲ့ပါ။ ၁၆ ရာစု အစမှသာ တရားစောင့်နတ်သမီးရုပ်ထုများတွင် မျက်လုံးကို အဝတ်စည်းလာခဲ့ခြင်း ဖြစ်ပါသည်။ တရားစီရင်ဆုံဖြတ်ရာမှာ မံသစက္ခု လို့ခေါ်တဲ့ မျက်စေ့အမြင်နဲ့မကြည့် ၊ ညာဏ စက္ခု လို့ ဆိုတဲ့ ဉာဏ်ပညာ ဆင်ခြင်တုံတရားနဲ့သာ ချင့်ချိန်ဆုံးဖြတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ ။
• ချိန်ခွင် – A Set of Scales
ချိန်ခွင်ကတော့ တရားမျှတမှု – Justice ကို ကိုယ်စားပြု ပါတယ်။ တရားမှုနဲ့ မတရားမှု အားပြိုင် မျှခြေ တစ်ခုလည်း ဖြစ်ပါတယ်။ အနူးဘစ် -God Anubis ကို တရားစီရင်စဉ်က ချိန်ခွင်ရဲ့တစ်ဖက် မှာ လူ့နှလုံးသားကို တင်ပြီး ချိန်ခွင်ရဲ့အခြားတစ်ဖက် မှာတော့ အမှန်တရား ငှက်မွှေးကိုတင်ကာ စီရင်ခဲ့ဖူးတယ်လို့ မှတ်သားရပါတယ်။
• ဓား – Sword
ဓားကတော့ အခွင့်အာဏာ – Authority ကို ကိုယ်စားပြုပါတယ်။ တိကျမှန်ကန်ပြတ်သားစွာ ဆောင်ရွက်သည့် သဘောဖြစ်တယ်လို့လည်း ယူဆရပါတယ်။ ဂရိခေတ် ၊ ရောမခေတ်တို့မှာ ဓား သင်္ကေတဟာ အချုပ်အခြာအာဏာကို ကိုယ်စားပြုပါတယ် ။ ဒါ့အပြင် နှစ်ဖက်သွားဓားဟာ ထက်မြက် ပြတ်သားမှု ၊ လျှင်မြန်မှု နဲ့ အဆုံးသတ်မှု တို့ကို ကိုယ်စားပြု တာဖြစ်တဲ့အတွက် တရားစီရင်ရေးဆိုသည်မှာလည်း ထက်မြက် ပြတ်သားရမယ် ၊ လျှင်မြန်ရမယ် ၊ နောက်ဆုံး ဆုံးဖြတ်ချက်ဟာ တိကျသေချာရမယ်လို့ ဖော်ညွှန်းထားတာဖြစ်ပါတယ် ။
• ဝတ်ရုံလွှာ -Toga
ရှေးခေတ် Greco -Roman ဝတ်ရုံလွှာ ကတော့ တရားမျှတမှု ကို ရုပ်လုံးဖေါ်သော အတွေးအခေါ် သဘောထားဆိုတဲ့ အဓိပ္ပါယ် သင်္ကေတတစ်ခု ဖြစ်ပါတယ်။ တရားစောင့်နတ်သမီးနဲ့ ပူးတွဲ တွေ့မြင်ရလေ့ရှိတဲ့ နတ်ဘုရားတစ်ပါးကတော့ မှန်နဲ့ မြွေကို ကိုင်ဆောင်ထားတဲ့ Prudentia ဆိုတဲ့ နတ်ဘုရားပဲ ဖြစ်ပါတယ်။ ဒါ့ပြင်သူမ နဲ့ တန်းတူအဆင့်ရှိတဲ့ အခြား နတ်ဘုရား ၂ ပါး ရှိပါသေးတယ်။ သူတို့ ကတော့ Themis နဲ့ Dike တို့ပဲ ဖြစ်ပါတယ်။
• Themis ( God of Divine Order, Fairness, Natural Law and Custom )
Themis ဟာ ဇုစ်နတ်မင်း – Zeus ရဲ့ ကြင်ယာတော် တစ်ပါး ဖြစ်ပါတယ်။ သူမဟာ ဂရိအစောဆုံးနတ်တွေဖြစ်တဲ့ Gaia (Earth) နဲ့ Uranus (Heaven) တို့ရဲ့သမီးပါ။ သူမကတော့ ချိန်ခွင်နဲ့ ဓားကို ကိုင်ဆောင်ထားလေ့ ရှိပြီး တရားမျှတခြင်းနတ်သမီးဖြစ်ပါတယ်။
• Dike ( God of Moral Order and Fair Judgement )
Dike ကတော့ Themis နဲ့ Zeus တို့ရဲ့ သမီးဖြစ်ပါတယ်။ သူမကတော့ ချိန်ခွင်နဲ့ သံလွင်ခက်ကို ကိုင်ဆောင်ထားပါတယ်။ ဂရိဒဏ္ဍာရီတွေထဲမှာတာ့ သူမဟာ ကမ္ဘာကြီးရဲ့ ရွှေခတ်၊ ငွေခေတ်တုန်းက ကမ္ဘာပေါ်မှာ နေထိုင်ခဲ့ပါတယ်။ သူမ နေထိုင်စဉ်က လူသားမျိုးနွယ် ငြိမ်းချမ်းမှု ရှိခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်း သူမ ကို Zeus က Mount Olympus သို့ ပြန်ခေါ်လိုက်ချိန် ကမ္ဘာမှာ ကြေးခေတ်သို့ ရောက်ရှိခဲ့ပြီး ငြိမ်းချမ်းမှုပျက်သုဉ်း ခဲ့တယ်လို့ ဆိုပါတယ်။ သူမ နဲ့ အတူ ဆက်စပ်တွေ့ရလေ့ရှိတဲ့ နတ်ဘုရားကတော့ Astraea လို့ ခေါ်တဲ့ God of Innocence and Purity ပဲ ဖြစ်ပါတယ်။