ရိုးရိုလေးပါ

Posted on

ရေးသားသူ – နိုင်းနိုင်းစနေ

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ဝရန်တာမှာကျနေတဲ့အမှိုက်တစ်စကိုကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့အရာရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။

တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကိုမွေးမြူတတ်ဖို့ပဲလိုတယ်။ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက“ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲလိုတယ်။

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က “ခင်ဗျားဆိုင်ကအမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများသုံးသလဲ” လို့မေးတော့ သူဌေးက“ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင် တစ်ခုလဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။အမြဲတမ်း ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကိုလဲပေးဖို့ပဲလိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥကပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကိုတွေ့ခဲ့မိတယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာဥခွံကိုပဲပိုးထားတော့တယ်။ ကြီးလေးတဲ့အတ္တတွေကို ခွာချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။ ခေါင်းမာတဲ့၊တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေကိုစွန့်ပစ်ဖို့ပဲလိုတယ်။ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကိုခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။ ဒါပေမယ့်အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက သူ့ကို“ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလည်းမရဘူး” လို့မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက ပြန်ဖြေခဲ့တယ်။ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊ လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘဝမှာလည်း နေပျော်ဖို့ရာလွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်၊ မုဒိတာပွားတတ်ဖို့ပဲလိုတယ်။

( နိုင်းနိုင်းစနေ)