Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အဆင်းရဲဆုံး သမ္မတကြီးအကြောင်းနဲ့ သူ့ရဲ့ ရင်တွင်းစကား

by Thutamm
August 5, 2019
Reading Time: 1min read
0
ကမ္ဘာ့အဆင်းရဲဆုံး သမ္မတကြီးအကြောင်းနဲ့ သူ့ရဲ့ ရင်တွင်းစကား
Share on FacebookShare on Twitter

Via : ဆရာတင်ညွန့် ၊ ဟိန်း

ညက NHK သတင်းတွေကြည့်ရင်း ဘာသွားတွေ့လိုက်သလဲဆိုတော့ ဟိုဆေး မူဂျီကာကိုပါ။ ဂျပန်ကို လာပြီးတော့ တက္ကသိုလ်ကျောင်းသားတွေကို ဟောပြောပို့ချနေတာလေး ကြည့်လိုက်ရပြီး စိတ်ထဲမကောင်းဘူး။

သူ့အကြောင်း ယခင်ကတည်းကလည်း ဖတ်ထားဖူးတာ။

သူက ၂၀၁၀ ပြည့်နှစ်က ဥရူဂွေးနိုင်ငံမှာ သမ္မတဖြစ်ခဲ့တာပဲ။ ၂၀၁၅ ခုနှစ် မတ်လ ၁ ရက်နေ့အထိ သမ္မတ တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ ငါးနှစ်တိတိ သမ္မတ တာဝန်ကိုထမ်းဆောင်ခဲ့ပေမယ့် ကမ္ဘာ့အဆင့်ရဲဆုံး သမ္မတ တဲ့ဗျာ။ သူ့ဂုဏ်ပုဒ်က သမ္မတဖြစ်ပြီး အဆင်းရဲဆုံးဖြစ်ခဲ့လို့ ဂုဏ်တက်တာ။ ဘယ့်နှယ် တိုင်းပြည်ရဲ့ သမ္မတကြီး ဖြစ်ခဲ့ပြီး ဆင်းရဲတဲ့ထိပ်ခေါင် ဖြစ်ရတယ်လို့။

ဟိုဆေး မူဂျီကာ သမ္မတလုပ်စဉ်က လစာအဖြစ် ဒေါ်လာ ၁၂၀၀၀ လောက်ရသတဲ့။ ဒေါ်လာ ၁၂၀၀၀ ထဲက တိုင်းပြည်ကို ၉၀ ရာခိုင်နှုန်းလောက်ပြန်လှူတယ်။ ဒီတော့ သူတစ်လကို ခံစားတဲ့ အမှန်တကယ်ငွေက ၁၂၀၀ လောက်ပဲ ခံစားနေတဲ့သဘော။

သူက လစာထဲက ၉၀ ရာခိုင်နှုန်းကို ဆင်းရဲသားတွေလှူတယ်။ လုပ်ငန်းတွေကို စတင်ထူထောင်နေတဲ့ လုပ်ငန်းရှင်လေးတွေကို ထောက်ပံ့တယ်။

သူ့ကိုကြည့်လိုက်ရင် သမ္မတဆိုတာထက် သူလို ငါလို ဘာမှမပိုတဲ့ အဝတ်အစား၊ အသွားအလာမျိုးနဲ့ နေထိုင် တာများတယ်။ အခမ်းအနားတွေတက်ရင် သူများတွေက ဝတ်စုံတွေဘာတွေနဲ့ တောက်တောက်ပြောင်ပြောင် သားသားနားနား။ သူကတော့ ဖြစ်သလို ရှပ်အင်္ကျီလေးနဲ့ပဲ လာထိုင်ရင် ထိုင်နေလိမ့်မယ်။

သူသမ္မတမဖြစ်ခင်က သူပုန်လုပ်ခဲ့တယ်။ သူ့ကို ကျေးလက်ပြည်သူတွေက တောပုန်းကြီး ရော်ဘင်ဟုဒ်နဲ့ နှိုင်းယှဉ်ကြတယ်။ မူဂျီကာအဖွဲ့ဟာ နာမည်ပျက်တဲ့ဘဏ်တွေ၊ သေနတ်ရောင်းတဲ့ဆိုင်တွေ၊ အခြားလုပ်ငန်းကြီး တွေကို ဓားပြလိုက်တိုက်ပြီး ရတဲ့ငွေတွေကို ကျေးလက်ကပြည်သူတွေကို ခွဲဝေပေးလို့ ရော်ဘင်ဟုဒ်လို့ နာမည် ကျော်တာပေါ့။ တစ်ချိန်က သူပုန်တွေ၊ ဓားပြတွေလည်း သမ္မတတက်ဖြစ်နိုင်တာပဲ။

သမ္မတဖြစ်လာတော့လည်း ရာထူး စည်းစိမ် ခံစားဖို့ထက် ပြည်သူတွေဘဝ တိုးတက်မြင့်မားအောင် လုပ်ပေးဖို့ပဲ စိတ်ထဲရှိတယ်။ သူပုန်ဘဝနဲ့ နေစဉ်က ထောင် နှစ်ကြိမ်ကျဖူးတယ်။ ထောင်ထဲမှာ ၁၄ နှစ်လောက် နေခဲ့ရတယ်။ ဥရုဂွေးသမ္မတမဖြစ်မီအထိ ပြည်သူတွေအတွက် တောက်လျှောက်တိုက်ပွဲဝင်ခဲ့တဲ့သမ္မတပဲ။

မူဂျီကာ သမ္မတဖြစ်တော့ သမ္မတအိမ်တော်တက်ရတော့မယ်ပေါ့။ ဒါပေမဲ့ ခမ်းနားတဲ့ သမ္မတအိမ်တော်ကြီးမှာ တက်မနေဘူး။ သမ္မတအဖြစ် ကားစုတ်လေးနဲ့ ရုံးလာတက်ပြီးရင် လယ်ထဲက အိမ်ကို ပြန်တယ်။ လယ်ထဲက အိမ်ဆိုတာလည်း တစ်ထပ်အိမ်သေးသေးလေး။ ဇနီးနဲ့ ခွေးတွေနဲ့ အတူနေတာ။ သူ့ခံယူချက်က ဘဝဆိုတာ အကောင်းစားကြီး နေထိုင်ပြဖို့မဟုတ်ဘူး။ အရိုးသားဆုံး နေထိုင်ပြဖို့လိုတယ်တဲ့ဗျာ။

ရုံးမသွားတဲ့ရက်တွေမှာ ခြံလုပ်တယ်။ ပန်းတွေစိုက်တယ်။ ကိုယ်တိုင် ပန်းတွေ ထွက်ရောင်းတယ်။ ခြံထွက် သီးနှံတွေလည်း ကိုယ်တိုင်ရောင်းတာပဲ။ သူစီးတာ ၁၉၈၇ ခုနှစ်ထုတ် Volkswagon Beetle ကားလေး။ ညက သတင်းထဲမှာ တွေ့တော့လည်း ဂျပန်တွေက သူ့ကို အဲဒီလို ကားလေးနဲ့ပဲ တက္ကသိုလ်ကို ဂုဏ်ပြုခေါ်ခဲ့တာ။ ပညာရှင်တွေ ကျောင်းသားတွေက ကားလေးထဲက ခေါင်းလေးငုံ့ပြီးထွက်လာတဲ့ သူ့ကို လက်ခုပ်တွေတီးပြီး ဂုဏ်ပြုတာများ မျက်ရည်တောင်ဝဲမိတယ်။

သမ္မတကြီးအတွက် နိုင်ငံတော်က အတင်းချပေးလို့ အစောင့် နှစ်ယောက်ပဲရှိတယ်။ သူ့အခြား အစောင့်က တော့ ခြေတစ်ချောင်း ကျိုးနေတဲ့ ခွေးလေးတစ်ကောင်။

သူ့ကို ကမ္ဘာက အဆင်းရဲဆုံးလို့ သတ်မှတ်တာ။ သူက အဲဒီလို ခေါ်တာ မကြိုက်ဘူး

“ကျုပ်မဆင်းရဲဘူးဗျ။ ဆင်းရဲတယ်ဆိုတာ အလိုကြီးတဲ့သူကိုမှခေါ်တာ။ ကျုပ်ဘဝက ကျုပ်ရခဲ့တဲ့ ရင်ထဲက ဒဏ်ရာတွေနဲ့ ပတ်သက်နေတယ်။ ကျုပ်ဟာ သမိုင်းက မွေးဖွားပေးလိုက်တဲ့ သားတစ်ယောက်ပဲဖြစ်ရမယ်။ ကျုပ်ဘဝမှာ မွေ့ရာလေးတစ်ခုရရင် တော်ပြီလို့ပဲ နှစ်ပေါင်းများစွာ တောင့်တခဲ့တာ”

အဲဒါ သမ္မတတစ်ဦးရဲ့ ရင်ထဲကစကားပါဗျာ။

——————–

သမ္မတကြီးအကြောင်းကို မသိသေးတဲ့သူများအတွက် ကိုဟိန်း(Hein Five Strings) ရေးခဲ့တဲ့ပိုစ့်လေးကို ပြန်တင်ပေးလိုက်ပါတယ်။

သမ္မတကြီးမွဲတေနေသည် (သို့မဟုတ်) José Mujica

 

ကမ္ဘာပေါ်က အလှူအတန်းများအကြောင်းကို တစ်ခါတစ်ခါတွေးနေမိပါတယ်။ ကွမ်းဝယ်ရာကအအမ်းပြန်ရတဲ့ အကြွေတစ်ရာကို လမ်းပေါ်ထိုင်နေတဲ့ အဘွားအိုဆီ လှူလိုက်တယ်။ ဒါက သေးသေးမွှားမွှား။ သူငယ်ချင်းအယောက်သုံးလေးဆယ်စုပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးအချို့ကို ဒုက္ခသည်တွေဆီလှူလိုက်တယ်။ ဒါက တစ်ပိုင်တစ်နိုင်။ သိန်းပေါင်းများစွာကို မည်သည့်လုပ်ငန်းစုကြီးမှ မည်သည့်အဖွဲ့အစည်းထံ အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားဆိုပြီး အခမ်းအနားကြီးတစ်ခုကျင်းပလို့ လှူလိုက်တယ်။ ဒါက ကြီးကြီးကျယ်ကျယ်။ ရှိစေတော့။ ဘယ်လိုလှူပုံတန်းပုံမျိုးဖြစ်ဖြစ် လက်ကမ်းသူရော၊ လက်ခံသူရော၊ မြင်ရကြားရသူရော သုံးဦးသုံးဖက်စိတ်ကြည်နူးစရာကောင်းလှတဲ့ လုပ်ရပ်တွေပါပဲ။

ထောင်မြင် ရာစွန့်သော အလှူများက လွဲလို့၊ ညောင်ပင်ကြီးရချင်လို့ ညောင်စေ့လေးပျိုးသော အလှူများက လွဲလို့၊ ငါးစိမ်းကိုမြင်လို့ ငါးကင်ပစ်သော အလှူများက လွဲလို့၊ ပွဲလန့်တုန်း ဖျာဝင်ခင်းသော အလှူများက လွဲလို့ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ခင်ဗျားတို့ ပေးကမ်းလိုက်သော အရာများဟာ ကိုယ့်ပိုင်ဆိုင်မှု၊ ကိုယ့်ဝေစုထဲက အစိတ်အပိုင်းသေးသေးကလေးတချို့ပါ။ ဘယ်သူကများ “ငါ့မှာတစ်သောင်းရှိတယ်။ ရော့ နင်ငါးထောင်၊ ငါငါးထောင်လို့”လမ်းဘေးက ကလေးငယ်ကို ပေးမှာလဲ။ ဘယ်သူကများ “ကျွန်တော့်မှာ ကားသုံးစီးရှိတယ်။ ခင်ဗျားတို့ နှစ်စီးယူလိုက်”လို့ ပေးမှာလဲ။ ကိုယ့်ဝေစုထဲက၊ ကိုယ့်ရပိုင်ခွင့်ထဲက တစ်ဝက်ကျော်ကျော်(သို့မဟုတ်)အားလုံးနီးနီးကို ပေးလှူလိုက်သူတွေရှိပင်ရှိသော်ငြား ဒီလိုလူတွေကို ကျွန်တော်တို့ လက်ချိုးရေတွက်နိုင်တယ်မဟုတ်လား။ ဒီလိုလူနည်းစုထဲမှာမှ နိုင်ငံတော်အကြီးအကဲတစ်ယောက်လည်း ပါဝင်နေတာကဖြင့် ထူးဆန်းမှုတစ်ခုလို့ ခံစားမိတာပါပဲ။ ပေးသူထက် ယူသူတွေများသော ဟောဒီကမ္ဘာကြီးပေါ်မှာလေ။

ငယ်စဉ်က နွမ်းပါးနုံချာသောဘဝ၊ အရွယ်ရောက်လာတော့ တော်လှန်ရေးပြောက်ကျားရဲဘော်ဘဝ၊ သည့်နောက် အကျဉ်းစံဘဝ၊ သည့်နောက် အထက်လွှတ်တော်အမတ်ဘဝ၊ ဝန်ကြီးဘဝတို့ကနေ နောက်ဆုံး သမ္မတကြီးဘဝအထိ တက်လှမ်းလာခဲ့သူပါ။ ကမ္ဘာ့အဆင်းရဲဆုံးသမ္မတကြီးလို့ အားလုံးကချစ်စနိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။ သူကတော့ ဥရုဂွေးနိုင်ငံသမ္မတကြီး José Mujica ပါ။ စပိန်ဘာသာစကားအရ ဇို(ရှှို)ဆေးမူဇီ(ရှီ)ကာလို့ အသံထွက်ရတဲ့ သူ့ကို ၁၉၃၅ခုနှစ်၊ မေလ ၂၀ရက်နေ့မှာ စပိန်နွယ်ဖွားဖခင် Demetrio Mujica နဲ့ အီတာလျံနွယ်ဖွားမိခင် Lucy Cordano တို့ကနေ မွေးဖွားခဲ့ပါတယ်။ အသက်(၅)နှစ်အရွယ်မှာ ဖတဆိုးဖြစ်ခဲ့ရတဲ့ မူဇီကာလေးဟာ မိခင်နဲ့အတူ ဘဝကို ပင်ပန်းဆင်းရဲစွာဖြတ်သန်းခဲ့ရပါတယ်။

စပျစ်ခြံသေးသေးလေးကို ပြုစုပျိုးထောင်နေရင်းနဲ့ နိုင်ငံရဲ့အရေးအပေါ် စိတ်ဝင်စားလာခဲ့ပါတယ်။ ၁၉၆၀ပြည့်နှစ်ဝန်းကျင်မှာ ဆင်းရဲတဲ့ကြံခင်းအလုပ်သမားများနဲ့ ကျောင်းသားလူငယ်များ အစပြုခဲ့ကြတဲ့ Tupamaros ဆိုတဲ့တော်လှန်ရေးကြီးတစ်ရပ် အသက်ဝင်လာပါတယ်။ ၁၉၇၁ခုနှစ်မှာတော့ မူဇီကာဟာ တော်လှန်ရေးခေါင်းဆောင်တစ်ဦးအဖြစ် အခြားရဲဘော်တွေနဲ့အတူ အဖမ်းဆီးခံခဲ့ရပါတယ်။ သူဟာ နိုင်ငံတော်အဆင့်အရေးကြီးအကျဉ်းသားအဖြစ် ၁၄နှစ်ကျော်ထောင်နန်းစံပြီးချိန် ၁၉၈၅ခုနှစ်မှာတော့ ဥရုဂွေးနိုင်ငံဟာ ဒီမိုကရေစီလမ်းကိုလျှောက်တဲ့ နိုင်ငံတစ်ခုဖြစ်လာပါတော့တယ်။ ဒီအချိန်ထိ မူဇီကာဟာ ဘဝကြမ်းကြမ်းနိုင်ငံရေးသမားတစ်ယောက် အဖြစ်သာ ရှိနေပါသေးတယ်။ ထောင်ကထွက်ပြီး ၇နှစ်အကြာမှာ မူဇီကာဟာ သူယုံကြည်ရာ နိုင်ငံရေးခံယူချက်အတွက် တရားဝင်ပါတီတစ်ခု တည်ထောင်နိုင်အောင်ကြိုးပမ်းပါတော့တယ်။

ယာသီညွန့်ပေါင်းအစိုးရအဖွဲ့ကလည်း ခွင့်ပြုပေးခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၉၄အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ပြီး ၁၉၉၉မှာတော့ အထက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ပါတယ်။ မူဖီကာရဲ့ စည်းရုံးမှုစွမ်းရည်ကြောင့် သူကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီဟာ ပြည်သူတွေကြားမှာ အလွန်လူကြိုက်များအောင်မြင်လာခဲ့ပါတယ်။ ၂၀၀၄ခုနှစ်မှာတော့ မူဇီကာ အထက်လွှတ်တော်အမှတ်အဖြစ် ထပ်မံအရွေးချယ်ခံခဲ့ရပြီး ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ နိုင်ငံရဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပါတယ်။ ဥရုဂွေးနိုင်ငံရဲ့ ၂၀၀၉ ခုနှစ်အထွေထွေရွေးကောက်ပွဲအပြီးမှာတော့ မူဇီကာဟာ သမ္မတဖြစ်လာခဲ့ပြီး ၂၀၁၀ခုနှစ်၊ မတ်လ ၁ရက်နေ့က စလို့ ကမ္ဘာကြီးထံ သူ့ကိုယ်သူအပ်နှံလိုက်ပါတော့တယ်။

သမ္မတဆိုတာ နိုင်ငံတစ်ခုလုံးရဲ့အကြီးအကဲမဟုတ်ဘူးလား။ ပြည်သူလူထုတစ်ရပ်လုံးကို ချုပ်ကိုင်အုပ်မိုးထားရသူမဟုတ်ဘူးလား။ ဘယ်သူကမှမကဲ့ရဲ့မထောက်ပြကြမယ့်(သို့မဟုတ်) ဘယ်သူကမှကဲ့ရဲ့ထောက်ပြလို့ မရမယ့် အခွင့်အရေးအမည်မတပ်သော အခွင့်အရေးတွေကို သူယူလို့မရနိုင်ဘူးလား။ ဂုဏ်သိက္ခာအရ၊ လုံခြုံရေးအရ၊ ကျန်းမာရေးအရ၊ နိုင်ငံရေးအရ သင့်တင့်သော အခွင့်အရေးတွေကို နိုင်ငံတစ်ခုအပေါ် ကိုင်တွယ်အုပ်ချုပ်နေရသူတိုင်း ရယူပိုင်ခွင့်ရှိနေပါတယ်။ ဥပမာ- နောက်ဆုံးပေါ်ကျည်ကာကားစီးမယ်။ ဘာဖြစ်သလဲ။ ဒါဟာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးရဲ့ ဂုဏ်သိက္ခာအရရော လုံခြုံရေးအရပါ ဖြစ်သင့်တဲ့ကိစ္စပါ။

သမ္မတကြီးရဲ့နေအိမ်ဟာ ရာသီဥတုပူပြင်းတဲ့ ဒေသမှာရှိနေလို့ တောင်ပေါ်မြို့လိုနေရာမျိုးမှာ နွေရာသီအားလပ်ရက်အတွင်းအပန်းဖြေဖို့ အိမ်တစ်လုံးအပိုဝယ်ထားတယ်။ ဘာဖြစ်သလဲ။ ဒါဟာ ခေါင်းဆောင်တစ်ယောက်ရဲ့ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်နေတာပဲလေ။ ဒီလိုသာမန်အခွင့်အရေးတွေကိုတောင် ငြင်းပယ်ထားတဲ့ ဥရုဂွေးနိုင်ငံသမ္မတကြီး မူဇီကာရဲ့ အကြောင်းဟာ လုပ်ကြံဇာတ်လမ်းတစ်ပုဒ်လို၊ ပုံပြင်တစ်ပုဒ်လိုပါပဲ။ ဒါပေမယ့် တကယ့်ဖြစ်ရပ်မှန်ဖြစ်ကြောင်း ကျွန်တော်တို့ ယုံကြည်ရပါလိမ့်မယ်။

ဒါဟာ မြို့တော်ရဲ့အလည်ဗဟို၊ အချက်အချာနေရာ လူကုံထံရပ်ကွက်မှာ မဟုတ်ပါဘူး။ ဂိတ်တံခါးအထပ်ထပ်နဲ့ စစ်ဆေးရေးဂိတ်တွေမရှိပါဘူး။ လက်နက်အပြည့်အစုံနဲ့ အထူးလုံခြုံရေးတပ်ဖွဲ့တွေ မရှိပါဘူး။ လူနှစ်ရပ်မကမြင့်တဲ့ အုတ်တံတိုင်းကြီးနဲ့ စံအိမ်တော်ကြီးမရှိပါဘူး။ အဆင့်မြင့်လုံခြုံရေးကင်မရာများနဲ့ အထူးလေ့ကျင့်ပေးထားတဲ့ အယ်လ်ဇေးရှင်းခွေးကြီးတွေမရှိပါဘူး။ ခြံထဲမှာလှပသန့်ရှင်းတဲ့ ရေကူးကန်ကြီးနဲ့ ပန်းတွေဖူးပွင့်ဝေဆာနေတဲ့ပန်းဥယျာဉ်ကြီးမရှိပါဘူး။ အိမ်ထဲကို ဝင်သွားရင်လည်း တန်ဖိုးကြီးအရက်ဘား၊ တန်ဖိုးကြီးပရိဘောဂများနဲ့၊ တန်ဖိုးကြီး ပန်းပုရုပ်များ၊ ပန်းချီကားများ၊ ဒါတွေတစ်ခုမှ မရှိပါဘူး။

မွန်တီဗီဒီရိုမြို့အစွန်ကို ထွက်ခဲ့ပါ။ခြံဝန်းရှေ့ကိုရောက်တဲ့အခါ နှစ်ဦးတည်းသော ရဲတပ်သားတွေကို အကျိုးအကြောင်းပြောပြပြီးရင် ဝင်လာခဲ့လို့ရပါတယ်။ တစ်ဖက်တစ်ချက်မှာ မြက်တွေပေါက်နေတဲ့ မြေလမ်းကျဉ်းကျဉ်းလေးကနေ ယာခင်းစိမ်းစိမ်းတွေကို ဖြတ်သွားလိုက်ရင် ရိုးရိုးရှင်းရှင်းဆောက်ထားတဲ့ တစ်ထပ်တိုက်ကလေးကို တွေ့ပါလိမ့်မယ်။ ဘေးမှာလည်း ရေစင်မြင့်မြင့်ကြီးနဲ့ပေါ့။ အဲဒီတိုက်ဖြူဖြူလေးနားကို ကပ်သွားတဲ့အခါ ဘယ်ဘက်လက်တစ်ဖက်မရှိရှာတဲ့ ဒုက္ခိတခွေးကလေး Manuelaက ဟောင်ချင်ဟောင်မှာပေါ့။ ဒါကလည်း ကိစ္စမရှိပါဘူး။ သူ့သခင် အဘိုးကြီးက ထွန်စက်ပေါ်က ဆင်းလာပြီးပဲဖြစ်ဖြစ်၊ ရေတွင်းကလေးနားမှာ ရေပိုက်တွေကို ပြင်ဆင်နေရင်းပဲဖြစ်ဖြစ်၊ စပျစ်စင်အောက်က ကုလားထိုင်အိုကြီးပေါ်ကပဲဖြစ်ဖြစ်၊ ခပ်မှောင်မှောင် ကားဂိုဒေါင်ထဲက ထွက်လာပြီးပဲဖြစ်ဖြစ်၊ ဟန့် ပေးပါလိမ့်မယ်။ အဲဒီအဘိုးကြီးက သမ္မတကြီးပါ။ ဟုတ်ပါတယ်။ ဒါဟာ ဥရုဂွေးနိုင်ငံသမ္မတကြီးမူဇီကာရဲ့ နေအိမ်ကို ကျွန်တော်တို့ စိတ်ကူးနဲ့ အလည်သွားကြည့်ကြခြင်းပါပဲ။

သမ္မတတစ်ဦးရဲ့နေအိမ်ဟာ ဘာကြောင့်ဒီလောက်ရိုးရှင်းပြီး ချစ်စရာကောင်းနေရတာလဲ။ အပိုဆာဒါးပကာသနတွေ မရှိရုံတင်မဟုတ်ဘဲ ရှိသင့်ရှိထိုက်တဲ့ အဆောင်အယောင်တွေပါ ဘာလို့မရှိရတာလဲ။ ဒီအချက်နဲ့တင် အံ့သြတကြီးဖြစ်နေကြရမယ့် ကျွန်တော်တို့ဟာ သမ္မတကြီးမူဇီကာရဲ့အကြောင်းကို ထဲထဲဝင်ဝင်သိရတဲ့အခါ ပိုပြီးအံ့သြရသလို သူ့ကို ပိုပြီးလေးစားမိပါတော့တယ်။ ဟုတ်ပါတယ်။ သမ္မတကြီးဟာ သူ့လစာငွေရဲ့ ၉၀% ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၂၀၀၀ ကို လူမှုရေးအဖွဲ့အစည်းတွေ၊ ပရဟိတဂေဟာတွေထံ လစဉ်လှူဒါန်းနေလို့ပါပဲ။ ဒါဆို မေးစရာတွေရှိလာပါတယ်။ သူဟာ တိုင်းပြည်ကိုဦးဆောင်နေရတဲ့သမ္မတတစ်ဦးဖြစ်သလို မိသားစုကိုဦးဆောင်နေရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်နေမှာလည်း အသေအချာပါပဲ။

လစာရဲ့ ၉၀% ကို လှူဒါန်းပစ်လိုက်သူဟာ ဘယ်ဝင်ငွေ၊ ဘယ်ပိုက်ဆံနဲ့များ မိသားစုလိုအပ်ချက်ကို ဖြည့်ဆည်းပေးမှာပါလိမ့်။ စိုက်ပျိုးရေးလုပ်ငန်းပါ။ ပန်းတွေ၊ ဟင်းသီးဟင်းရွက်တွေကို အလုပ်တာဝန်များအားလပ်ချိန်တိုင်းမှာ ကိုယ်တိုင်စိုက်ပျိုးရောင်းချပါတယ်။ ဥရုဂွေးနိုင်ငံရဲ့ ဥပဒေအရ သမ္မတဖြစ်ပြီးမကြာခင်မှာ ပိုင်ဆိုင်မှုစာရင်းဇယားကို နိုင်ငံသိ မဖြစ်မနေထုတ်ပြန်ပေးရပါတယ်။ ၂၀၁၀ခုနှစ်မှာ သမ္မတကြီးမူဇီကာရဲ့ ပိုင်ဆိုင်မှုဟာ ငွေကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၁၈၀၀ သာရှိပါတယ်။ ဒါဟာ ယနေ့အချိန်ထိ သူမောင်းနှင်သွားလာအသုံးပြုနေတဲ့ ၁၉၈၇မော်ဒယ် Volkswagen Beetle ကားလေးရဲ့ တန်ဖိုးဖြစ်ပါတယ်။ ဒီလိုနိုင်ငံခေါင်းဆောင်ဆင်းရဲသားကြီးကို ပါရမီဖြည့်ပေးနေသူကရော ဘယ်သူများပါလဲ။

အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Lucia Topolansky ပဲဖြစ်ပါတယ်။ သမ္မတကြီးဟာ ၂၀၁၂ခုနှစ်အရောက် ပိုင်ဆိုင်မှုတွေထပ်ပြီးထုတ်ပြန်ရတဲ့အခါမှာတော့ ဇနီးဖြစ်သူရဲ့ပိုင်ဆိုင်မှုတွေကိုပါ ထည့်ပေါင်းခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံစိုက်ပျိုးနေတဲ့ ဥယျာဉ်ခြံမြေရယ်၊ ထွန်စက်တွေရယ်၊ တစ်လုံးတည်းသော နေအိမ်ရယ်၊ ဒီတန်ဖိုးတွေကို ထည့်ပေါင်းလိုက်တဲ့အခါ အမေရိကန်ဒေါ်လာ ၂၁၅၀၀၀ အထိရောက်လာခဲ့ပါတယ်။ ဒီပမာဏဟာ သူ့လက်အောက်က ဒုတိယသမ္မတရဲ့ ပိုင်ဆိုင်မှု သုံးပုံပုံနှစ်ပုံမျှသာ ရှိပါတယ်။ “ကမ္ဘာ့အဆင်းရဲဆုံးသမ္မတကြီး၊ ဒီတစ်ခါတော့ မဆင်းရဲတော့ဘူး”လို့ ရင်းနှီးသူတချို့က နောက်ပြောင်တဲ့အခါ “ကျွန်တော့်ဟာမဟုတ်ပါဘူး၊ ကျွန်တော့်ဇနီးဟာတွေပါ”လို့ သမ္မတကြီးက ရယ်ရယ်မောမောပြန်ပြောတတ်ပါတယ်။

ကိုယ့်အရိပ်ကိုယ်တောင်မယုံရတဲ့ကမ္ဘာမှာ ကျွန်တော်တို့ဟာ ဒီအကြောင်းတွေကို ဇွတ်အတင်းယုံစရာမလိုပါဘူး။ ဒါပေမယ့် ယုံခဲ့ရပါပြီ။ နောက်ဆုံး အပြစ်ရှာပြီးတွေးတဲ့အတွေးမျိုးနဲ့ “ဒီအဘိုးကြီး၊ အဘွားကြီး လင်မယား၊ ဒီလောက်ပဲရှိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သူ့သားသမီးတွေကို လွှဲပေးထားတာဖြစ်ရမယ်”လို့ တွေးမိခဲ့ရင်တောင် အဲဒီအတွေးကို ခေါင်းထဲကနေ မြန်မြန်ထုတ်လိုက်ပါ။ သူတို့မှာ သားသမီးလည်း မထွန်းကားတဲ့အတွက်ကြောင့်ပါပဲ။ သမ္မတကြီးမူဇီကာနဲ့ ဇနီးတိုပိုလန်းစကီး တို့ဟာ အေးချမ်းတည်ငြိမ်သော ဘဝကို ထိုက်ထိုက်တန်တန်ရရှိနေတဲ့ ကမ္ဘာသူကမ္ဘာသားတွေထဲက နှစ်ယောက်ဖြစ်ပါတယ်။ ရယ်ရခက်၊ ငိုရခက်ကြီးမဟုတ်လား။ နိုင်ငံတော်သမ္မတနဲ့အထက်လွှတ်တော်အမတ် ဇနီးမောင်နံှတို့ရဲ့ တစ်ခုမကျန်ထည့်ပေါင်းထားသော ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒေါ်လာ၂သိန်းကျော်ကျော်သာ ဖြစ်သည်တဲ့။

ကျွန်တော်ကာတွန်းတစ်ကွက်ကို သိပ်မကြာခင်က တွေ့ခဲ့ဖူးပါတယ်။ နိုင်ငံခြားကာတွန်းတစ်ကွက်ဖြစ်နိုင်ပါတယ်။ ပုံမှာ မကောင်းတဲ့အစိုးရလို့ ခေါင်းစဉ်တပ်ထားတယ်။ ပုံထဲမှာက လူတွေဟာ မြားကြီးတစ်ချောင်းကို ပင်ပန်းတကြီးထမ်းလို့၊ လူတစ်ယောက်က အဲဒါကြီးပေါ်မှာ အခန့်သားထိုင်လို့၊ အားစိုက်ထမ်းထားတဲ့လူတွေကို ကြာပွတ်နဲ့ရိုက်ပြီးအမိန့်ပေးလို့။ သဘောကိုပြောရရင် လူတွေက ပြည်သူတွေပေါ့၊ အခန့်သားထိုင်နေသူက အုပ်ချုပ်သူအစိုးရဖြစ်မှာပေါ့၊ မြားကြီးကတော့ သွားရမယ့်လမ်းကြောင်း၊ ရှေ့လျှောက်ရမယ့် ပန်းတိုင်ခရီးတစ်ခုကို နမိတ်ပုံအဖြစ်တင်စားထားခြင်းပေါ့။

နောက်တစ်ပုံမှာတော့ ခုနကပုံအတိုင်းပါပဲ။ ကွာခြားသွားတာကတော့ ခုနကအခန့်သားထိုင်နေသူဟာ အောက်ကလူတွေနဲ့အတူ မြားကြီးကို အင်တိုက်အားတိုက်ဝင်ရောက်ထမ်းပိုးနေပုံပါ။ ဒီပုံမှာတော့ ကောင်းမွန်တဲ့အစိုးရ လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ဥရုဂွေးသမ္မတကြီးမူဇီကာလို အုပ်ချုပ်သူအစိုးရမျိုးဆိုရင် ဒီကာတွန်းထဲမှာ ဘယ်လိုထည့်ဆွဲရင်ကောင်းမလဲ။ စိတ်ကူးကြည့်ရအောင်လေ။ ဒုတိယပုံထဲကလို အတူဝင်ရောက်ထမ်းပိုးနေတာကိုမှ အနည်းငယ်ပြင်ကြည့်ချင်မိတယ်။ အတူပါဝင်နေတဲ့အုပ်ချုပ်သူအစိုးရကို ပြည်သူအားလုံးရဲ့ရှေ့မှာ ဦးဆောင်သူအဖြစ်နေရာချထားပေးမယ်။ ဒါဟာ ဥရုဂွေးပြည်သူတွေအတွက် ကိုယ့်ကိုယ်ကို စံပြလူသားအဖြစ်ရှေ့ဆောင်လမ်းပြပေးနေတဲ့ သမ္မတကြီးမူဇီကာနဲ့ အကိုက်ညီဆုံးဖြစ်မယ်ထင်ပါတယ်။

BBC သတင်းဋ္ဌာနရဲ့မေးမြန်းမှုတစ်ခုအပေါ်မှာ သမ္မတကြီးက ဒီလိုပြောခဲ့ပါတယ်။
“ကျွန်တော့်ကို ဆင်းရဲတယ်လို့ ပြောကြတယ်။ ယေဘုယျအားဖြင့်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဆင်းရဲတယ်လို့ မခံစားရဘူး။ ချမ်းသာချင်စိတ်ရှိတဲ့သူတွေက အဆင့်အတန်းမြင့်တဲ့၊ တန်ဖိုးကြီးတဲ့၊ အေးချမ်းတည်ငြိမ်တဲ့ ဘဝနေနည်းအတွက် အပြင်းအထန်ကြိုးစားကြတယ်။ လောဘတက်လာလေပိုပြီးကြိုးစားရလေပဲ။ ဒီလိုနဲ့ အချိန်တွေသာကုန်သွားတယ်။ အချိန်ပြည့်နီးနီးကြိုးစားနေရတော့ သူတို့လိုချင်တဲ့ အဆင့်အတန်းမြင့်တဲ့၊ တန်ဖိုးကြီးတဲ့၊ အေးချမ်းတည်ငြိမ်တဲ့ဘဝအတွက် အချိန်မပေးနိုင်တော့ပြန်ဘူး။ ကျွန်တော်ကတော့ ခုလိုဘဝမှာ ကျွန်တော့်ကိုယ်ကျွန်တော်အချိန်ပေးနေနိုင်တဲ့အတွက် ကျေနပ်ပါတယ်”။

သမ္မတကြီးရဲ့ ကိုယ်ရေးရာဇဝင်မှာလည်း အလုပ်အကိုင်နေရာမှာ ဥယျာဉ်ခြံစိုက်ပျိုးသူ လို့သာ တရားဝင်ရေးထားပါတယ်။ တစ်နေ့မှာ အင်တာဗျူးသမားတစ်ယောက်က ကျီစယ်တဲ့အနေနဲ့ “သမ္မတကြီးရဲ့ ခြံထွက်ပစ္စည်းတွေထဲမှာ ဘယ်အရာက ရောင်းအားအကောင်းဆုံးလဲ”ဆိုတဲ့ မေးခွန်းကို မေးခဲ့ပါတယ်။ သမ္မတကြီးမူဇီကာကတော့ “ဂန္ဓာမာပန်းတွေဗျ၊ ဟုတ်တယ်၊ ဂန္ဓာမာပန်းတွေကို လူတွေကြိုက်ကြတယ်”လို့ ရိုးသားစွာ အတည်အတံ့ပြန်ဖြေခဲ့ပါတယ်။ ဒုက္ခိတခွေးကလေး Manuela ဟာ သမ္မတကြီးရဲ့ အချစ်ဆုံးခွေးကလေးပါ။ စိုက်ပျိုးရေးအပြင် သူ့ရဲ့အခြားဝါသနာကို မေးတော့ သူပိုင်ဆိုင်တဲ့ 1987မော်ဒယ် Volkswagen Beetle ကားကလေးကို ပြုပြင်ရခြင်းဖြစ်ပါတယ်လို့ ဆိုပါတယ်။ “ကျွန်တော့်ကားက မပြင်ရတဲ့နေ့မရှိဘူးလေ။ ဒီတော့ ဝါသနာပါလိုက်ရတော့တာပဲဗျာ”လို့လည်း အရွှန်းဖောက်တတ်ပါတယ်။

ဆံပင်မွှေးတွေဆွတ်ဆွတ်ဖြူလို့၊ မရှိတော့တဲ့သွားတွေကြောင့် ပါးစုံ့ကြီးတွေ အတွင်းထဲချိုင့်လို့၊ မျက်နှာက အမြဲပြုံးချိုလို့၊ အပြာရောင်ကားစုတ်ကလေးကို မောင်းလို့၊ ဒုက္ခိတခွေးနက်ကလေးနဲ့အတူ လမ်းလျှောက်ထွက်လို့၊ ဂန္ဓာမာပန်းစည်းကြီးကို ပွေ့ပိုက်လို့။ ဒီလိုအဘိုးကြီးတစ်ယောက်ဟာ နိုင်ငံတစ်ခုရဲ့ အမြင့်ဆုံးရာထူးကို လက်ခံရရှိထားသူဆိုတာ ဘယ်သူယုံနိုင်ပါ့မလဲ။ လစာရဲ့ ၉၀%ကို ပရဟိတလုပ်ငန်းတွေဆီ လှူဒါန်းနေသူ၊ ဥယျာဉ်ခြံကလေးတစ်ခုနဲ့တင် ဝမ်းရေးကိုဖြေရှင်းနေသူ။ ဒီအချက်နှစ်ချက်ထဲနဲ့တင် ဥရုဂွေးနိုင်ငံသားတို့ဟာ လက်မထောင်ချင်ထောင်နေနိုင်တာပဲလေ။

မိဘရဲ့ချစ်မြတ်နိုးယုယကြင်နာခြင်းကို ခံရတဲ့သားသမီးနဲ့ မိဘရဲ့ရိုက်နှက်နှိပ်စက်ခြင်းကို ခံရတဲ့သားသမီး။ ဒီနှစ်မျိုးကို လောကထဲ လွှတ်ထည့်လိုက်တယ်ဆိုပါတော့။ သာမန်အားဖြင့်တော့ အမြဲရိုက်နှက်နှိပ်စက်ခံနေရသူဟာ နာကျင်ခြင်း၊ နာကျည်းခြင်း၊ မျိုသိပ်ခြင်း၊ ခေါင်းငုံ့ခံခြင်းတွေကို အကျင့်ရနေပြီဖြစ်လို့ လောကရဲ့အထုအထောင်းလှည့်ကွက်မုန်တိုင်းတွေထဲမှာ ကြံ့ကြံ့ခံနိုင်မှာပဲလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ကိုယ်ကပေးသောချစ်ခြင်းမေတ္တာ၊ ကိုယ်ပြန်ရသောချစ်ခြင်းမေတ္တာတွေကြောင့်သာ လောကကြီးကို အောင်နိုင်ဝံ့တာပါ။

“မေတ္တာတရားမှာ
ကြောင်လိမ်လှေကားမလို
အဖြောင့်အတိုင်း ဒေါင်လိုက်တက်ဖို့ပဲလိုတယ်”

လို့ ကဗျာဆရာမင်းချမ်းမွန်က သူ့ရဲ့”ရွှဲရွှဲစိုအောင် ရွာလိုက်မိုး”ကဗျာထဲမှာ ရေးခဲ့ဖူးပါတယ်။

ပေးသူကလည်း မေတ္တာတရားကို အဖြောင့်အတိုင်း ပေး၊ ယူသူကလည်း အကြင်နာတရားကို အဖြောင့်အတိုင်း ယူ။ မျှဝေသူကလည်း ကိုယ်ချင်းစာတရားကို အဖြောင့်အတိုင်း မျှ၊ လက်ခံသူကလည်း ငဲ့ညှာမှုကို အဖြောင့်အတိုင်း လက်ခံ။ ဘယ်လောက်ကျေနပ်စရာကောင်းလိုက်တဲ့ လောကကြီးပါလဲ။ သမ္မတကြီးမူဇီကာကလည်း ပြည်သူတွေအပေါ် ချစ်ခြင်းတရား ဒေါင်လိုက်၊ သူ့ပြည်သူတွေကလည်း သမ္မတကြီးအပေါ် ချစ်ခြင်းတရား ဒေါင်လိုက်။ ဘယ်လိုကြောင်လိမ်လှေကားနဲ့မှ မကွေ့ကြေး၊ မဝိုက်ကြေး၊ မလိမ်ကြေး၊ မဝေ့ကြေး။ ကွေ့ပတ်ရှုပ်ထွေးပွေလီလှတဲ့ဟောဒီကမ္ဘာကြီးပေါ်မှာ အုပ်ချုပ်သူအပေါင်းရော၊ ကျွန်တော်တို့ကိုယ်တိုင်ရော သမ္မတကြီးမူဇီကာရဲ့တစ်ဝက်လောက်ဖြစ်ဖြစ် အဖြောင့်အတိုင်းစီးဆင်းလိုက်ကြဖို့ နောက်မကျသေးဘူးလို့ ထင်မိတော့တာပါပဲ။

ဟိန်း

ကိုးကား –

en.wikipedia.org
www.bbc.co.uk
www.nytimes.com
ဆရာမင်းချမ်းမွန်(ရွှဲရွှဲစိုအောင်ရွာလိုက်မိုး)

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!