ဘီဂိတ်စ်ကို ကျော်ချင်တဲ့ ဂျက်မား

Posted on

“ကျွန်တော်ဘီဂိတ်စ်ကို ကျော်ချင်တယ် ၊ သူ့ထက်သာအောင်ကြိုးစားမယ်”
ဂျက်မားပြောလေ့ရှိတဲ့စကားပါ။

ဂျက်မားက ၂၈ဘီလျံချမ်းသာတယ် ၊ ဘီဂိတ်စ်က ဂျက်မားထက် ၃ဆကျော် ချမ်းသာတယ်။

ဂျက်မားရဲ့ ဒီစကားကိုကြားတော့ “ဒီလောက်ချမ်းသာနေတာတောင် ဘီဂိတ်စ်ထက်ပိုချမ်းသာချင်တယ်တဲ့လား ၊ အတော်လောဘကြီးတဲ့ကောင်” လို့ ထင်မိကြမှာပါ။ ဒါပေမယ့် ဂျက်မား ဘီဂိတ်စ်ကို ကျော်ချင်တယ် ၊ ဘီဂိတ်စ်ရဲ့ နံပါတ် ၁ နေရာကို ယူချင်တယ်ဆိုတာ ကမ္ဘာ့အချမ်းသာဆုံး ဆိုတဲ့ ဂုဏ်ပုဒ်မဟုတ်ပါဘူး။ ချမ်းသာမှုမှာ ကျော်ချင်တာမဟုတ်ပါဘူး။ ဂျက်မား ကျော်ချင်တာက ဘီဂိတ်စ်ရဲ့ လှူဒါန်းနိုင်မှုပါ။ ဘီဂိတ်စ် လှူနိုင်တာထက် သူပိုလှူချင်တာပါ။

မကြာသေးခင်ကပဲ သားသမီးတွေကို အမွေမပေးပဲ ပိုင်ဆိုင်သမျှကို လှူဒါန်းသွားမယ် ဆိုတဲ့ သူဌေးကြီး ဘီဂိတ်စ်ကို ဂျက်မားအားကျပါတယ်။ တကယ်တော့ ဂျက်မား ပရဟိတ၊ ကူညီရေး အသင်းအဖွဲ့ပေါင်းများစွာဆီ လှူခဲ့တာလည်း မနည်းပါဘူး။

ဘီဂိတ်စ် က နံပါတ် ၁ ဆိုတဲ့အတိုင်း တမူထူးတဲ့သူပါ။ သူလှူဒါန်းတာဟာ အများစု လှူဒါန်းကြသလို ဘယ်အတွက် ဘယ်လောက်လှူပါတယ် ဆိုပြီး လှူတာမျိုးမဟုတ်ဘူး။ သေသေချာချာ လေ့လာပြီးမှ လှူတာမျိုးပါ။ သောက်ရေရှားပါးတဲ့နေရာမျိုးကို လှူတဲ့အခါ ဘယ်နည်းလမ်း ကအကောင်းဆုံးလဲ ၊ အကျိုးသက်ရောက်မှု ရှိသလဲ ဆိုတာကို အရင်သုတေသနလုပ်ပြီးမှ လှူတာပါ။

ရှိတဲ့ရေက ညစ်ပတ်တယ် ၊ သောက်လို့မရဘူးဆိုရင် ၊ ဘယ်လိုနည်းနဲ့ သန့်စင်ရမလဲ ဆိုတာကို ရှာပြီးမှ လှူဒါန်းပါတယ်။ အဲဒီနေရာတွေကို သူကိုယ်တိုင်လည်း ကိုယ်တိုင်ကိုယ်ကျသွားရောက်ခဲ့သလို အညစ်အကြေးရေတွကို သန့်စင်ပြီး သူကိုယ် တိုင်သောက်ပြခဲ့သူပါ။ အဲဒီတော့ ဘီဂိတ်စ်လှူဒါန်းတာတွေဟာ အကျိုးသက်ရောက်မှုအလွန်ရှိလှပါတယ်။

ဒီလို စနစ်ကျကျလှူဒါန်းတဲ့နေရာမှာ ဂျက်မားက ဘီဂိတ်စ်ကို ကျော်ချင်တာပါ။

“ငွေကို ရှာရတာထက် ရှာပြီးသားငွေတွေကို အကျိုးရှိအောင် အသုံးပြုရတာက ပိုခက်တယ်” ဆိုတဲ့စကားအတိုင်း သူဟာ ရှာသမျှကို အကျိုးရှိအောင် အသုံးချချင်သူပါ။