မနက်ဖက်မှာ အာကာသစခန်းက ဝန်ထမ်းဟာ ကမ္ဘာမြေကလူတွေလိုပဲ တစ်ကိုယ်ရေသန့်ရှင်းရေးကို လုပ်ဆောင်ရပါတယ်။ သွားတိုက်ဆေးထည့်တဲ့အခါ သွားတိုက်ဆေးကိုအောက်ကထား သွားတိုက်တံကို အပေါ်ကထားကာ ထည့်ရပါတယ်။ ဆွဲအားမရှိတဲ့အတွက်ကြောင့် သွားတိုက်ဆေးဟာ အောက်ကို ကျလာမှာမဟုတ်တဲ့ အတွက်ဖြစ်ပါတယ်။
ရေကိုတော့ အထူးပြုလုပ်ထားတဲ့အိတ်ငယ်လေးတွေနဲ့ထည့်ထားပြီး ချွေတာသုံးရပါတယ်။ သွားတိုက်ပြီးရင်တော့ အထူးပြုလုပ်ထားတဲ့ စက္ကူတာဝါနဲ့ သုတ်ရပါတယ်။
ခေါင်းလျှော်တဲ့အခါမှာတော့ ရေနဲ့လျှော်စရာမလိုတဲ့ rinseless ခေါင်းလျှော်ရည်အမျိုးအစားကိုသုံးပါတယ်။ ဒီခေါင်းလျှော်ရည်ဟာ ကမ္ဘာမှာတော့ ရေလုံးဝချိုးလို့မရတဲ့ ဆေးရုံကလူနာတွေပဲ သုံးတဲ့ခေါင်းလျှော်ရည်ဖြစ်ပါတယ်။
အာကာသမှာ ဆံပင်ကို ဘီးနဲ့ ခေါင်းဖီးဖို့မကြိုးစားပါနဲ့။ ဆွဲအားမရှိတဲ့အတွက် ဖီးလည်းဘာမှထူးမှာမဟုတ်ပဲ ဆံပင်တွေက ထောင်မြဲထောင်နေမှာဖြစ်တဲ့အတွက်ကြောင့်ပါ။
အိမ်သာတက်တဲ့အခါမှာ ခန္ဓာကိုယ်ကို အိမ်သာခွက်ပေါ်က (Velco) ဆိုတဲ့ ကြိုးနဲ့ ချည်ထားရပြီး၊ ရေအစား လေကို အသုံးပြုကာ အိမ်သာခွက်သန့်ရှင်းရပါတယ်။
ကမ္ဘာမြေက အိမ်သာတွေလိုမဟုတ်ပဲ ပန်ကာစုပ်ခွက်နဲ့ အထူးပြုလုပ်ထားတဲ့အိမ်သာတွေဖြစ်ပါတယ်။ ဒီလိုမှလုပ်မထားရင်တော့ အညစ်အကြေးတွေဟာ လေပေါ်မှာပျံနေမှာ ဖြစ်ပါတယ်။
သောက်သုံးစရာအရည်ဟူသမျှကိုတော့ အလုံပိတ်ထားတဲ့ သေတ္တာတွေထဲမှာ ထည့်သိမ်းထားရပါတယ်။ အမှုန့်များပြန့်ကြဲနိုင်တဲ့အတွက် ကြေလွယ်သော မုန့်ကြွပ်များကို စားလို့မရပါဘူး။ အစားအစာတွေစားတဲ့အခါမှာတော့ ခန္ဓာကိုယ်ကိုဇောက်ထိုးအနေအထားနဲ့ နေပြီးစားရပါတယ်။ ဒါမှသာ အလွယ်တကူမျိုချလို့ရမှာဖြစ်ပါတယ်။
အိပ်တဲ့အခါမှာလည်း အဆင်ပြေစွာအိပ်နိုင်ဖို့အတွက် နံရံဆက်ထားတဲ့ကုတင်နဲ့ ခန္ဓာကိုယ်ကိုကြိုးဖြင့်ပတ်ချည်နှောင်ပြီးမှ အိပ်ရပါတယ်။ အိပ်တဲ့အခါမျိုးမှာ မက်တဲ့အိပ်မက်ကောင်း အိပ်မက်ဆိုးတွေကိုလည်း မှတ်တမ်းတင်ရပါတယ်။
သူတို့ရဲ့တာဝန်တွေကတော့ ကမ္ဘာလမ်းကြောင်းရဲ့ ထူးခြားချက်တွေကို ရှာဖွေခြင်း ၊ သုတေသနပြုလုပ်ခြင်း ၊ ပြောင်းလဲမှုများကိုစောင့်ကြည့်ခြင်း ၊ နေ့စဉ်လုပ်ငန်းဖြစ်စဉ်များကို မှတ်တမ်းတင်ပြီး ကမ္ဘာမြေသို့ပေးပို့ခြင်း စတာတွေဖြစ်ပါတယ်။
အာကာသစခန်းမှာ ဆွဲအားမရှိတဲ့အတွက် လမ်းလျှောက်ဖို့မလိုပါဘူး။ တစ်နေရာနဲ့ တစ်နေရာကို အနည်းငယ်အားစိုက်လိုက်ရုံနဲ့ ရွှေ့လျားသွားနိုင်ပါတယ်။
ဆိုးရွားတာကတော့ နံရံ ၊ ကြမ်းပြင်၊အမိုး ၊ စင်စတာတွေကို အထက်အောက် ဘေး ကွဲကွဲပြားပြားမသိနိုင်ပဲ အားလုံးအတူတူဖြစ်နေတာကြောင့်ဖြစ်ပါတယ်။
ခန္ဓာကိုယ်အလေးချိန်ကို အသုံးမချရတဲ့အတွက် ကြာလာတာနဲ့ အမျှ အာကာသစခန်းမှာ နေထိုင်သူတွေဟာ အရိုး ၊ အကြော ၊ ကြွက်သားတွေ အားနည်းပြီး ချည့်နဲ့လာတတ်ပါတယ်။
ဒီလိုမဖြစ်စေဖို့အတွက် အာကာသစခန်းမှာလည်း ပြေးစက် ၊ စက်ဘီးနင်းစက် စတဲ့အားကစားပစ္စည်းတွေကို ထားရှိပြီး ဝန်ထမ်းတိုင်းဟာ ကျန်းမာရေးအတွက် နေ့စဉ်အားကစားလုပ်ရပါတယ်။
အာကာသစခန်းမှာ နေရလို့ အဲဒီကဝန်ထမ်းတွေဟာ အမြဲအလုပ်လုပ်နေတယ်လို့ မထင်ပါနဲ့။ သူတို့ဟာ အလှည့်ကျသာ အလုပ်လုပ်တဲ့အတွက် အားလပ်ချိန်များစွာရတတ်ပါတယ်။ ဒီလိုအားလပ်ချိန်တွေမှာ မိမိနှစ်သက်ရာကို လုပ်ခွင့်ရှိပါတယ်။ တစ်ခုခုကိုစမ်းသပ်တာ ၊ နှစ်သက်တဲ့ရုပ်ရှင်ကြည့်တာ ၊ စာအုပ်ဖတ် သီချင်းနားထောင်တာ ၊ ဖဲကစားတာ ၊ ကမ္ဘာမြေက မိသားစုတွေနဲ့ စကားပြောတာ စတာတွေကိုလုပ်ဆောင်နိုင်ပါတယ်။
အာကာသစခန်းမှာ နေထိုင်သူတွေဟာ နေထွက် ၁၆ခါခန့် ၊ နေဝင် ၁၆ခါခန့် ကို နေ့စဉ်နေ့တိုင်းမြင်နေရမှာပါ။ အကြောင်းကတော့ အာကာသစခန်းဟာ တစ်နာရီကို ၁၇၂၀၀မိုင်နှုန်းနဲ့ ၉၂မိနစ်ကြာတိုင်း ကမ္ဘာကိုတစ်ပတ်ပတ်နေလို့ ဖြစ်ပါတယ်။
နိုင်ငံတကာ အာကာသစခန်းမှာ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေကတော့ Joe Acaba ,Alexander Misurkin, Mark Vande Hei ,Sergey Ryazanskiy ,Commander Randy Bresnik , Paolo Nespoli တို့ဖြစ်ကြပါတယ်။ နိုင်ငံတကာ အာကာသစခန်းမှာနေထိုင်တဲ့ ဝန်ထမ်းတွေရဲ့ လစာကတော့ တစ်နှစ်ကို ဒေါ်လာ ၆၅၀၀၀ ကနေ ၁သိန်းကျော်အထိ ဖြစ်ပါတယ်။
အောက်မှာ အာကာသစခန်းမှာ နေထိုင်ရတဲ့ပုံတွေကို ရှင်းပြထားတဲ့ ဗီဒီယိုကိုကြည့်ရှု့နိုင်ပါတယ်။
VIDEO ကြည့်ရှု့ရန်