ရေးသားသူ – အောင်အေး (ရန်ကုန်တက္ကသိုလ်)
ပါဆပ်ကောကိုဟိုဝဂ် (Pasuckaukkohowog) သို့မဟုတ် အက်ဆက်တပ်ခ် (Aqsaqtuk) ကစားကြမယ်လို့ ပြောရင် ဘာကစားနည်းဆိုတာ သိနိုင်ဖို့ ခက်ပါလိမ့်မယ်။ အဲဒီ့နာမည်တွေက ဒီနေ့ ပေါ်ပြူလာဖြစ်နေတဲ့ အားကစားနည်းရဲ့ ရှေးရှေးက နာမည်တွေ ဖြစ်နေလို့ပါပဲ။ ဒီနေ့ခေတ်မှာလည်း အဲဒီ့ကစားနည်းကို လူတွေက နာမည်နှစ်မျိုးနဲ့ ခေါ်ဝေါ်ကြတယ်လေ။
တချို့က Soccer လို့ခေါ်ပြီး တချို့ကတော့ Football တဲ့။ မြန်မာတွေကတော့ ဘောလုံးအားကစားလို့ ခေါ်ကြပါတယ်။ ဘောလုံးအာကစားရဲ့ မူလအစကို ရှာဖွေတဲ့အခါ ကမ္ဘာကြီးရဲ့ နေရာဒေသတိုင်းမှာလိုလို ရှိနေခဲ့တာကို တွေ့ရပါတယ်။
သမိုင်းတင်ခံရတဲ့ လူ့အဖွဲ့အစည်းတွေ အားလုံးပဲ ဘောလုံး ကစားကြတယ်ဆိုတာ သိရတော့ ဒီနေ့ခေတ် ဘောလုံးအားကစားရဲ့ ရှေးဦးတီထွင်သူတွေဟာ အများကြီး ရှိခဲ့တယ်လို့ သတ်မှတ်ရတော့မှာပါ။
ဘောလုံးအားကစားကို အီဂျစ်မှာ ပထမဆုံး ကစားခဲ့တဲ့ အချိန်ဟာ ၁၈၀၀ ဘီစီ (1800 BCE) ကတည်းကပါ။ ဘယ်လိုပဲဖြစ်ဖြစ် သိပ္ပံနည်းကျ အထောက်အထားတွေအရ ဘောလုံးနည်းပညာပါပါ ကစားနိုင်ခဲ့တဲ့ ကစားပွဲတွေဟာ ရှေးခေတ် တရုတ်ပြည်မှာ ပေါ်ထွန်းခဲ့တာ ဖြစ်တယ်လို့ သိရပြီး တရုတ်တွေက ကျူချို (Cuju) လို့ ခေါ်ခဲ့ကြပါတယ်။
ဒေသခံ အမေရိကန် အင်ဒီးယန်းတွေဟာ ဘောလုံးအားကစားကို ပါဆပ်ကောကိုဟိုဝဂ် လို့ခေါ်ပြီး ကစားခဲ့ကြပါတယ်။ အဲဒီ့စကားလုံးရဲ့ အဓိပ္ပါယ်က “ခြေထောက်နဲ့ ကန်ရတဲ့ ဘောလုံးကို အတူတကွ ကစားခြင်း” ဆိုတဲ့ အဓိပ္ပါယ် ရပါသတဲ့။
အဲဒီ့ ဘောလုံး အားကစားပွဲတွေဟာ အလွန်တရာ နှစ်လိုဖွယ် ကောင်းတာမျိုး မဟုတ်ဘဲ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ပြင်းထန်ခဲ့ပါတယ်။ အမြဲတမ်း ဖြစ်လေ့ဖြစ်ထ ရှိတာက ဘောလုံးအားကစားသမားတွေဟာ ဘောလုံးပွဲပြီးပြီ ဆိုတာနဲ့ အရိုးကျိုးတဲ့သူကျိုး၊ အရိုးကျိုးတာ မဟုတ်ရင်လည်း တခြား စိုးရိမ်ရတဲ့ ဒဏ်ရာရမှုတွေ ရသူကရနဲ့ပေါ့။
တကယ်လည်း အဲဒီ့ခေတ် ဘောလုံးပွဲတွေဆိုတာ စစ်ပွဲတစ်ပွဲ တိုက်ရသလိုမျိုး ကြီးမားကျယ်ပြန့်ပြီး ယှဉ်ပြိုင်ကစားတဲ့ အသင်းနှစ်သင်းဟာ တစ်သင်းကို လူ ၅၀၀ လောက် ပါဝင် ကစားနေကြတာကိုး။
အဲဒီ့ အားကစားပွဲရဲ့ ပြင်းထန်တဲ့ သဘောသဘာဝကို နားလည်ထားတဲ့ ဘောလုံး အားကစားသမားတွေဟာ တိုက်ပွဲဝင်ဆေးရောင်တွေကို ကိုယ်ခန္ဓာပေါ်မှာ ကြောင်ကြောင်ကျားကျား ခြယ်သထားကြပြီး ကစားပွဲအပြီး အနာတရဖြစ်ခြင်းမှ ရှောင်ကြဉ်နိုင်ဖို့အတွက် အဆောင်အယောင်တွေကိုပါ ဆောင်ထားကြလေ့ရှိပါတယ်။
ဘောလုံးပွဲရဲ့ တစ်ဘက်အသင်းနဲ့ တစ်ဘက်အသင်း သွင်းကြရမယ့် ဂိုးပေါက်တွေဟာ အကွာအဝေးအားဖြင့် တစ်မိုင်လောက် ကွာကြပါတယ်။ ကစားပြီဆိုရင်လည်း နာရီပေါင်းများစွာ အချိန်ပေးရပြီး ဒီနေ့မပြီးရင် နောက်တစ်နေ့ ဆက်ကန်ကြရပါတယ်။
ခေတ်သစ် ဘောလုံးအားကစား ဥပဒေသတွေဟာ ၁၉ ရာစု အလယ်ပိုင်းလောက်က အင်္ဂလန်နိုင်ငံမှာ ပုဂ္ဂလိကကျောင်း အသီးသီးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘောလုံး ကစားနေကြတာတွေကို စုစည်းပြီး ဥပဒေ သတ်မှတ်ခဲ့တဲ့အပေါ် အခြေခံပြီး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ့အချိန်က ပေါ်ထွက်လာတဲ့ ဘောလုံး စည်းမျဉ်းစည်းကမ်းတွေကို “ကိန်းဘရစ်ဂျ် ဥပဒေသ” (Cambridge Rules) တွေလို့ လူသိများပါတယ်။
Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်။