G7 စက်မှုထိပ်သီးနိုင်ငံများအဖွဲ့ ဆိုသည်မှာ

Posted on

Via : VOA Burmese, BBC Burmese

The group of seven လို့ ရည်ညွှန်းတဲ့ G7 ကို မြန်မာလိုတော့ စက်မှုထိပ်သီးနိုင်ငံများလို့ အများစုက ခေါ်ဝေါ်ပြောဆိုကြပါတယ်။ g7 မှာ ပါဝင်တယ်ဆိုတဲ့ နိုင်ငံတွေကလည်း ကမ္ဘာပေါ်မှာ ချမ်းသာကြွယ်ဝပြီး စက်မှုအထွန်းကားဆုံး နိုင်ငံကြီးတွေ ဖြစ်နေလို့ပါပဲ။ G7 မှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန် ပြည်ထောင်စုတို့ ပါဝင်ပါတယ်။

နိုင်ငံ ၇ နိုင်ငံကို ကိုယ်စားပြုတဲ့ G7 ဟာ ကမ္ဘာ့ချမ်းသာကြွယ်ဝမှုရဲ့ ၆၀% ကို ပိုင်ဆိုင်မှုရှိပြီး ကမ္ဘာ့ ဂျီဒီပီရဲ့ ၄၆% ရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ စုစုပေါင်း ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၃၁၇ ထရီလီယံအထိ ရှိခဲ့ပါတယ်။

ဒါအပြင် လူဦးရေစုစုပေါင်းကလည်း သန်း ၇၀၀ ခန့်ရှိတာကြောင့် ကမ္ဘာ့လူဦးရေရဲ့ ၁၀% ရှိပါတယ်။ လွတ်လပ်မှု ၊ လူ့အခွင့်အရေး ၊ ဒီမိုကရေစီ နဲ့ တရားဥပဒေစိုးမိုးမှု ၊ ကြွယ်ဝချမ်းသာမှုတွေနဲ့ ရေရှည်တည်တံ့မှုတွေက G7 ရဲ့ အဓိက စည်းမျဉ်းစည်းကမ်းနဲ့ ကိုယ်စားပြုခံယူချက်တွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

G7 ရဲ့ သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော် ၁၉၇၅ ခုနှစ်က ပြင်သစ် ၊ အီတလီ ၊ ဂျပန် ၊ ယူကေ ၊ အနောက်ဂျာမနီ နဲ့ အမေရိကန်ပြည်ထောင်စု တို့ဟာ နိုင်ငံရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံပြီး စီးပွားရေးကိစ္စတွေ ပူးပေါင်းအဖြေရှာဆောင်ရွက်နိုင်ဖို့ Group of Six (G6) ဆိုပြီး ဖွဲ့စည်းခဲ့ကြပါတယ်။ အဲဒီနှစ်ထဲမှာပဲ ကနေဒါနိုင်ငံပါ ပူးပေါင်းပါဝင်လာခဲ့ပြီး ၁၉၉၈ ခုနှစ်မှာတော့ ရုရှားနိုင်ငံကပါ ပါဝင်ခဲ့တာကြောင့် G8 ဆိုပြီး ခေါ်ဆိုလာကြပါတယ်။

ဒါပေမယ့်လည်း ၂၀၁၄ ခုနှစ်မှာတော့ ယူကရိန်း ခရိုငျးမီးယား အရေးကြောင့် ရုရှားကို G8 အဖွဲ့ထဲကနေ ထုတ်ပယ်လိုက်တဲ့အတွက် G7 ဆိုပြီး ဖြစ်သွားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ရုရှားနိုင်ငံ ဇိုချီမြို့မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးကိုလည်း ပယ်ဖျက်လိုက်ပါတယ်။ ဥရောပသမဂ္ဂကလည်း ၁၉၉၇ ခုနှစ်ကတည်းက G7 နဲ့ ပတ်သက်မှုတွေ ရှိခဲ့ပြီး အဲဒီနှစ် ပထမဆုံးအကြိမ်ကျင်းပတဲ့ ညီလာခံကို ဥရောပ သမဂ္ဂအား ဖိတ်ကြားတာကြောင့် တက်ရောက်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဥရောပကော်မရှင် ရဲ့ ဥက္ကဌဟာ G7 ထိပ်သီးအစည်းဝေးကို တက်ရောက်ခဲ့ပြီး ၂၀၀၉ ခုနှစ်ကစလို့ ဥရောပကောင်စီရဲ့ ဥက္ကဌကပါ G7 အစည်းအဝေးပွဲတွေကို တက်ရောက်ပါတယ်။ G7 ရဲ့ ဥက္ကဌနေရာကိုတော့ အဖွဲ့ဝင် ၇ နိုင်ငံက တနှစ် တကြိမ် အလှည့်ကျ တာဝန်ယူရပါတယ်။ အခု ၂၀၂၁ ခုနှစ်မှာ ယူကေက တာဝန်ယူထားပါတယ်။

တရုတ်ကတော့ စီးပွားရေး အင်အားကြီးပြီး ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံဖြစ်ပေမယ့် ဘယ်တုန်းကမှ အဲဒီအဖွဲ့ထဲမှာ မပါဝင်ခဲ့ပါဘူး။ ဒါကလည်း နိုင်ငံသား တဦးချင်း ကြွယ်ဝမှုမှာ အဆင့် နိမ့်နေတာကြောင့် G7 နိုင်ငံတွေလို စီးပွားရေး ရှေ့တန်းရောက်နေတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံ အဖြစ် မသတ်မှတ်နိုင်တဲ့ အတွက် ဖြစ်ပါတယ်။

G7 ရဲ့ ဆွေးနွေးပွဲတွေမှာ အဓိကအားဖြင့် ရေနံ နဲ့ သဘာဝလောင်စာ စွမ်းအင်ဆိုင်ရာ ပေါ်လစီတွေနဲ့ နိုင်ငံရေး ဆိုင်ရာပေါ်လစီတွေကို အဓိကထား ဆွေးနွေးကြတဲ့အပြင် ကမ္ဘာကြီးမှာ အရေးပေါ်ဖြစ်ပေါ်လာတဲ့ ကျန်းမာရေး ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စတွေကိုလည်း အလေးထားဆောင်ရွက်ကြပါတယ်။

G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေဟာ ကမ္ဘာ့ အရေးကိစ္စတွေနဲ့ ပတ်သက်လို့ တနှစ်ပတ်လုံး အစည်းအဝေးတွေ ကျင်းပ၊ သဘောတူညီချက်တွေ ဖော်ဆောင်ပြီး သဘောထား ပူးတွဲ ကြေညာချက်တွေ ထုတ်ပြန်ကြပါတယ်။

အိတ်ချ်အိုင်ဗီ ၊ အေအိုင်ဒီအက်စ် ၊ တီဗီရောဂါ နဲ့ ငှက်ဖျားရောဂါများ တိုက်ဖျက်ရေးအတွက် Global Firm မှာ G7 က ရံပုံငွေ လှူဒါန်းမှုတွေကြောင့် ၂၀၀၂ ခုနှစ်က စပြီး ကမ္ဘာပေါ်က လူပေါင်း သန်း ၂၀ ကျော်ရဲ့ အသက်တွေကို ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

G7 ဟာ သြဇာ အာဏာ ရှိသလား

G7 ဟာ ဒီမိုကရေစီ စနစ် ကျင့်သုံးတဲ့ သီးခြားစီ ရပ်တည်နေတဲ့ နိုင်ငံတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တာကြောင့် ဥပဒေ ပြဋ္ဌာန်းတာမျိုးတွေတော့ လုပ်လို့မရပါဘူး။ ဒါပေမယ့် သူတို့ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

ဥပမာ ဆိုရရင် ပြီးခဲ့တဲ့ G7 ဟာ ၂၀၀၂ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ ငှက်ဖျား၊ အဆုတ်ရောဂါနဲ့ ခုခံအားကျဆင်းမှု ရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေ အဖွဲ့ကို တည်ထောင်ရာမှ အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်ခဲ့ပါတယ်။အခုနှစ် ရရှိထားတဲ့ အခွန်ကိစ္စ သဘောတူညီမှုတွေကလည်း အကျိုးဆက်များစွာ ရှိလာနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

တဖက်မှာတော့ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံတွေ ဖြစ်လာကြတဲ့ အိန္ဒိယနဲ့ တရုတ်တို့ ပါဝင်ခွင့် မရတာကြောင့် G7 အဖွဲ့ဟာ ခေတ်နောက်ကျနေတဲ့ နိုင်ငံစုံအဖွဲ့တခုအဖြစ် ဝေဖန်မှုတွေ ရှိနေပါတယ်။

VOA Burmese, BBC Burmese

Leave a Reply

Your email address will not be published. Required fields are marked *