ဖင်လန်နိုင်ငံရဲ့ ပညာရေးမှာ ထိပ်တန်းဖြစ်ရခြင်း အချက်တချို့

Posted on

မတတ်လျှင်မတတ်ကြောင်းပြော အကူအညီတောင်းရန်ဝန်မလေး

ဆရာအချင်းချင်းဟန်မလုပ်။ မသိလျှင် မတတ်လျှင်မတတ်ကြောင်းပြောပြီး အကူအညီတောင်းတတ်သည်။

အတန်းထဲတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းတတ်သည်။

သူတို့ဆရာ လောက၏ ခံယူချက်မှာ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပြီး ပြိုင်ဆိုင်ရန်မဟုတ်ဖြစ်သည်။

သို့ဖြစ်ရာ ကျောင်းများတွင် ဘာလုပ်ရမည်ကိုလည်း မေးရန်ဝန်မလေး၊ ဘယ်လိုလုပ်ရမည်ကို ဆွေးနွေးရန်လည်းမကြောက်၊ မိဘများကိုလည်း ဝိုင်းဝန်းကူညီရန် အကူအညီတောင်းတတ်သည်။

အပြင်ထွက်သင်ချင်လည်းသင်

ကျောင်းသားများကို စာသင်ခန်းထဲတွင် ပိတ်လှောင်ထားခြင်းကို သူတို့မကြိုက်။

လေကောင်းလေသန့်နှင့် အမြင် သစ်များရစေရန် အပြင်ထွက်ကာ စာသင်လေ့ရှိသည်။ လယ်ကွင်းထဲသွားကြသည်။

မြစ်ချောင်းတွေဘေးသွားကြ သည်။ တောထဲလည်းသွား၊ ဈေးထဲလည်းသွား၊ ရွံ့ထဲလည်းဆင်း၊ နှင်းတောထဲလည်းဆင်းနိုင်အောင် ကြိုးစားကြ သည်။

သူတို့မကြာခဏ လေ့လာရေးထွက်လေ့ရှိကြသည်။

ကျောင်းသင်ခန်းစာနှင့် သဘာဝဝန်းကျင်ကို ဆက်စပ် နိုင်ရန်ကြိုးစားခြင်းသည် သူတို့ပညာရေး၏ လျှို့ဝှက်ချက်ဖြစ်သည်။

တုတ်ချောင်း၊ ကျောက်တုံး၊ မြက်ပင်များ အားလုံးသည် သူတို့အတွက် သင်နည်းလမ်းညွှန်များ ဖြစ်နေတတ်သည်။

ကိုယ့်ကျောင်းသားအကြောင်း ကောင်းကောင်နားလည်

ဖင်လန်နိုင်ငံမှ ဆရာများသည် သူတို့တပည့်များအကြောင်း ကောင်းကောင်းသိနိုင်စေရန် အချိန်ပေးလေ့ရှိသည်။

ကျောင်းသားအကြောင်းသိမှ သင်ကြားရေးထိရောက်နိုင်သည်ဟု သူတို့ယူဆခံယူထားသည်။

သူတို့ ဘာတွေ တွေးနေသနည်း၊ ဘာကြောင့် ထိုသို့ တွေးကြသနည်းဆိုသည့်အကြောင်း ကောင်းစွာ သိခြင်းသည် သူတို့ကို မည်သို့ ပြုပြင်ပေးရမည်ဆိုသည့်အကောင်းဆုံးအဖြေဖြစ်သောကြောင့် တပည့်အကြောင်းသိအောင်လုပ်လေ့ရှိကြသည်။

ကစားချိန်များများပေး သူတို့ပညာရေး

ဖင်လန်နိုင်ငံသည် အခြားနိုင်ငံများထက် ကစားချိန်ပိုပေးသည့် ပညာရေးစနစ်ကိုကျင့်သုံးသည်။

ကစား၍ ရမှတ်နှင့် အဆင့်ကို ထိခိုက်စရာမရှိ။ စာသင်လိုက်၊ နားလိုက်၊ ကစားလိုက် မကြာခဏလုပ်တတ်သည်။

စာများ သင်ရန်အချိန်မရသောကြောင့် ဖိသင်နေကြရသည်၊ အချိန်ပိုခေါ်သင်နေရသည်ဆိုသည့် ဆရာများ ဆင်ခြင်စရာ ဖြစ်သည်။

ဖတ်စာအုပ်အပြင်ဘောင် ကျော်သင်နိုင်အောင်ကြိုးစား

ဖင်လန်နိုင်ငံမှဆရာများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များက မလွှမ်းမိုးနိုင်ပေ။

ကြိုက်သည့်စာ ကြိုက်သည့် သင်ထောက်ကူများနှင့် သင်နိုင်သည်။

ကလေးများနားလည်နိုင်ရေး ဦးစားပေးသည်။

သူတို့ကောင်းကောင်း သင်နိုင်ရေး ကြိုတင်ပြင်ဆင်တွေးလာတတ်ကြသည်။

စာအုပ်တွေကို ကျော်ထွက်နိုင်အောင် ကြိုးစားခြင်းသည် သူတို့ပညာရေး၏ အားသာချက်ဖြစ်သည်။

ဆရာများပညာရေး အားပေး

ဆရာများကို သူတို့နိုင်ငံက ဦးစားလည်းပေး၊ လေးစားတန်ဖိုးလည်းထားသည်။

ဆရာများအတွက် ဘဝတစ် သက်တာ ပညာရှာနိုင်ရန် အခွင့်အလမ်းများပေးထားသည်။

ကျောင်းတွင် တပည့်များထံ မည်သည့်ဆရာကို အနှစ် သက်ဆုံးလဲဟု ဆန္ဒခံယူတတ်သည်။

မိဘတွေကလည်း သူတို့ သားသမီးတွေ အနှစ်သက်ဆုံးဆရာ ဆရာမများကို မဲပေးကြသည်။

ပညာရေးတွင် အုပ်ချုပ်သူများအကြိုက်၊ မိဘများအကြိုက်၊ ကျောင်းသားများအကြိုက်ဆုံးဆရာ သည် အခွင့်အလမ်းအကောင်းဆုံးလည်းဖြစ်တတ်သည်။

Via : မောက္ခပညာရေးဂျာနယ်