FBI (Federal Bureau of Investigation) ဆိုတာကတော့ အမေရိကန်ပြည်ထောင်စုအခြေစိုက် ကမ္ဘာကျော်စုံစမ်း ထောက်လှမ်းစစ်ဆေးစစ် ဆေးရေးအဖွဲ့ကြီးဖြစ်ပါတယ်။ ဌာနချုပ်ကတော့ဝါရှင်တန်မှာတည်ရှိပြီး အမေရိကန်ပြည်ထောင်စုရဲ့မြို့တော်ကြီးတွေမှာသာမက အခြားနိုင်ငံတော်တော်များများမှာရုံးခွဲများစွာ ဖွင့်လှစ်ပြီး တစ်နိုင်ငံလုံးက အဓိကမှုခင်းကြီးတွေကို တာဝန်ယူ ဖော်ထုတ်လေ့ရှိတဲ့ အဖွဲ့ကြီးလည်း ဖြစ်ပါတယ်။
နောက်ဆုံးပေါ်ခေတ်မီ လက်နက်ပစ္စည်းကိရိယာတွေ၊ အမေရိကန်အစိုးရရဲ့အထူးကျွမ်းကျင်စုံစမ်းရေးအေဂျင့်တွေ ကြောင့်လည်း ဒုစရိုက်သမားတွေအဖို့ FBI ကိုကျော်လွန်ပြီးရှောင်ပြေးဖို့ဆိုတာ အတော်လေးတော့ မဖြစ်နိုင်သလောက် ခက်ခဲလှပါတယ်။ ဒါပေမယ့် ရာဇဝတ်သားအချို့ကတော့ အကြောင်းအရာ၊ အခြေအနေနဲ့ကိုယ်ရည် ကိုယ်သွေးကိုအသုံးပြုပြီး FBI ရဲ့စက်ကွင်းကနေလွတ်မြောက်နေကြဆဲဖြစ်ပါတယ်။ (၁၉၅၀) မတ်လ(၁၄)ရက်နေ့က စတင်ထုတ်ပြန်တဲ့ FBI ရဲ့အလိုရှိဆုံးဝရမ်းပြေးဦးရေ ဟာလက်ရှိအချိန်ထိ (၅၂၃)ယောက်အထိရှိနေတယ်လို့ အကြမ်းဖျင်းသိထားရပါတယ်။
FBI အနေနဲ့ နိုင်ငံတစ်ကာရဲဌာနတွေ၊သတင်းအဖွဲ့တွေရဲ့အကူအညီကိုရယူပြီး အလိုရှိဆုံး ဝရမ်းပြေးစာရင်းကိုစတင်ထုတ်ပြန်ခဲ့တာဟာ FBI ညွှန်ကြားရေးမှူး J. Edgar Hoover လက်ထက်ကနေစတင်ခဲ့တာလို့သိရပြီး နာမည်ကျော်သတင်းသမားတစ်ယောက်ဖြစ်တဲ့ William Kinsey Hutchinson ရဲ့အကူအညီနဲ့နှစ်စဉ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ယနေ့အချိန် ရာဇဝတ်ဘေးကနေ လွတ်မြောက်နေဆဲဖြစ်တဲ့ FBI ရဲ့အလိုအရှိဆုံးရာဇဝတ်သမား အချို့ရဲ့အကြောင်းအရာတွေဖြစ်ပါတယ်။
(၇) Robert William Fisher
FBI ရဲ့အလိုရှိဆုံး ရာဇဝတ်ကောင်စာရင်းမှာ (၂၀၀၂)ခုနှစ်ကတည်းက ထည့်သွင်း သတ်မှတ်ခံခဲ့ရသူကတော့ အရီဇိုးနီးယားပြည်နယ်က Robert William Fisher ဆိုသူဖြစ်ပြီးသူဟာ (၂၀၀၁)ခုနှစ်၊ဧပြီလ (၁၀)ရက်နေ့မှာပဲ သူရဲ့မိသားစုဝင်တွေအားလုံးကိုသတ်ဖြတ်ပြီးထွက်ပြေးခဲ့ကြောင်းရဲတပ်ဖွဲ့က စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူဟာ သူရဲ့အိမ်ကိုတောင်မီးရှို့ခဲ့တာဖြစ်ပြီး ယင်းမတိုင်ခင်သူရဲ့အမျိုးသမီးဖြစ်တဲ့ Mary Fisher ရဲ့ဦးခေါင်းနောက်ဘက်ကိုသေနတ် နဲ့ပစ်ခတ်ပြီး လည်ပင်းကိုလှီးဖြတ်ကာ သတ်ဖြတ်ခဲ့ပါတယ်။ ဒါအပြင် သူရဲ့ကလေးတွေ ဖြစ်တဲ့ Brittney နဲ့ Bobby တို့ကိုလည်း သတ်ဖြတ်ခဲ့ပြီး အိမ်ကိုမီးရှို့ကာ အလောင်းတွေကိုဖျောက်ဖို့အားထုတ်ခဲ့သူဖြစ်ပါတယ်။
အိမ်နီးချင်းတွေကတော့ ကျူးလွန်သူ Robert William Fisher ဟာ စိတ်ဆက်သူတစ်ယောက်ဖြစ်ပြီး အမျိုးသမီးဖြစ်သူဘက်က အိမ်ထောင်ရေးကိုအဆုံးသတ်ဖို့တောင်းဆိုရာကနေ ဒီလိုမှုခင်းမျိုးဖြစ်ရတယ်လို့ အဖြေထွက်ခဲ့ပါတယ်။ တရားခံ Robert William Fisherရဲ့ကားကိုတော့ ထင်းရှူးတောတစ်ခု အပြင်မှာတွေ့ရှိခဲ့ပြီး တရားခံဟာ ယင်းသစ်တောကိုဖြတ်သန်းပြီးထွက်ပြေးလွတ် မြောက်ခဲ့တာဖြစ်တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့ကခန့်မှန်းထားခဲ့ကြပါတယ်။ ယင်းနောက် မှာတော့ Robert William Fisher ဟာ FBI ရဲ့အလိုအရှိဆုံးစာရင်းမှာ ပါဝင်လာခဲ့တာဟာ ယနေ့ဆိုရင် ဆယ်စုနှစ်(၂)ခုစာနီးပါးရှိနေပါပြီ။ သူဟာယနေ့အချိန်ထိအသက်ရှင် နေမယ်ဆိုရင်တော့ အသက်(၅၈)နှစ်အရွယ်ရှိနေပြီဖြစ်ပြီး FBI ရဲ့ဝရမ်းပြေးအမှတ်စဉ် စာရင်းမှာတော့ (၄၇၅)ဦးမြောက်ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(၆) Bhadreshkumar Chetanbhai Patel
FBI ရဲ့စာရင်းမှာပါဝင်နေတဲ့ အိန္ဒိယလူမျိုး Bhadreshkumar Chetanbhai Patel ကတော့ (၂၀၁၅)ခုနှစ်၊ဧပြီ(၁၂)ရက်နေ့က သူအမျိုးသမီး Palak Patel ကိုသတ်ဖြတ်ခဲ့တဲ့ပြစ်မှုအတွက် (၂၀၁၇)ခုနှစ်၊ဧပြီ(၁၈)ရက်နေ့မှာပဲ FBI ရဲ့အလိုအရှိဆုံးစာရင်းမှာပါဝင် လာခဲ့တာဖြစ်ပါတယ်။ သူဟာ (၅၁၄)ယောက်မြောက် FBI ရဲ့စာရင်းအတွင်းပါဝင်လာ သူဖြစ်ပြီး ထိပ်တန်း အလိုအရှိဆုံး ရာဇဝတ်သား(၁၀)ဦးစာရင်းမှာလည်းနံပါတ်(၆)နေရာ ကနေပါဝင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ယင်းအာရှစုံတွဲ အခြေချနေထိုင်မဲ့ အရေးနဲ့ပတ်သက်ပြီး ဟာအချင်းများမှုကနေ လူသတ် မှုအထိရောက်သွားတာဖြစ်မယ်လို့ကောက်ချက်ချထားခဲ့ပြီး Bhadreshkumar Chetanbhai Patel ဟာအသက်(၂၁)သာရှိသေးတဲ့ သူအမျိုးသမီးကို ဓါးကိုအသုံးပြုသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာကတော့ မေရီလန်း ပြည်နယ် Hanover မှာရှိတဲ့ Dunkin’ Donuts ဆိုင်မှာ အတူအလုပ်လုပ်ခဲ့ကြရာမှာ လူသတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပြီး အခင်းဖြစ်ရာနေရာကနေတရားခံတစ်ဦးတည်း ပြန်ထွက်လာတာကို လုံခြုံရေးကင်မရာတွေကမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ တရားခံ Patel ကိုတော့ နယူးဂျာစီပြည်နယ်က ရထားတစ်စီးအတွင်းမှာနောက်ဆုံးမြင်တွေ့ခဲ့ရပြီး လက်ရှိအချိန်ထိပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ခန့်မှန်းမှုေွအရတော့ Patel ဟာ အမေရိကန်မှာရှိတဲ့ အမျိုးတွေရဲ့စောင့်ရှောက်မှုအောက်မှာရှိနေမယ်လို့သိရပြီး အိန္ဒိယကိုပြန်ရောက်သွားပြီဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေတာကိုတွေ့ရပါတယ်။
(၅) Jason Derek Brown
FBI ရဲ့အလိုအရှိဆုံး ထိပ်တန်းရာဇဝတ်လူဆိုးစာရင်းမှာ နံပါတ်(၅)နေရာကနေပါဝင်လာတာကတော့ Jason Derek Brown ဆိုသူဖြစ်ပြီး (2004)ခုနှစ် အတွင်းက သူကျူးလွန်ခဲ့တဲ့ လူသတ်မှု၊ဓါးပြမှုတွေအတွက်ဖြစ်ပါ တယ်။ သူဟာ (၂၀၀၇)ခုနှစ်၊ဒီဇင်ဘာ (၈)ရက်နေ့မှာတော့ (၄၈၇) ယောက်မြောက် တရားခံအဖြစ် FBI ရဲ့စာရင်းမှာပါဝင်လာ ခဲ့ပြီးသူဟာ(၂၀၀၄)ခုနှစ် နိုဝင်ဘာ (၂၉)ရက်နေ့မှာ Robert Palomares ဆိုသူကို သေနတ်နဲ့(၆)ချက်အထိ ပစ်ခတ်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၅၆၀၀၀)ကိုယူဆောင်ပြီး ဆိုင်ကယ်စီးထွက်ပြေးသွားခဲ့ပါတယ်။
Jason Derek Brown ဟာ သူနေထိုင်ရာ အရီဇိုးနားပြည်နယ်ကနေ နီဗားဒါးပြည်နယ်ကို ကားတစ်စီးရဲ့အတွင်းက ခိုးလိုက်သွားခဲ့ပြီးယင်းကနေမှ သူမိသားစုရှိရာ ကယ်လီဖိုးနီးယားကို သွားခဲ့တယ်လို့သိရပါတယ်။ FBI အေဂျင့်တွေဘက်က (၂)နာရီလောက်နောက်ကျပြီး ရောက်သွားတဲ့အတွက် Jason Derek Brown ဟာ လွတ်မြောက်သွားခဲ့ပြီး ယနေ့အချိန် အထိတော့ရှာမတွေ့သေးပါဘူး။ Jason Derek Brown အတွက် FBI ကဆုငွေထုတ်ခဲ့ပြီး သူကိုဖမ်းဆီးဒါမှမဟုတ် သတင်းပေးနိုင်သူအတွက် အမေရိကန်ဒေါ်လာ (၂၀၀၀၀၀) ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။
(၄) Rafael Caro-Quintero
FBI ရဲ့အလိုရှိဆုံးစာရင်းမှာ နံပါတ်(၄)နေရာကနေပါဝင်လာခဲ့သူကတော့ မက္ကဆီကိုဘိန်း ရာဇာတစ်ယောက်ဖြစ်တဲ့ Rafael Caro-Quintero ဖြစ်ပြီးသူဟာ (၁၉၈၅)ခုနှစ်၊ဖေဖော် ဝါရီလ (၇)ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲ လူသတ်မှုဖြစ်စဉ်ကြီးကိုပြုလုပ်ခဲ့သူဖြစ်ပါ တယ်။ DEA လို့သိကြတဲ့ အမေရိကန်မူးယစ်တိုက်ဖျက်ရေးအဖွဲ့ရဲ့အေဂျင့် Enrique Kiki Camarena နဲ့သူရဲ့ Pilot Alfredo Zavala Avelar ၊ အမေရိကန်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ John Clay Walker နဲ့ သွားဘက်ဆိုင်ရာဆေးကျောင်းသူ Alberto Radelat တို့ဟာ Rafael Caro-Quintero ရဲ့လက်ချက်နဲ့သေပွဲဝင်ခဲ့ရတာဖြစ်ပါတယ်။ အထူးသ ဖြင့် Rafael Caro-Quintero ရဲ့မူးယစ်ဆေးကုန်သွယ်မှုတွေကို ဖော်ထုတ်ရေးသားတဲ့ Walker နဲ့ Radelat တို့ကိုလက်တုံ့ပြန်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
Rafael Caro-Quintero ကိုတော့မက္ကဆီကိုနိုင်ငံမှာဖမ်းမိခဲ့ပြီး တရားရုံးကထောင်ဒဏ်နှစ်(၄၀)အထိ ချမှတ်အပြစ်ပေးခဲ့ပါတယ်။ သူထောင်ဒဏ်ကျခံတဲ့ကာလ (၂၈)နှစ်ကိုလွန်မြောက်ချိန် ဖြစ်တဲ့ (၂၀၁၃)ခုနှစ်မှာတော့ Rafael Caro-Quintero ဟာ ထွက်ပြေးလွတ်မြောက် သွားခဲ့ပြန်တာဟာ ယနေ့အထိဖြစ်ပါတယ်။ သူအတွက်အမေရိကန်အစိုးရဘက်က မက္ကဆီကိုအာဏာပိုင်တွေနဲ့ ပူးပေါင်းကာ ရှာဖွေရေးလုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့ပေမဲ့ ပျောက်ချက်သားကောင်းနေဆဲပဲဖြစ်ပါတယ်။ FBI ကတော့ သူ့အတွက်အမေရိကန်ဒေါ်လာသန်း(၂၀)အထိဆုငွေထုတ်ထားပြီးသူဟာ မက္ကဆီကိုနိုင်ငံအတွင်းမှာပဲ ရှိနေဆဲလို့ထောက်လှမ်းရေးသတင်းတွေအရသိရပါတယ်။
(၃) Yaser Abdel Said
အီဂျစ်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွေနေထိုင်သူဖြစ်တဲ့ Yaser Abdel Said ဟာ မိသားစုအပေါ်အလွန်နိုင်ထက်စီးနှင်းပြုသူဖြစ်ပါတယ်။ အထူးသဖြင့်သူရဲ့ သမီး(၂)ယောက်ဖြစ်တဲ့ Amina နဲ့ Sarah တို့အပေါ်လည်းပြင်းပြင်းထန်ထန်ရိုက်နှက် တတ်သူဖြစ်ပြီး သူတို့ရဲ့မိရိုးဖလာယုံကြည်ကိုးကွယ်မှုဖြစ်တဲ့ အစ္စလာမ်ဘာသာဝင်တွေ ရဲ့ထုံးတမ်းအစဉ်အလာအောက်ကနေခွဲထွက်မသွားဖို့ ခပ်ကြမ်းကြမ်းဆုံးမတတ်သူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ Yaser Abdel Said ဟာဘာသာခြားတစ်ယောက် နဲ့ ချစ်ကြိုက်နေတဲ့ သူရဲသမီးကြီးဖြစ်သူ Amina ကို သူမထက်အသက်များစွာကြီးတဲ့ ဘာသာတူ တစ်ယောက်နဲ့ ထိမ်းမြားဖို့ပြောကြားရာမှာ သမီးဖြစ်သူကအရိုက် အနှက်ခံပြီး ငြင်းဆန်ခဲ့တာကြောင့် သူရဲ့ဒေါသဟာအထွတ်အထိပ်ကိုရောက်ရှိခဲ့ပါ တော့တယ်။
(၂၀၀၈)ခုနှစ်ရဲ့ ပထမဆုံးနေ့သစ်မှာတော့ Yaser Abdel Said ဟာ သမီး တွေကိုနေ့လည်စာစားမယ်ဆိုပြီး သူရဲ့တက်စ်စီကားအတွင်းသွားရောက်နေရာယူစေကာ ကားအတွင်းရောက်ချိန်မှာတော့ နောက်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။ Amina က တော့ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး Sarah ကတော့ ရဲတပ်ဖွဲ့ကိုအကြောင်းကြားနိုင်ခဲ့ပါတယ်။ (၂၀၁၄)ခုနှစ် ဒီဇင်ဘာ(၄)ရက်နေ့မှာတော့ Yaser Abdel Said ဟာ FBI ရဲ့ အလိုအရှိဆုံးစာရင်းမှာဖော်ပြခြင်းခံရပြီး သူအတွက်အမေရိကန်ဒေါ်လာဆုကြေး (၁၀၀၀၀၀)အထိပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ သတင်းတွေအရတော့ Yaser Abdel Said ဟာ အစ္စလာမ်မစ်နိုင်ငံတစ်ခုကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပြီး FBအတွက် တော့ သူကိုဖမ်းဆီးနိုင်ဖို့ အတော်ကိုကြိုးစားရမဲ့ ကိန်းကိုဆိုက်ရောက်နေပါပြီ။
(၂) Arnoldo Jimenez
(၂၀၁၉)ခုနှစ်၊မေလ(၈)ရက်နေ့က ထုတ်ပြန်တဲ့ FBI ရဲ့စာရင်းအရ နံပါတ်(၂)နေရာမှာ ရောက်ရှိနေသူကတော့ အမေရိကန်လူမျိုး Arnoldo Jimenez ဖြစ်ပါတယ်။ FBI ရဲ့သ မိုင်းမှာတော့ Arnoldo Jimenez ဟာ (၅၂၂)ယောက်မြောက် အလိုရှိတဲ့လူသတ် ကောင်ဖြစ်ပြီး (၂၀၁၂)ခုနှစ်အတွင်းက လက်ထပ်တာ နာရီပိုင်းလောက် ပဲရှိသေးတဲ့ သူရဲ့အမျိုးသမီးဖြစ်သူ Estrella Carrera ကိုသတ်ခဲ့တဲ့ပြစ်မှုကို ကျူးလွန်ခဲ့သူဖြစ်ပါတယ်။ သတင်းတွေအရတော့ Arnoldo Jimenez တို့စုံတွဲဟာမင်္ဂလာဆောင်ကနေ အိမ်ကိုပြန် လာရာလမ်းတစ်လျှောက် အငြင်းပွားမှုတွေဖြစ်ခဲ့တယ်လို့သိရပြီး ကားပေါ်မှာပဲ Jimenez ဟာဓါးကို အသုံးပြုပြီး သူမကိုအကြိမ်များစွာထိုးကာ သတ်ခဲ့တယ်လို့သိရပါတယ်။ ယင်းနောက်မှာ တော့ သူမရဲ့အလောင်းကိုနေအိမ် ရေချိုးခန်းထဲအထိ တစ်ရွတ်တိုက်ဆွဲခေါ်ခဲ့ပြီး ထွက်ပြေးသွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့က Arnoldo Jimenez ရဲ့အစ်ကိုဖြစ်သူအိမ်ကို စီးနင်းခဲ့ချိန်မှာတော့ ကားထိုင်ခုံတွေမှာ သွေးတွေပေနေတဲ့ Arnoldo Jimenez ရဲ့ကားကိုတွေ့ရှိခဲ့ပါတယ်။ သတင်းတွေအရတော့ Arnoldo Jimenezရဲ့အစ်ကိုဖြစ်သူဟာ သူ့ကို မက္ကဆီကိုနယ်စပ် အထိပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ FBI ရဲ့ထုတ်ပြန်ချက်တွေအရတော့ Arnoldo Jimenez ဟာအသက်(၃၇)နှစ်အရွယ်၊အရပ်က (၆)ပေနဲ့ ကိုယ်အလေးချိန် ပေါင်(၂၀၀) ကနေ (၂၀၅)ပေါင်အကြားရှိတယ်လို့သိရပါတယ်။
(၁) Alejandro Rosales Castillo
FBI ရဲ့အလိုအရှိဆုံးထိပ်တန်းရာဇဝတ်ကောင်စာရင်းမှာ နံပါတ်(၁)နေရာကနေပါဝင်နေ တာကတော့ အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ အမေရိကန်လူငယ် Alejandro Rosales Castillo ဆိုသူဖြစ်ပါတယ်။ သူဟာ (၂၀၁၆)ခုနှစ်က မြောက်ကာရိုလိုင်းနားပြည်နယ်အတွင်းက Charlotte မြို့မှာ နေထိုင်တဲ့သူရည်းစားဟောင်းဖြစ်တဲ့ Tru Guan Lee ရဲ့ ဦးခေါင်းကိုနောက်ကနေ သေနတ်နဲ့ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် မှာတော့ လျိုတစ်ခုအတွင်းစွန့်ပစ်ခဲ့တာဖြစ်ပါတယ်။ (၂၀၁၇) အောက်တိုဘာ(၂၄)ရက် နေ့မှာတော့ Alejandro Rosales Castillo ဟာFBI ရဲ့အလိုအရှိဆုံးရာဇဝတ်ကောင်စာ ရင်းမှာ (၅၁၆)ယောက်မြောက်ပါဝင်လာခဲ့ပြီး အမေရိကန်ဒေါ်လာ(၁၀၀၀၀၀)ဆုကြေး ထုတ်ပြန်ခြင်းခံခဲ့ရပါတယ်။
ငွေကြေးဆိုင်ရာ အရှုပ်အရှင်းပြသာနာကြောင့် Alejandro Rosales Castillo ဟာ လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ကျူးလွန်ပြီးတဲ့နောက်မှာတော့ နောက်ရည်းစားဖြစ်သူ Ahmia Feaster ဆိုသူနဲ့မက္ကဆီကို နိုင်ငံကိုထွက်ပြေးသွားခဲ့ပါတယ်။ မကြာခင်မှာ အမေရိကန်ပြည် ထောင်စုအတွင်းပြန်လည်ဝင်ရောက်လာတဲ့ Ahmia Feaster ကိုတော့ ရဲတပ်ဖွဲ့က ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပေမဲ့ အဓိကတရားခံ Castillo ကတော့ယခုတိုင် လွတ်မြောက်နေဆဲဖြစ်ပါတယ်။ ထုတ်ပြန်ထားတဲ့မှတ်တမ်းတွေအရဆိုရင် Castillo ဟာအရပ် (၅) ပေ (၆)လက်မ နဲ့ကိုယ်အလေးချိန် (၁၈၀) ကနေ (၁၉၀)အကြားရှိနိုင်တယ်လို့သိရပါတယ်။ FbI အေဂျင့်တွေကတော့ Castillo ဟာမက္ကဆီကိုနိုင်ငံနဲ့ အိမ်နီးချင်း အယ်ဆာဗေးဒိုးနိုင်ငံတွေအတွင်းမှာ ရှိနေနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
FBI ကနေ ထုတ်ပြန်ထားတဲ့ ဝရမ်းပြေးတွေရဲ့စာရင်းကို ဒီမှာ သွားကြည့်နိုင်ပါတယ်။