သူ့နာမည်က Joseph Carey Merrick ၊ သူ့ကို ၁၈၆၂ခုနှစ် သြဂုတ်လ ၅ရက်နေ့တုန်းက အင်္ဂလန်နိုင်ငံ လက်ဆက်စတာမြို့မှာမွေးဖွားခဲ့တယ်။ သူ့ကိုအားလုံးက ဆင်လူသားတို့ပဲ ခေါ်ကြတယ်။ သူ့ရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ဆင်တစ်ကောင်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ တူနေလို့ပါပဲ။
သူ့ကိုမွေးဖွားတုန်းက ပုံမှန်ကလေးတစ်ယောက်အတိုင်းကျန်းမာခဲ့ပါတယ်။ အသက် ၅နှစ်အရောက်မှာတော့ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အဖုအထစ်တွေ စထွက်လာခဲ့တယ်။ အသားအရည်ကလည်း ညိုဖျော့ဖျော့ဖြစ်လာခဲ့တယ်။ သူ့ရဲ့ညာဘက်လက်မောင်းဟာ လိမ်ပိန်သွားခဲ့တယ်။ ခန္ဓာကိုယ်မှာ ဒီလိုပြောင်းလဲမှုတွေဖြစ်ခဲ့ပေမယ့် Merrick ဟာ ကျောင်းဆက်တက်နိုင်နေသေးတယ်။ ၁၁နှစ် အရွယ်အထိပေါ့။
သူ့မိဘတွေကတော့ ဒါဟာ အဖြစ်အပျက်တစ်ခု နဲ့ ပတ်သတ်နေတယ်လို့ ထင်မြင်နေကြတယ်။ သူ့ကို သူ့အမေကိုယ်ဝန်ဆောင်ထားစဉ်က ခရီးတစ်ခုအသွားမှာ ဆင်တစ်ကောင်ရဲ့ကန်ကြောက်မှုကို ခံခဲ့ရတယ်။ ဒါပေမယ့် ဒါဏ်ရာအနည်းငယ်ပဲ ရခဲ့တာကြောင့် Merrick ကိုကောင်းမွန်စွာမွေးဖွားလာနိုင်ခဲ့တယ်။ တကယ့်တကယ်မှာတော့ ဆင်ကန်ခံလိုက်တာနဲ့ မဆိုင်ပဲ ခန္ဓာကိုယ်ဗီဇဖောက်ပြန်မှုကြောင့်သာဖြစ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ ဆရာဝန်တွေကတော့ Merrick ရဲ့ရောဂါကို ရှားပါးတဲ့ဗီဇဖောက်ပြန်မှုရောဂါတစ်မျိုးဖြစ်တဲ့ Proteus syndrome လို့ သတ်မှတ်လိုက်ကြတယ်။
Merrick ဟာ ဒီရောဂါကို အလွန်အမင်းခံစားခဲ့ရတယ်။ ဒီရောဂါကြောင့် သူ့ရဲ့အရိုး ၊ အရည်ပြား နဲ့ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေဟာ ပုံမှန်ထက်များစွာ ကြီးထွားလာတယ်။ သူ့ရဲ့ခန္ဓာကိုယ်က ဒီလိုဆိုးဆိုးရွားရွားပြောင်းလဲနေချိန်မှာပဲ မိခင်ဖြစ်သူက ကွယ်လွန်သွားတယ်။ ဖခင်ဖြစ်သူကလည်း နောက်မိန်းမ ထပ်ယူလိုက်တယ်။ ဒါကြောင့် Merrick ကျောင်းဆက်မတက်နိုင်တော့ဘူး။ ဆေးပြင်းလိပ်လိပ်တဲ့ အလုပ်ကိုဝင်လုပ်ရတယ်။ ဒါပေမယ့် နောက်တစ်နှစ်လောက်အကြာမှာတော့ သူအလုပ်မလုပ်နိုင်တော့ဘူး။ သူ့ရဲ့ညာဘက်လက်မောင်းက လုံးဝနီးပါးလှုပ်ရှားလို့မရအောင် အားနည်းလာလို့ပါ။
ဒါပေမယ့် Merrick က ဇွဲရှိတယ်။ လက်နဲ့ ဆေးလိပ်မလိပ်နိုင်တော့ပေမယ့် အင်အားသိပ်မစိုက်ရတဲ့ နောက်အလုပ်တစ်ခုကို ထပ်လုပ်တယ်။ သူ့အဖေရဲ့အလုပ်တစ်ခုဖြစ်တဲ့ အင်္ကျီနဲ့ အခြားတိုလီမိုလီရောင်းတဲ့ ဆိုင်လေးမှာ အရောင်းဝန်ထမ်းအဖြစ်ပေါ့။ ဇွဲဘယ်လောက်ရှိရှိ Merrick တနေ့တခြား စိတ်ဓာတ်ကျလာရတယ်။ သူ့ရဲ့ခြေထောက် နဲ့ တင်ပဆုံရိုးတွေပါ ထပ်မံကြီးထွားလာပြီး ဆင်တစ်ကောင်နဲ့ ပိုပိုတူလာတဲ့ အတွက်ကြောင့်ပါ။ လမ်းလျှောက်ရင်တောင် ကောင်းကောင်းမလျှောက်နိုင်တော့သလို ကုန်ပစ္စည်းတွေသယ်တဲ့နေရာမှာ အလွန်ဒုက္ခရောက်ရပါတယ်။
သူ့မျက်နှာပုံပန်းသဏ္ဍာန်ပျက်မှုဟာ သူ့ကို စကားပြောတဲ့နေရာမှာ ဒုက္ခပေးပြန်ပါတယ်။ သူ့စကားတွေဟာ ပီပီသသ မထွက်တဲ့အတွက်ဈေးဝယ်သူတွေက နားမလည်ကြပါဘူး။ အများစုကတော့ သူ့ရုပ်မြင်တာနဲ့ ထွက်ပြေးသွားကြတော့တာပါပဲ။ Merrick ဘဝဟာ အလွန်သနားဖို့ကောင်းပါတယ်။ သူဘယ်လောက်ကြိုးစားကြိုးစား လုံလောက်တဲ့ရောင်းချရမှု မရှိတဲ့အတွက် ဖခင်ဖြစ်သူက သူ့ကိုရိုက်နှက်ပါတယ်။ နောက်ဆုံး သူအသက် ၁၇နှစ်မှာတော့ အိမ်ပေါ်ကနေ နှင်ချခံလိုက်ရပါတယ်။
နေစရာမဲ့ လမ်းပေါ်ရောက်သွားတဲ့ Merrick ကံကောင်းတယ်ပဲ ဆိုရပါမယ်။ သူဘာလုပ်ရမှန်းမသိဖြစ်နေစဉ်မှာ ကပွဲစီစဉ်သူတစ်ယောက်ဖြစ်တဲ့ Tom Norman နဲ့ သွားတွေ့ပါတယ်။ Tom Norman ဟာ Mrrick ကို သူ့ရဲ့အထူးအဆန်းပွဲတွေမှာ ပြသခဲ့ပါတယ်။ ဆင်တစ်ဝက် လူတစ်ဝက် လူသားဆိုပြီးတော့ပေါ့။ သူတို့နှစ်ယောက်စလုံး ဒီပွဲတွေကနေ ငွေတွေမနည်းရလိုက်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတော့ လူတွေကသူတို့ရဲ့ပွဲကို စိတ်ဝင်စားမှုမရှိတော့သလို ၊ ရဲတွေကလည်း ပြသခွင့်ပိတ်လိုက်တဲ့အတွက် အင်္ဂလန်မှာပွဲတွေမပြရတော့ပါဘူး။
ဘာလုပ်ရမှန်းမသိတော့တဲ့ Merrick ဘယ်လ်ဂျီယံကို ခရီးထွက်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံမှာ ထူးဆန်းတဲ့လူသားအနေနဲ့ ပြပွဲလုပ်ခဲ့ပေမယ့် သူ့ကို ဘယ်သူမှ စိတ်မဝင်စားခဲ့ပါဘူး။ ဒီပွဲအပြီးမှာတော့ လူဆိုးတချို့ဟာ Merrick ကို ဓားပြတိုက်ခဲ့တာကြောင့် စုဆောင်းထားသမျှကုန်သွားသလို ၊ လူကိုလည်းရိုက်နှက်ပြီး လူမရှိတဲ့နေရာမှာ စွန့်ပစ်ခံခဲ့ရပါတယ်။ အဲဒီနောက်တော့ ၁၈၈၆ခုနှစ်မှာ Merrick အင်္ဂလန်ကို ပြန်လာခဲ့ပါတယ်။
ဘယ်လ်ဂျီယံကနေ အင်္ဂလန်ပြန်ခရီးမှာ လည်ချောင်းနာရောဂါဖြစ်လာခဲ့တယ်။ အင်္ဂလန်ရောက်တော့ လူတွေက သူ့ရဲ့ဆိုးရွားတဲ့ရုပ်ရည်ကြောင့် ရိုက်နှက် နှိပ်စက်ကြတာကြောင့် ရဲတွေက ကာကွယ်ပေးခဲ့ရတယ်။ Merrick ဟာ သူ့အကြောင်း အဖြစ်အပျက်အစုံကို စာရေးခဲ့တယ်။ စာမျက်နှာ ၃မျက်နှာပါတဲ့ ပန်းဖလက်လေးပါ။ ဒါလေးထုတ်ပြီး လူတွေကိုလိုက်ဝေတဲ့အခါ လူတွေက သူ့အကြောင်းကို သိသွားကြပြီး သနားသွားကြတယ်။
သူရောဂါကုသဖို့အတွက်လည်း ကူညီပေးကြတယ်။ Dr. Frederick Treves ရဲ့အကူအညီကြောင့် လန်ဒန်ဆေးရုံမှာ အခမဲ့တက်ခွင့်ကို ရရှိခဲ့တယ်။ အဲဒီနောက်တော့ Merrick ဟာ စာရေးခြင်းကိုနှစ်သက်လာပြီး သူ့အတွက်ရတဲ့ အခန်းထဲမှာ စာတွေရေး ကဗျာတွေရေးနေပါတော့တယ်။ ( သူ့ရဲ့ကဗျာတချို့ကို လန်ဒန်ဆေးရုံက အမှတ်တရအနေနဲ့ သိမ်းဆည်းထားပါတယ်)
ရှားပါးတဲ့သူ့ရဲ့ရောဂါကို ဆရာဝန်တွေမကုသနိုင်ခဲ့ပဲ သူ့ကိုသက်သက်သာသာနေနိုင်စေဖို့ပဲ ကြိုးစားပေးကြပါတယ်။ အရိုးအဆစ်တွေကြီးထွားမှုဟာ ရပ်တန့်မသွားပဲ အရည်ပြားတွေကလည်း အထပ်ထပ်ခေါက်ထားသလို ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ဦးခေါင်းဟာ အလွန်လေးလံလာပြီး လှဲလျောင်းအိပ်စက်ဖို့တောင် မဖြစ်နိုင်တော့ပါဘူး။
ဒါကြောင့် Merrick ဟာ သူ့ရဲ့အိပ်စက်ချိန်တွေကို ကုလားထိုင်ပေါ်မှာ ထိုင်ရက်နဲ့ ဖြတ်သန်းခဲ့ရပါတယ်။ တစ်ညမှာတော့ Merrick ဟာ ကုလားထိုင်ပေါ်မှာ မအိပ်ပဲ သာမန်လူတွေလိုပဲ အိပ်ယာပေါ်မှာ အိပ်စက်ခဲ့ပါသတဲ့။ အဲဒီညဟာ သူ့ရဲ့နောက်ဆုံးညပါ။ သူဟာ အိပ်စက်နေစဉ်အတွင်းသေဆုံးသွားခဲ့ပါတယ်။ အဲဒီနေ့ဟာ ၁၈၉၀ခုနှစ် ဧပြီလ ၁၁ရက်နေ့ ဖြစ်တဲ့အတွက် ဆင်လူသားဟာ အသက် ၂၇နှစ်အရွယ်မှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့ရပါတယ်။
သူသေပြီးတဲ့နောက် သူ့ခန္ဓာကိုယ်ကို ခွဲစိတ်ကြည့်တော့ မွန်းကြပ်မှုကြောင့်သေဆုံးတယ်လို့ ဒေါက်တာ Frederick က အဖြေထုတ်ပါတယ်။ ဒါပေမယ့် နောက်နှစ်ပေါင်း ၁၀၀ အကြာမှာ သူ့ရဲ့အရိုးကို ထပ်မံစစ်ဆေးကြည့်တဲ့အခါမှာတော့ Merrick ဟာ မွမ်းကြပ်မှုကြောင့် သေတာမဟုတ်ပဲ လေးလံတဲ့ဦးခေါင်းဟာ လဲလျောင်းလိုက်မှုကြောင့် လည်ပင်းအဆစ်ကို လွဲသွားပြီးတဲ့နောက် ကျောရိုးမကြီးကို အချိန်ကြာဖိမိသွားတာကြောင့်ဖြစ်တယ်လို့ အဖြေထုတ် အတည်ပြုခဲ့ကြပါတယ်။
ဒါကတော့ ကမ္ဘာပေါ်မျာ ပင်ပန်းဆင်းရဲစွာနေသွားခဲ့ရတဲ့ ဆင်လူသားတစ်ယောက်ရဲ့အကြောင်းပါ။ သူ့ရဲ့အရိုးကိုတော့ လန်ဒန်က Queen Mary တက္ကသိုလ်ပြတိုက်မှာ ယနေ့တိုင်ပြသထားပါတယ်။ ရှုပ်ထွေးလှတဲ့ သူ့အရိုးတည်ဆောက်ပုံကို 3D နဲ့ Scan ဖတ်ပြီး အချက်အလက်အသေးစိတ်နဲ့ ရှင်းပြထားပါတယ်။ Merrick ရဲ့ သနားစရာဘဝဇာတ်လမ်းကို ၁၉၈၀ခုနှစ်မှာတော့ ဒါရိုက်တာ David Lynch က The Elephant Man: A Story in Human Dignity လို့အမည်နဲ့ ရုပ်ရှင်ရိုက်ခဲ့ရာကနေ ဆင်လူသားအကြောင်းဟာ ကမ္ဘာအနှံ့ကို ပြန့်နှံ့သွားပါတော့တယ်။