ရှေးဟောင်းအီဂျစ်ရဲ့ အရုပ်စာများအကြောင်း

Posted on

ရှေးခေတ်အီဂျစ်လူမျိုးတွေ အသုံးပြုခဲ့ကြတဲ့ အရုပ်စာတွေကိုတော့ hieroglyphics ဟိုင်းရပ်ဂလစ်ဖစ်စ် လို့ခေါ်ကြပါတယ်။ အီဂျစ်တွေဟာ အရုပ်စာရေးသားခြင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ခန့်ကတည်းက အသုံးပြုခဲ့ကြပါတယ်။

အရုပ်စာရေးနည်းဟာ အလွန်ရှုပ်ထွေးပြီး သင်္ကေတ အလုံးပေါင်း ၁၀၀၀ ထက်မနည်းပါဝင်ပါတယ်။ အချို့သင်္ကေတတွေဟာ အသံကို ကိုယ်စားပြုတတ်သလို တချို့သင်္ကေတတွေက စကားလုံးတခုလုံးကို ကိုယ်စားပြုတတ်ပါတယ်။

ကျွန်တော်တို့ စာရေးတဲ့အခါ ပုံမှန်အားဖြင့် စာတန်းကို ဘယ်ကနေ ညာဘက်သို့သာ ရေးလေ့ရှိကြပါတယ်။ အီဂျစ်အရုပ်စာမှာတော့ မတူညီတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ရေးသားကြပါတယ်။ ဘယ်ကနေညာ ၊ ညာကနေ ဘယ် ၊ အထက်ကနေ အောက် စသည်ဖြင့်ပေါ့။

စာဖတ်သူဟာ ဘယ်နည်းလမ်းနဲ့ရေးထားသလဲဆိုတာကိုပါ တွက်ချက်ပြီး သင်္ကေတတွေရဲ့ ဦးတည်ရာကို ဖတ်ရမှာဖြစ်ပါတယ်။ သူတို့ရဲ့စာတွေမှာ ပုဒ်ဖြတ်သင်္ကေတ(အင်္ဂလိပ်စာမှာဆိုရင် ကော်မာ ၊ ဆီမီးကော်လန် ၊ ဖူးစတော့ စတာတွေ) တွေ မပါဝင်ပါဘူး။

အနုပညာဆန်ခြင်း နဲ့ အမြင်လှပခြင်း တို့ဟာ အရုပ်စာရေးသားခြင်းရဲ့ နောက်ထပ်ရည်ရွယ်ချက်တွေ ဖြစ်ပါတယ်။ သင်္ကေတပုံတခုဟာ စကားလုံးဖြစ်နိုင်သလို အသံလည်းဖြစ်နိုင်ပါတယ်။ စကားလုံးတခုလုံးကိုတော့ ideogram လို့ခေါ်ပြီး အသံကိုတော့ phonogram လို့ခေါ်ပါတယ်။

ဥပမာ မျက်လုံးပုံဆွဲထားတာကို မျက်လုံးလို့ဆိုနိုင်သလို ၊ အသံထွက် အိုင်း I ကိုလည်း ဖြစ်နိုင်တဲ့သဘောပါ။ အရုပ်စာကျွမ်းကျင်ကြသူအများစုကတော့ ရှေးခေတ်အီဂျစ်ဘုန်းတော်ကြီးတွေဖြစ်ပါတယ်။

အရုပ်စာရေးသားခြင်းဟာ အလွန်ရှုပ်ထွေးတဲ့အတွက် ဒါကိုသင်ယူဖို့ နှစ်ပေါင်းများစွာ အချိန်ယူသင်ကြားရပါတယ်။ ရှေးခေတ်အီဂျစ်လူမျိုးအများစုဟာ စာရေးတတ်ဖတ်တတ်ခြင်း မရှိပဲ ရွေးချယ် လေ့ကျင့်ခံရသူတွေသာ အရုပ်စာကို တတ်မြောက်ကြပါတယ် ။

ဒီအရုပ်စာရေးနည်းကို လေ့ကျင့်ရသူတွေကိုတော့ Scribe စာကူးဆရာလို့ခေါ်ကြပါတယ်။ သူတို့ဟာ ငယ်ရွယ်စဉ် အသက် ၆နှစ် ၇နှစ် အရွယ်ကတည်းက စတင်သင်ကြားကြရပါတယ်။

ရှေ့ခေတ်အီဂျစ်မှာတော့ Scribe အလုပ်ဟာ အလွန်ကောင်းမွန်တဲ့ အလုပ်တခုဖြစ်ပြီး သူတို့တွေဟာ အခွန်မပေးရသလို စစ်တပ်ထဲလည်း ဝင်စရာမလိုပါဘူး။ ဒါပေမယ့်လည်း ဒီအလုပ်ကို သာမန်လူတန်းစားတွေရရှိခြင်းမရှိပဲ သူဌေးသူကြွယ် နဲ့ မှူးမတ်တွေရဲ့ ကလေးငယ်တွေသာ အခွင့်အရေးရကြပါတယ်။

မူလကတော့ အီဂျစ်တွေဟာ အရုပ်စာတွေကို အဆောက်အအုံနံရံတွေ ကျောက်ပြားတွေမှာသာ စူးဆောက်တို့နဲ့ ရေးထွင်းကြပါတယ်။ စာရေးခြင်းအတတ်ကျယ်ပြန့်လာချိန်မှာတော့ ဒီထက်ပိုလွယ်တဲ့နည်းလမ်းကို ရှာရာမှာ Papyrus လို့ခေါ်တဲ့ ကျူပင်တမျိုးကို သွားတွေ့ပါတယ်။ ကျူပင်ကို စက္ကူသဖွယ် ကျူချပ်အဖြစ် ဖန်တီးခြင်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။

ပထမဆုံး ကျူရိုးတွေကို အလျားလိုက် အလွှာ နဲ့ ဒေါင်လိုက်အလွှာ အလွှာ ၂ခု ထပ်လိုက်ပါတယ်။ အဲဒီနောက်တော့ အပေါ်ကနေ လီနင်အဝတ်စ နဲ့ ဖုံးအုပ်လိုက်ပြီး တူ(သို့) ကျောက်တုံးတွေနဲ့ ဖိနှိပ်ကြပါတယ်။

နောက်ဆုံးမှာတော့ ကျူချောင်းတွေဟာ ဆက်သွားပြီး စာရေးဖို့ ကျူချပ်တချက်ကို ရရှိပါတယ်။ အဲဒီနောက်တော့ ကျပ်ခိုးကိုရေနှင့်ရောပြီး မင်အဖြစ်ဖန်တီးကာ ကျူချပ်ပေါ်မှာ ကျူရိုးကလောင် နဲ့ ရေးသားပါတော့တယ်။

ယဟူဒီနှင့် ဖီနီရှန်လူမျိုးတို့ဟာ အီဂျစ်တို့ရဲ့ အရုပ်စာရေးသားနည်းကို အတုယူကာ အက္ခရာများကို ဆင့်ပွားတီထွင်ခဲ့ကြပါတယ်။ ထို့နောက်မှာတော့ ဂရိအက္ခရာများ ၊ ရောမအက္ခရာများ တဆင့်ပြီးတဆင့်ဖြစ်လာခဲ့ကြပါတယ်။

ရောမခေတ်ကျဆုံးချိန် အေဒီ ၅၀၀ ဝန်းကျင်ခန့်မှာတော့ နှစ်ပေါင်း ၃၅၀၀ ခန့် သုံးစွဲလာတဲ့ အီဂျစ်အရုပ်စာရေးသားနည်းဟာ တိမ်ကောနစ်မြုပ်သွားပါတော့တယ်။ ရာစုနှစ်ပေါင်းများစွာ ကြာအောင် အီဂျစ်အရုပ်စာကို ဖတ်တတ်တဲ့သူ မရှိတော့ပါဘူး။

၁၇၉၉ ခုနှစ်အရောက်မှာတော့ နပိုလီယံရဲ့ စစ်သားတဦးဟာ အီဂျစ်နိုင်ငံ Rosetta မြို့အနီးကနေ ကျောက်တုံးတတုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲဒီကျောက်တုံးပေါ်မှာတော့ တူညီတဲ့ အဓိပ္ပါယ်ကို ရှေးခေတ်အရုပ်စာ ၊ ဒီမိုတစ်ခေါ် ရှေးအီဂျစ်စာ ၊ ဂရိစာ စတဲ့ ရေးနည်း ၃နည်းနဲ့ ရေးထိုးထားပါတယ်။ ဒီကျောက်တုံးဟာ ရိုဆက်တာ ကျောက်တုံးဆိုပြီး ကမ္ဘာကျော်ခဲ့ပါတယ်။ ဒီကျောက်တုံးကနေ အခြားရေးသားနည်းများမှ တဆင့် အရုပ်စာတွေရဲ့ သင်္ကေတကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။

၁၈၂၂ ခုနှစ်မှာတော့ ပြင်သစ်ပညာရှင် ဂျီးန်ဖရစ်ဆွှာချန်ပိုးလီယန် က ဒီကျောက်စာရဲ့အဓိပ္ပါယ်ကို ဂရိဘာသာစကားက တဆင့် အခြား ဘာသာစကား ၂ခုလုံးကိုပါ အနက်ပြန်ပေးခဲ့ပါတယ်။

ယနေ့အချိန်မှာတော့ အီဂျစ်အရုပ်စာကို ကျယ်ကျယ်ပြန့်ပြန့်လေလာပြီးကြပြီဖြစ်ပြီး အရုပ်စာနဲ့ ပတ်သက်တဲ့ သဒ္ဒါ ၊ အဘိဓာန်ပေါင်းများစွာပါ ရှိနေပြီဖြစ်တဲ့အတွက် လူမျိုး ဆိုင်ရာ ဘာသာစကားကို လေ့လာတတ်ကျွမ်းသူတို့အဖို့ ရှေးခေတ်အီဂျစ်စာကို ခက်ခက်ခဲခဲ ဖတ်စရာ မလိုတော့ပါချေ။