ဒုတိယကမ္ဘာစစ်ကာလနှောင်းပိုင်းက အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေအတွက် ဂျာမန်တွေအုပ်စိုးထားတဲ့ ဥရောပကို ပြန်လည်လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့ရာမှာ နော်မန်ဒီကမ်းတက်တိုက်ပွဲကြီးက အလွန်ကိုအရေးပါခဲ့ပါတယ်။ (၁၉၄၄)ခုနှစ်၊ဇွန်(၆) ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ သမိုင်းမှာ D-Day လို့အမည်တွင်တဲ့ အဲဒီကမ်းတက် တိုက်ပွဲ အတွင်း မဟာမိတ်စစ်သည် အများအပြားအသက်ပေးခဲ့ရပြီး ယင်းစစ်ပွဲမတိုင်ခင်တည်း က ဓာတ်ပုံဆရာနဲ့ဂျာနယ်လစ်အမျိုးသမီးတွေကို ရှေတန်းစစ်မျက်နှာအထိ မလိုက်ပါ ရန် မဟာမိတ်ဘက်က တာဝန်ရှိသူတွေက တားမြစ်ခဲ့ပါတယ်။
ယင်းကာလက သတင်း၊ ဓာတ်ပုံနဲ့ ဂျာနယ်လစ်အများစုဟာ အမျိုးသမီးတွေဖြစ်ကြတာကြောင့် စစ်သတင်းတွေ ကိုသက်ဆိုင်ရာ ပြည်သူလူထုထံကို အချိန်နဲ့တစ်ပြေးညီချပြဖို့ အတော်ကို အခက်အခဲ ရှိလာပါတယ်။ ဒါပေမဲ့အလွန်အန ္တရာယ်များတဲ့ကာလဖြစ်နေတာရယ်၊ ဂျာမန်သူလျိုတွေ ရဲ့ရန်ကလည်းရှိနေပြန်တာရယ်ကြောင့် အမျိုးသမီးသတင်းထောက်အားလုံးက အဲဒီဆုံး ဖြတ်ချက်အပေါ် စောဒကမတက်ခဲ့ကြပါဘူး။
ဒါပေမဲ့တစ်ဖက်မှာတော့ Martha Ellis Gellhorn လို့ အမည်ရတဲ့ အမေရိကန်ဂျာနယ်လစ်တစ်ဦးကတော့ အဲဒီဆုံးဖြတ်ချက်အပေါ်မကျေလည်ပဲ မဟာမိတ်စစ်ဗိုလ်ချုပ်တွေ အထိ စစ်ပွဲအတွင်းကိုအမျိုးသမီးတွေလိုက်ခွင့်မပြုတဲ့ဆုံးဖြတ်ချက်အပေါ် စာရေးသား ကန့်ကွက်ခဲ့ပါတယ်။ သူမဟာ ယခင်ကတည်းက စပိန်ပြည်တွင်းစစ်အတွင်းမှာလည်း ရှေတန်းအထိလိုက်လံ သတင်းယူခဲ့ဖူးတာကြောင့် စစ်ပွဲတွေနဲ့တော့သိပ်စိမ်းတာတော့ မဟုတ်ပါဘူး။
သူမရဲ့ပန်ကြားစာကိုတော့ မဟာမိတ်အရာရှိတွေက အရေးတယူပြန်ကြားခဲ့ခြင်းတော့ မရှိတာကြောင့် Gellhorn အနေနဲ့စစ်သင်္ဘောတွေနဲ့ ခိုးလိုက်ရုံမှာတစ်ပါး အခြားရွေးစရာမရှိတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်သူမဟာ ယင်းစစ်မြေပြင်အထိသွား ရောက်မယ့် ဆေးသင်္ဘောအတွင်းက သူနာပြုတွေကို အင်တာဗျူးဟန်ပြပြီး ယင်းသင်္ဘော ရဲ့ ရေချိုးခန်းအတွင်းဝင်ရောက်ပုန်းခိုနေခဲ့ပါတယ်။ သူမဟာပြင်သစ်ကမ်းခြေ နော်မန်ဒီ ကိုရောက်တဲ့အထိ ရေချိုးခန်းအတွင်းပုန်းအောင်းနေခဲ့ပြီး ရေချိုးခန်းကိုလာရောက်အသုံးပြုသူတွေရှိပေမဲ့ ကံကောင်းထောက်မစွာပဲ သူမကိုသတိထားမိသူမရှိခဲ့ပါဘူး။
သူမရေချိုးခန်းကနေ အပြင်ကိုထွက်လာချိန်မှာတော့ နော်မန်ဒီကမ်းခြေတက် တိုက်ပွဲကြီးစတင်နေပြီး မဟာမိတ်စစ်သည်ထောင်ပေါင်းများစွာရဲ့အော်ဟစ်သံတွေ၊ ဒဏ်ရာရသံတွေကိုကြားနေခဲ့ရပြီး သူမစီးနင်းလာတဲ့ ဆေးရုံသင်္ဘောတစ်ခုလုံးဟာ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ယင်းနောက်သူမဟာ သင်္ဘောပေါ်ကနေပဲ စစ်မှတ်တမ်းဓာတ်ပုံအတော်များများကို စုဆောင်းနိုင်ပြီး သင်္ဘောပေါ်က စစ်ဆရာဝန် နှစ်ယောက်နဲ့အတူ ကမ်းတက်စစ်သည်တွေအကြား နော်မန်ဒီကမ်းခြေကို တက်ရောက်ခဲ့ပါတော့တယ်။
သေနတ်ကျည်ဆံ၊ အမြောက်ဆံ၊ မြေမြုပ်မိုင်းတွေကြားကနေပဲ တက် ရောက်ရတဲ့ ဒီစစ်ဆင်ရေးဟာ မဟာမိတ်စစ်သည်တွေ အလောင်းချင်းထပ်ခဲ့ရတဲ့ အထိ သူမမြင်တွေ့ခဲ့ရပြီး နှစ်ဖက်စလုံးက ဂျီနီဖာကွန်ဗန်းရှင်းကဆုံးဖြတ်ထားတဲ့စစ်ပွဲစည်း ကမ်းတွေကို လိုက်နာမှုမရှိကြောင်းကိုလည်း သူမမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
Gellhorn ဟာ ခိုးဝှက်ပြီးသတင်းထောက်အလုပ်ကို စစ်ဆင်ရေးအတွင်းလာရောက် သတင်းယူတယ်ဆိုပေမဲ့ အန ္တရာယ်ကြားက သတင်းယူနေဆဲကာလမှာတင် ဒဏ်ရာရ မဟာမိတ်စစ်သည်များစွာကို အကူအညီပေးခဲ့ပါတယ်။ နော်မန်ဒီကမ်းတက်စစ်ဆင်ရေး အတွင်းမှာပဲ Gellhorn ရရှိခဲ့တဲ့ မှတ်တမ်းတစ်ခုကတော့ နော်မန်ဒီကမ်းခြေကိုစစ်ပွဲကာလအတွင်း တက်ရောက်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးဆိုတဲ့ မှတ်တမ်းပဲဖြစ်ပါတယ်။
Gellhorn ကမ်းတက်ပြီးနောက်ထပ်ရက်ပေါင်း (၃၈)ရက်ကြာမှ အမေရိကန်အမျိုးသမီး စစ်သည်တော်တွေဟာ ဒီကမ်းခြေကိုတက်ရောက်လာခဲ့ကြတာကိုလည်း မှတ်တမ်းတွေ အရသိနိုင်ပါတယ်။ Gellhornဟာစစ်ပွဲအတွင်း ပြည့်ပြည့်စုံစုံသတင်းယူနိုင်ခဲ့တဲ့အချိန်မှာ တော့ မဟာမိတ်အာဏာပိုင်တွေရဲ့ သတိပြုမိခြင်းကိုခံရပြီး လန်ဒန်ကိုပို့ဆောင်ခြင်းခံ ခဲ့ရပါတယ်။ Gellhornရဲ့စွန့်စားမှုကြောင့် အမေရိကန်ပြည်သူသန်းပေါင်းများစွာဟာ နော်မန်ဒီစစ်ပွဲကြီးရဲ့ အသေးစိတ်အခြေအနေကို သိရှိမြင်တွေ့ခွင့်ရခဲ့ပြီးသူမကိုယ်တိုင် လည်း သတင်းထူးချွန်ဆုများစွာကိုရရှိခဲ့ပါတယ်။
Martha Ellis Gellhornဟာစစ်သတင်းယူမှုတွေကို ဒီလောက်နဲ့ရပ်တံ့ခဲ့ခြင်းမရှိပဲ ဗီယက်နမ်စစ်မြေပြင်၊ အာရပ်-အစ္စရေးစစ်ပွဲတွေအထိသွားရောက်သတင်းယူခဲ့ပြန်ပါ တယ်။သူမဟာ သတင်းထောက်လုပ်သက်နှစ်(၆၀)လောက်ရှိခဲ့ပြီး သူမလက်လှမ်းမီတဲ့ စစ်ပွဲတွေအားလုံးနီးပါးကိုမိသားစုနဲ့ အတိုက်အခံပြုပြီး သွားရောက် သတင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ သူမဟာအိမ်ထောင်(၂)ဆက်ကျဖူးပြီး ဝတ္ထု၊ခရီးသွား ဆောင်းပါး များစွာကိုလည်းရေးသားခဲ့သူပါ။ အမေရိကန်ရဲ့ နာမည်ကျော်စာရေးဆရာ ၊ သတင်းသမားတစ်ဦးဖြစ်တဲ့ Hemingway ဟာ သူမရဲ့ခင်ပွန်းဖြစ်ပါတယ်။
Martha Ellis Gellhorn ဟာအသက်(၈၉)နှစ်အရွယ် မှသာကွယ်လွန်ခဲ့ပြီး သေဆုံးချိန်မှာမျက်စိအမြင်မရှိတော့ပါဘူး။ ဒါအပြင်သူမဟာ သားအိမ်ကင်ဆာရောဂါကိုခံစားနေရပြီး ရောဂါဝေဒနာ ဒဏ်တွေကို မခံစား လိုတာ ကြောင့် Cyanide အဆိပ်ကိုအသုံးပြုခဲ့ပြီးကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့လမ်းကိုရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။ သူမသေဆုံးပြီးချိန်မှာတော့ အမေရိကန်သတင်းထောက်အသင်းက သူမကိုဂုဏ်ပြုပြီး Martha Gellhorn Prize for Journalism ဆိုတဲ့ဆုကို ဖန်တီပြီး ကမ္ဘာတစ်ဝှမ်း ကသတင်းသမားတွေကို (၁၉၉၉)ခုနှစ်ကနေစပြီးနှစ်စဉ်ရွေးချယ်ပြီး ချီးမြှင့်ခဲ့ပါတယ်။