ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။
Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို ပူးတွဲတည်ထောင်ထားပါတယ်။ ပလပ်စတစ်တွေ ခြေဖျက်တဲ့ ဘက်တီးရီးယား တီထွင်တဲ့ ဟန်ဂေရီယန် ဇီဝ- နည်းပညာကုမ္ပဏီပါ” ဇီဝဓါတု ပညာရှင် Liz Madaras က ပြောသွားတာပါ။
Liz Madaras နဲ့ သူငယ်ချင်းဖြစ်သူ Krisztina Levay တို့ဟာ ဟန်ဂေရီနိုင်ငံ Budapest အခြေစိုက် Poliloop ကုမ္ပဏီကို တည်ထောင်တာ သိပ်မကြာသေးပါဘူး။ သူတို့ ၂ ဦးဟာ Budapest University of Technology နည်းပညာတက္ကသိုလ်မှာ ဆေးဝါးဓါတုနဲ့ အင်ဂျင်နီယာ ဘွဲ့လွန်တန်းတက်ချိန်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး သဘာဝဝန်းကျင်ကို ဘယ်လို အကူညီပေးနိုင်မလဲ ဆိုတာကို စဉ်းစားပြီး သုတေသနတွေ လက်တွဲလုပ်ဆောင်ခဲ့ကြတာပါ။ ၂ နှစ်လောက် သုတေသနလုပ်ခဲ့တဲ့နောက် ဘက်တီးရီးယား ကောက်တေးကို တီထွင်နိုင်ခဲ့ကြပါတယ်
သူတို့ရဲ့ ဒီဘက်တီးရီးယား ကောက်တေးဟာ ဘယ်ပလပ်စတစ်မျိုးကို မဆို သီတင်းပတ်အနည်းငယ် အတွင်းမှာပဲ စားပစ်နိုင်တာ တွေ့ရတဲ့ အတွက် သူတို့ရဲ့ ကောက်တေးကို ကမ္ဘာ့ဝန်းကျင်ညစ်ညမ်းမှု ပြဿနာ ဖြေရှင်းရေး အတွက် အဖြေထုတ်ပေးနိုင်မယ် လို့သူတို့က ယုံကြည်နေတာပါ။
ဘက်တီးရီးယား ကို တမျိုးထဲ မသုံးပဲ ရောစပ်ပြီး သုံးတာဟာ ပလပ်စတစ် အမျိုးမျိုးကို ခြေဖျက်နိုင်ဖို့ လုပ်တာပါ လို့လည်း Liz က ရှင်းပြပါတယ်။
Liz Madaras။ ။“Bacterial cocktail လို့ခေါ်တဲ့ ရောနှော ဘက်တီးရီးယား က ပလပ်စတစ်တွေကို စားနိုင်ပါတယ်။ ပလပ်စတစ်ဆိုတာက မော်လီကျူးတွေ သိပ်ရှုပ်ရှုပ်ထွေးထွေးနဲ့ ဖွဲ့စည်းထားတဲ့ ပစ္စည်းတွေ ဖြစ်တဲ့အတွက် ဘက်တီးရီးယား တမျိုးထဲဆိုရင် အလုပ်မဖြစ်လို့ အခုလို ရောထားတာကို ထုတ်ရတာပါ။ ကျမတို့ နေ့တိုင်းသုံးနေတဲ့ ပစ္စည်းတွေကို ကြည့်ရင် သူတို့ကိုလုပ်ထားတဲ့ ပလပ်စတစ် အမျိုးအစားက အတော်ကြီးကို များ သလို သူတို့ကိုဖန်တီးထားတဲ့ ဓါတ်ပစ္စည်းကလည်း မျိုးစုံမို့ ခုလို ရောနှော ဘက်တီးရီးယား ကောက်တေးကို ထုတ်ရတာပါ။”
သူတို့ရဲ့ ကောက်တေးဟာ တခါသုံး ပလပ်စတစ် ဘယ်အမျိုးအစားကို ဖြစ်ဖြစ် သီတင်းပတ် ၇ ပတ်အတွင်းမှာပဲ စားပစ်နိုင်သလို ဒီလို ခြေဖျက်ဖို့ အတွက် ဓါတုဆိုင်ရာ လုပ်ငန်းစဉ်တွေ လုပ်စရာမလိုပါဘူး။ ဒါ့အပြင် ဓါတ်ပြောင်းဖို့ တခြား ဓါတုပစ္စည်းတွေနဲ့ ကြိုတင်ပြုပြင်ပေး စရာလည်း မလိုဘူးလို့လည်း ပြောပါတယ်။
သူတို့ရဲ့ ဘက်တီးရီးယားလေးတွေဟာ သူတို့ ဓါတ်ခွဲခန်းထဲက incubator ပိုးမွေးစက် ထဲမှာ နေကြပါတယ်။ သူတို့ရဲ့ ပိုးမွေးတဲ့ စတိုခန်းထဲမှာတော့ စမ်းသပ်မှုကနေ ရတဲ့ ရောစပ်ထားတဲ့ ဘက်တီးရီးယား ကောက်တေးမျိုးစုံ ရှိသလို မရောနှောရသေးတဲ့ ဘက်တီးရီးယား အမျိုးစား သက်သက်ကိုလည်း ဒီစက်ထဲမှာပဲ သိမ်းထားတာပါ။
ရိုက်တာ သတင်းဌာနမေးမြန်းခန်းမှာ Liz က ကမ္ဘာတလွှားမှာ စွန့်ပစ် ပလပ်စတစ်တွေကြောင့် ညစ်ညမ်းလာရတဲ့ ပြဿနာဟာ အတော်ဖြေရှင်းဖို့ လိုအပ်နေတဲ့ ပြဿနာလို့ သူတို့မြင်တဲ့ အတွက် ဒါကို ဖြေရှင်းနိုင်ဖို့ သုတေသနတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ သူတို့ တတ်ကျွမ်းတဲ့ ဇီဝနည်းပညာနဲ့ ဓါတုအင်ဂျင်နီယာနည်းပညာတွေကို ပေါင်းပြီး ပလပ်စတစ်တွေကို သူတို့လာရာဘဝကို ပြန်ပြီး ပို့ပေးနိုင်အောင် သဘာဝအတိုင်း လည်နေတဲ့ သံသရာ စက်ဝန်းထဲ ပြန်ရောက်သွားစေမယ့် အခြေနေတွေကို ဖန်တီးပေးဖို့ သူတို့ ဆုံးဖြတ်ခဲ့တာပါတဲ့။
Liz Madaras။ ။“ ဓါတ်သဘာဝ ပျက်စီးတဲ့ လုပ်ငန်းစဉ်ဟာ တကယ်တော့ သစ်ရွက်လေးတွေ ဆောင်းကနေ နွေဦးရာသီအထိ မတွေ့ရပဲ ပျောက်သွားတာမျိုးနဲ့ သိပ်ကိုတူပါတယ်။ ပေါင်းစုနေတဲ့ အဏုဇီဝ ပိုးမွှားလေးတွေ က သူတို့ကို ခြေဖျက်ပေးတာပါ။ ဇီဝရုပ်ကြွင်းလောင်စာပေါ် အခြေတည်ထုတ်ထားတဲ့ ပလပ်စတစ်တွေ နဲ့ ကျမတို့ရဲ့ ဘက်တီးရီးယား လေးတွေရဲ့ လုပ်ဆောင်မှုကလည်း ဒါမျိုးပါပဲ” လို့ Liz က ပြောပါတယ်။
သူတို့ရဲ့ ဘက်တီးရီးယား လေးတွေဟာ Polylactic acid ဖြစ်တဲ့ PLA ပလပ်စတစ် အမျိုးအစားကိုလည်း လွယ်လွယ်ကူကူ ခြေဖျက်နိုင်စွမ်း ရှိပါတယ်။
ဗြိတိန်နဲ့ အမေရိကန်က သိပ္ပံပညာရှင်တွေဟာ ပလပ်စတစ်ကို စားတဲ့ အင်ဇိုင်းတမျိုးကို ထွင်နိုင်ခဲ့ပါတယ်။ ဒီအင်ဇိုင်းက PET လို့ အတိုကောက်ခေါ်တဲ့ poly ethylene terephthalate ကို စားပစ်နိုင်ပါတယ်။ ဒီ PET အမျိုးအစား ပလပ်စတစ်ဟာ အတော်လူသုံးများပြီး စွန့်ပစ်လိုက်ရင် နှစ် ရာနဲ့ချီပြီး မပျက်မစီးရှိနေနိုင်တဲ့ အတွက် ပတ်ဝန်းကျင်အတွက် အတော် အန္တရာယ် ရှိတဲ့ အရာပါ။
ဒီလို PET အပါအဝင် နိုင်ငံတကာ သင်္ကေတ စံနစ်နဲ့ သတ်မှတ်ထားတဲ့ ပလပ်စတစ်အမျိုးအစား ၇ ခု စလုံးကို သူတို့ ကောက်တေးက ခြေဖျက်နိုင်စွမ်းရှိတယ်လို့ Poli loop ရဲ့ CEO – Liz က ပြောပါတယ်။
Liz Madaras။ ။“ PET ကို ခြေဖျက်ဖို့ လုပ်တဲ့နေရာမှာလည်း အောင်မြင်မှု ရပါတယ်။ ကျမတို့က ပလပ်စတစ် အမျိုးအစား အားလုံးအတွက်စမ်းပါတယ်။ ကော်စေ့လို ပလပ်စတစ်ကစပြီး အမျိုးစား ၇ မျိုးစလုံးအလုပ်ဖြစ်တဲ့အပြင် ပလပ်စတစ် အလွှာအထပ်ထပ် လုပ်ထားတာတို့၊ ပလပ်စတိတ်အရောတို့ ကိုပါ ခြေဖျက်နိုင်စွမ်းရှိတယ်” လို့ လည်း ပြောပါတယ်။
ဒီလို ခြေဖျက်ရာမှာ သီတင်းပတ် ၂ ပတ်လောက်အတွင်းမှာပဲ ပလပ်စတစ်တွေဟာ အပိုင်းအစတွေ အဖြစ်ကို ရောက်သွားနိုင်သလို သီတင်းပတ် ၇ ပတ်ရောက်ရင်တော့ အညိုရောင် အော်ဂဲနစ် အနည်အနှစ်ရည် အဖြစ်ကို ပြောင်းသွားနိုင်တာကို သူတို့က လက်တွေ့ ပြသခဲ့ပါတယ်။
သူတို့ရဲ့ ကနဦး ဓါတ်ခွဲခန်း စမ်းသပ်မှုတွေ အရ ဒီအနည်အနှစ်ရည်တွေဟာ မြေဆီလွှာပို ကောင်းလာအောင် လုပ်ပေးတဲ့ ပစ္စည်းတွေ အဖြစ် စိတ်ချလက်ချ သုံးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒါတွေကို ဇီဝပလပ်စတစ်တွေ ထုတ်ရာမှာလည်း သုံးနိုင်ပါတယ်။
Liz Madaras။ ။ “ပလပ်စတစ်စွန့်ပစ်ပစ္စည်း ကြောင့်ညစ်ညမ်းမှုဟာ တကယ့်ပြဿနာတရပ်လို့ ကျမတို့ မြင်ပါတယ်။ ဒါကြောင့် ဇီဝနည်းပညာနဲ့ ဓါတုအင်ဂျင်နီယာနည်းပညာတွေ ပေါင်းပြီး ပလပ်စတစ်တွေကို သူတို့မူလ နေရာ ပြန်ရောက်အောင် သဘာဝရဲ့ သံသရာလည်တဲ့ ဖြစ်စဉ်ထဲ ပြန်ပို့ပေးနိုင်မယ့် နည်းကို ထွင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။”
သူတို့ရဲ့ Poliloop ကုမ္ပဏီဟာ အမေရိကန်အခြေစိုက် နာမည်ကြီး Techstars ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးနဲ့ ဟန်ဂေရီက စွန့်ဦးတီထွင်သူတွေ အားထားရတဲ့ Vespucci Partners တို့ဆီက အရင်းအနှီး ရယူပြီး စက်ရုံတည်ဆောက် ဖို့ပါ စီစဉ်နေပြီဖြစ်ပါတယ်။
VOA Burmese မှ