Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လယ်သမားသားလေးကနေ Casio Computer ကုမ္ပဏီပိုင်ရှင် ဘီလျံနာဖြစ်လာခဲ့သူ

by Thutamm
August 2, 2019
Reading Time: 1min read
0
လယ်သမားသားလေးကနေ Casio Computer ကုမ္ပဏီပိုင်ရှင် ဘီလျံနာဖြစ်လာခဲ့သူ
Share on FacebookShare on Twitter

ရေးသားသူ – ဗန်းမော်သိန်းဖေ

လယ်သမားတယောက်ရဲ့သားလေးဟာ တောရွာလေးတရွာကနေ မြို့ပေါ်ရောက်လာတယ်။ အဖေက ဒုက္ခဆင်းရဲခံပြီး ကျောင်းထားပေးလို့ ပညာကို ကြိုးစားသင်တယ်။ အထက်တန်းအောင်ပြီး အလုပ်လုပ်နေတုံးမှာ တီဘီရောဂါဖြစ်လို့ ဂျပန်စစ်တပ်ထဲ ဝင်ခွင့်မရဘူး။ စစ်တပ်ထဲ မဝင်ရလို့ ဒုတိယကမ္ဘာစစ်ကြီးအတွက် ပြင်ဆင်နေတဲ့ ဂျပန်နိုင်ငံကို စီးပွားရေးနဲ့ တဖက်တလမ်းက ကူညီဖို့ လမ်းစရှာတယ်။ ကိုယ်ပိုင်စက်ရုံလေးတရုံကို အိမ်ဘေးမှာ အဖီလေးချပြီး ထူထောင်လိုက်တယ်။ နောက်တော့ လျှပ်စစ်ဂဏန်းပေါင်းစက်ကို တီထွင်လိုက်တယ်။ နောက်ပိုင်းမှာ အီလက်ထရောနစ်ပစ္စည်း အများအပြားကို တီထွင်ထုတ်လုပ်ပြီး ကမ္ဘာကို တင်ပို့ဖြန့်ချိတယ်။ ကမ္ဘာက လေးစားရတဲ့ အင်ဂျင်နီယာ၊ တီထွင်ပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်လာခဲ့တယ်။ သူ့နာမည်က တာဒါအိုကာရှီယို (Tadao Kashio) ပါ။ Casio Computer Company ကို တည်ထောင်ခဲ့သူပါ။

တာဒါအိုဟာ ဝါဆဲဒကျောင်းက သင်တန်းဆင်းတော့ ရေဒီယိုမှာသုံးတဲ့မီးလုံး (radio valve) ထုတ်တဲ့ စက်ရုံတခုမှာ အလုပ်ဝင်လုပ်တယ်။ သူဟာ စက်ရုံမှာ နေ့ရောညပါ အလုပ်ကြိုးစားလုပ်လွန်းလို့ အစားမမှန်၊ အအိပ်မမှန်တာကြောင့် နေမကောင်းဖြစ်ပြီး အိပ်ယာထဲ ဘုန်းဘုန်းလဲသွားတယ်။ ဆေးရုံတက်ရတယ်။ ဆေးစစ်လိုက်တော့ သူ့မှာ တီဘီရောဂါ ရှိနေတယ်တဲ့။ တီဘီရောဂါကြောင့် သူဟာ ဂျပန်စစ်တပ်မှာ အမှုထမ်းခွင့်မရတော့ဘူး။ အဲဒီခေတ်က ဂျပန်မှာ စစ်မှုမထမ်းတဲ့ အမျိုးသားတွေဟာ ဂျပန်လူမျိုးတွေရဲ့ ကဲ့ရဲ့ရှုတ်ချမှုကို ခံကြရတယ်။ ဒါကြောင့်လဲ တာဒါအိုဟာ နှစ်ပေါင်းအတော်ကြာအထိ ရှေ့ကလမ်းလျှောက်လာတဲ့ ဂျပန်စစ်သားတယောက်ကို မျက်နှာချင်းဆိုင်မကြည့်ရဲပဲ အမြဲမျက်နှာလွဲသွားတတ်တယ်။

သူဟာ စစ်တပ်ထဲ မဝင်ရလို့ စိတ်ပျက်သွားပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးအတွက် ပြင်ဆင်နေတဲ့ ဂျပန်နိုင်ငံကို တဖက်တလမ်းက ကူညီဖို့ လမ်းစရှာတယ်။ အမြောက်ကျည်ဆံထုတ်တဲ့ စက်ရုံတခုမှာ ဝင်လုပ်တယ်။ မကြာခင်မှာပဲ အလုပ်က ထွက်လိုက်တယ်။ ထွက်ရတဲ့အကြောင်းက အထက်က ညွှန်ကြားချက်အတိုင်း လုပ်နေရတာကို စိတ်ပျက်လာလို့ပါ။ နောက်ပြီး စက်ရုံမှာ သူတီထွင်ချင်တာတွေကို လုပ်ခွင့်မရဘူး။ သူ့ စိတ်တိုင်းကျ တီထွင်ချင်တာတွေ လုပ်နိုင်ဖို့ ကိုယ်ပိုင်စက်ရုံတခုကို ထူထောင်ဖို့ စိတ်ကူးလိုက်တယ်။

၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားပြီ။ စစ်အတွင်းမှာ သူတို့ နေတဲ့အိမ်နဲ့ စက်ရုံဟာ အမေရိကန် စစ်လေယဉ်ပျံတွေရဲ့ ဗုံးကြဲချတာ ခံလိုက်ရလို့ လုံးဝပျက်စီးသွားခဲ့တယ်။ စစ်ကြီးပြီးသွားပြီမို့ စစ်လေယဉ်ပျံတွေအတွက် ပစ္စည်းမှာတာတွေ မရှိတော့ဘူး။ ဒီအချိန်မှာ ဒန်နဲ့ပတ်သက်တဲ့ပစ္စည်းမျိုးစုံ ထုတ်လုပ်နိုင်တဲ့ စက်ကြီးတလုံးကို ဈေးအလွန်သက်သာစွာနဲ့ ဝယ်ဖို့ဈေးဆိုင်ထားခဲ့တယ်။ အဲဒီစက်ကြီးနဲ့ဆိုရင် အိမ်တွေမှာ လိုအပ်နေကြတဲ့ ဒန်အိုး၊ ဒယ်ပြား၊ မီးဖို၊ ရေနွေးအိုး၊ ပန်းကန်ပြားစတဲ့ မီးဖိုချောင်သုံး ပစ္စည်းမျိုးစုံကို ထုတ်လုပ်ပေးနိုင်လိမ့်မယ်။ စစ်ပြီးစကာလဆိုတော့ အိမ်တိုင်းမှာ ဒီပစ္စည်းတွေ လိုအပ်နေတာမို့ ဈေးသက်သက်သာသာနဲ့ ရောင်းရင် ပစ္စည်းတွေအများကြီးရောင်းရမယ်လို့ တာဒါအို တွက်မိတယ်။

ဒါပေမဲ့ အဲဒီစက်ကြီးကို ဝယ်ပြီးရင် သယ်ယူဖို့ အခက်အခဲ တွေ့နေတယ်။ စက်ကြီးဟာ သူတို့နေတဲ့ တိုကျိုမြို့ကနေ မိုင် ၂၀၀ ဝေးတဲ့ မြို့လေးမှာ ရှိနေတယ်။ စက်ကြီးဟာ ပေါင်တထောင် (တန်ဝက်နီးပါး) လေးတယ်။ စစ်ပြီးစမို့ ရထား၊ ကားလမ်းတွေပျက်နေလို့ သယ်စရာ ရထား၊ ကားတွေ မရှိဘူး။ စက်ကြီးကို ဘယ်လို သယ်ယူကြမလဲလို့ သူတို့သားအဖတွေ တိုင်ပင်ကြတယ်။ တာဒါအိုရဲ့အဖေ ရှိဂျဲရိုက သူ့အကြံတခုကို ပြောပြတယ်။ အဲဒီအကြံအတိုင်း သူတို့ရပ်ကွက်ထဲက ဘီး ၂ ဘီးတပ် တွန်းလှည်းတစီးကို ငှားလိုက်ပြီး လှည်းရှေ့မှာ စက်ဘီးတစီး တပ်ဆင်လိုက်တယ်။ သားအဖ ၃ ယောက်ဟာ စက်ဘီးကို တယောက်တလှည့်စီ နင်းကြရင်း လှည်းကို အဲဒီမြို့ကို ဆွဲသွားကြတယ်။ မြို့လေးကိုရောက်တော့ စက်ကြီးကို လှည်းပေါ်တင် စက်ဘီးတလှည့်စီနင်းပြီး အိမ်ကို ပြန်ဆွဲယူလာခဲ့ကြတယ်။ လမ်းမှာ သီတင်းအပါတ်ပေါင်းများစွာ ကြာပြီးမှ အိမ်ကို ပြန်ရောက်လာကြတယ်။ ရောက်တာနဲ့ သားအဖတွေ စက်ကြီးကို ညတွင်းချင်းတပ်ဆင်ကြပြီး နောက်တနေ့မှာပဲ မီးဖိုချောင်သုံးဒန်ပစ္စည်းတွေ ထုတ်လုပ်ကြတယ်။ ထုတ်လုပ်တဲ့ ပစ္စည်းတွေဟာ အရမ်းရောင်းရတယ်။

၁၉၄၉ ခုနှစ်မှာ တာဒါအိုဟာ တိုကျိုမြို့လယ် ဂင်ဇာရပ်ကွက်က ဟိုတယ်တခုမှာ ကျင်းပတဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတခုကို သွားတက်တယ်။ ဆွေးနွေးပွဲအပြီးမှာ ပြိုင်ပွဲလေးတခု လုပ်တယ်။ စင်မြင့်ပေါ်မှာ အမေရိကန်လုပ် ဂဏန်းပေါင်းစက် (Calculator) ကိုင်ထားတဲ့ အမေရိကန်စစ်သားတယောက်နဲ့ ပေသီးဂဏန်းတွက်ခုံကို ကိုင်ထားတဲ့ ဂျပန်စာရင်းကိုင်တယောက်တို့ရဲ့ ဂဏန်းပေါင်းအမြန်ပြိုင်ပွဲပါ။ ပြိုင်ပွဲစတာနဲ့ စင်အောက်ကနေ ကြည့်ရှုနေကြတဲ့ ဂျပန်လူမျိုးတွေဟာ သူတို့ဂျပန်လူမျိုး ပေသီးသမားကို အကြီးအကျယ် အော်ဟစ်အားပေးကြပေမဲ့လဲ ပြိုင်ပွဲအဆုံးမှာ အမေရိကန်ဂဏန်းပေါင်းစက်သမားပဲ နိုင်သွားခဲ့ပါတယ်။ တာဒါအိုဟာ ဒီပြိုင်ပွဲကနေ သင်ခန်းစာတခု ရလိုက်တယ်။ အဲဒါက ဘယ်လောက်ပဲ အမျိုးသားရေးစိတ်ဓါတ် ပြင်းပြနေပါစေ၊ ဘယ်လောက်ပဲ သေအောင်ကြိုးစားပါစေ၊ ဂျပန်ဟာ အမေရိကန်ကို စက်မှုနည်းပညာမှာ မယှဉ်နိုင်သေးဘူး ဆိုတာပါပဲ။

အဲဒီမှာ တာဒါအိုရဲ့ စိတ်ထဲမှာ မခံချင်စိတ်ဖြစ်ပေါ်လာပြီး ဂျပန်နိုင်ငံရဲ့ စက်မှုနည်းပညာတိုးတက်အောင် လုပ်ပေးချင်စိတ် တဖွားဖွားပေါ်လာခဲ့တယ်။ နောက်ပြီး ပြိုင်ပွဲမှာ တွေ့လိုက်တဲ့ အမေရိကန်လုပ် ဂဏန်းပေါင်းစက်ရဲ့ အားနဲချက်တွေကိုလဲ သတိပြုမိလိုက်တယ်။ အဲဒါတွေက ဂဏန်းပေါင်းစက်ထဲမှာ တပ်ဆင်ထားတဲ့ ပင်နီယံ၊ ဂီယာတွေကို သတ္တုနဲ့ လုပ်ထားလို့ စက်ဟာ ကြီးမားလေးလံလွန်းနေတယ်။ ပြီးရင် ဂဏန်းစပေါင်းတော့မယ်ဆိုရင် စက်ကို သံပါတ်တင်းလာအောင် လက်ကိုင် handle ကိုလဲ လက်နဲ့လှည့်ပေးရသေးတယ်။ အရမ်းလဲ ဈေးကြီးလို့ လူတိုင်းမဝယ်နိုင်ကြဘူး။ ဒါကြောင့် ဈေးသက်သာပြီး သေးငယ်တဲ့ လျှပ်စစ်ဂဏန်းပေါင်းစက်ကို တီထွင်ဖို့အကြံ သူ့ခေါင်းထဲမှာ ပေါ်လာတယ်။

၁၉၅၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ တာဒါအိုနဲ့ ညီအကိုတွေဟာ သူတို့ ဂဏန်းပေါင်းစက်ကို ကုမ္ပဏီတခုမှာ မိတ်ဆက်စမ်းသပ်ပြဖို့ ဆက်ပိုရိုမြို့ကို လေယာဉ်နဲ့ ထွက်ခွာသွားကြတယ်။ လေဆိပ်ရောက်တော့ လုံခြုံရေးအရာရှိက စက်အတွင်းပိုင်းကို လုံခြုံရေးအရ စစ်ဆေးကြည့်ချင်လို့ စက်ရဲ့အပေါ်ပိုင်းကို ဖြုတ်ခိုင်းတယ်။ သူတို့က အပေါ်ပိုင်းကို ဖြုတ်လိုက်ရင် စက်ပျက်သွားနိုင်တယ်လို့ ရှင်းပြပေမဲ့လဲ အရာရှိက လက်မခံလို့ နောက်ဆုံးမှာ ဖြုတ်ပြီး ဖွင့်ပြပေးလိုက်ရတယ်။ သူတို့ပြသမဲ့ကုမ္ပဏီကို ရောက်သွားတော့ စက်ရဲ့ ဖြုတ်ထားတဲ့အပေါ်ပိုင်းကို ပြန်တပ်ကြတယ်။ တပ်ပြီးတာနဲ့ စက်ကိုစမ်းကြည့်တော့ စက်ဟာ အလုပ်မလုပ်တော့ဘူး။ သူတို့ညီအကိုတွေလဲ အမျိုးမျိုးကြိုးစားပြင်ကြပေမဲ့ စက်ကပြန်ကောင်းမလာတော့လို့ လက်လျှော့လိုက်ကြပြီး သူတို့ ထွင်ထားတဲ့ လျှပ်စစ်ဂဏန်းပေါင်းစက်အကြောင်း ရိုက်ထားတဲ့ ဓါတ်ပုံတွေကိုပဲ ပိတ်ကားပေါ်မှာ ဆလိုက်ထိုးပြပြီး ရှင်းပြပြီး ပြန်လာခဲ့ကြရတယ်။

သူတို့အိမ်ကို ပြန်ရောက်လာပြီး ရက်အနဲငယ်အကြာမှာ Uchida Co., Ltd က လူတယောက်က တာဒါအိုဆီကို ဖုန်းဆက်လာတယ်။ Uchida ကုမ္ပဏီကို လာပြီး လျှပ်စစ်ဂဏန်းပေါင်းစက်ကို စမ်းသပ်ပြပေးဖို့ ဖိတ်ကြားတာပါ။ Uchida ရဲ့ ကိုယ်စားလှယ်တယောက်က သူတို့စက်အကြောင်းကို ဆက်ပိုရိုမြို့မှာ ဆလိုက်ထိုးရှင်းပြခဲ့စဉ်က တွေ့မြင်ခဲ့ဲဲပြီးကတဲက စိတ်ဝင်စားနေခဲ့တာပါ။ တာဒါအိုတို့သွားရောက် စမ်းသပ်ပြကြတယ်။ Uchida ကုမ္ပဏီက သဘောကျလို့ လျှပ်စစ်ဂဏန်းပေါင်းစက်တွေထုတ်လုပ်ပြီး ပစ္စည်းသွင်းဖို့ တာဒါအိုတို့ရဲ့ Casio Computer ကုမ္ပဏီနဲ့ စာချုပ်လိုက်ပါတယ်။

၁၉၅၇ ခုနှစ် ဇွန်လမှာ Casio 14-A Calculator တွေ စထုတ်လိုက်တယ်။ 14-A ဟာ ပြိုင်ပွဲမှာ တွေ့ခဲ့တဲ့ အမေရိကန်ဂဏန်းပေါင်းစက်ထက် အများကြီး သေးငယ်ပေမဲ့ ယနေ့မြင်တွေ့နေရတဲ့ Calculator တွေထက်တော့ အတော်ကို ကြီးနေပါသေးတယ်။ Casio ကုမ္ပဏီက စက်တလုံးကို ယန်း ၅ သိန်းနီးပါး (အမေရိကန်ဒေါ်လာ ၁၁,၀၀၀ ကျော်နဲ့) ရောင်းပါတယ်။ Casio စက်ဟာ ဈေးအရမ်းကြီးပေမဲ့ နိုင်ငံခြားက လုပ်တဲ့စက်တွေထက် ပိုငယ်ပြီး ပိုမြန်မြန်ဆန်ဆန် တွက်နိုင်လို့ လူကြိုက်များလာတယ်။ နောက်ပြီး ဂျပန်လူမျိုးတွေဟာ သူတို့ပြည်တွင်းဖြစ်ကို အားပေးကြသူတွေ ဖြစ်ကြလို့ Casio Calculator တွေဟာ ထုတ်သလောက် ရောင်းကောင်းနေခဲ့တယ်။ အဲဒီမှာပဲ တာဒါအိုတို့ဟာ သူတို့ရဲ့ Kashio Seisakujo ကုမ္ပဏီကို Casio Computer Co., Ltd လို့ အမည်ပြောင်းပြီး မှတ်ပုံတင်လိုက်ကြတယ်။

Casio က ပြိုင်ဖက်ကို မေ့သွားရတဲ့အကြောင်းက တာဒါအိုတို့ ညီအကိုတွေဟာ ဂေါက်သီးရိုက်ရိုက်ကစားတာကို အရမ်းဝါသနာပါသွားကြပြီး အလုပ်ထဲမှာ စိတ်မဝင်စားကြတော့ပဲ ဂေါက်သီးပဲ တနေကုန်ရိုက်နေကြတယ်။ သူတို့ဟာ ပိုက်ဆံချမ်းသာလာတော့လဲ ကုမ္ပဏီကို ပြန်မကြည့်ကြတော့ပဲ အောက်ကလူတွေနဲ့ပဲ လွဲထားလိုက်တယ်။ Casio ဟာ ပစ္စည်းအသစ်တွေ မတီထွင်နိုင်တော့ဘူး။ ဒီအချိန်မှာ ပြိုင်ဖက်ဖြစ်တဲ့ Sharp Corporation ကုမ္ပဏီဟာ Casio ကသုံးနေတဲ့ လျှပ်စစ်ရီလေး (relay) တွေထက် ပိုပြီးသေးငယ်တဲ့ ထရန်စ္စတာ (transistor) တွေ တပ်ဆင်ထားတဲ့ Calculator တွေ ထုတ်လိုက်တယ်။ အရွယ်ကြီးမားတဲ့ Casio Calculator တွေဟာ ရောင်းအားထိုးကျသွားပြီး လက်ဖဝါးပေါ်တင်ပြီး ခလုတ်နှိပ်တွက်ချက်နိုင်တဲ့ Sharp Calculator တွေဟာ လူကြိုက်အလွန်များတဲ့ ဂဏန်းပေါင်းစက် ဖြစ်လာခဲ့တယ်။ Casio ကုမ္ပဏီရဲ့ ဝင်ငွေဟာလဲ သိသိသာသာထိုးဆင်းကျသွားတယ်။ အလုပ်သမားတွေ တော်တော်များများလဲ အလုပ်ပြုတ်ကုန်ကြတယ်။

အခုမှ Casio ဟာ အိပ်မောကျနေရာက ပြန်လည်နိူးထလာပါတယ်။ သူတို့ စမ်းသပ်ဓါတ်ခွဲခန်းတွေမှာ Calculator အသစ်အဆန်းထွင်ဖို့ အကြီးအကျယ်ကြိုးစားတော့တယ်။ ၁၉၆၅ ခုနှစ် စက်တင်ဘာလမှာ Casio က 001 Desktop Calculator ကို ထွင်လိုက်တယ်။ အဲဒီ Calculator ရဲ့ Sharp calculator ထက် အားသာတာက စက်မှာ မှတ်ဉာဏ် (memory) ပါတယ်။ တွက်ပြီးတာတွေကို memory ထဲ သိမ်းထားလို့ရတယ်။ ဒါကြောင့် Casio Desktop Calculator တွေကို ဂျပန်နိုင်ငံရဲ့ရုံးတိုင်းလိုလိုမှာ သုံးလာကြတယ်။

ဒါပေမဲ့ ဂျပန်ပြည်တွင်းဈေးကွက်မှာ ပစ္စည်းဝယ်လိုအားကျလာပြီမို့ တာဒါအိုဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို Casio Calculator တွေ တင်ပို့တယ်။ သေးငယ်လှပပြီး memory ပါတဲ့ Casio စက်လေးတွေကို အဲဒီနိုင်ငံတွေက လူတွေအရမ်းကြိုက်ကြလို့ အများကြီးတင်ပို့နေရတယ်။ ၁၉၇၀ ခုနှစ်မှာ Casio ဟာ လူထုကို အစုရှယ်ယာတွေကို စတင်ရောင်းချတယ်။ စရောင်းတဲ့ရှယ်ယာတန်ဖိုးဟာ နေ့တွင်းချင်းပဲ ၄ ဆအထိ တက်သွားခဲ့တယ်။ နောက်ပိုင်းမှာ Casioရဲ့ ရှယ်ယာတွေကို နိုင်ငံတကာက ရှယ်ယာဈေးကွက်တွေမှာ ဝယ်ရောင်းလာကြတယ်။

တာဒါအိုဟာ ဂဏန်းပေါင်းစက် Calculator ခေတ်ကုန်တော့မယ်ဆိုတာ ရိပ်စားမိလာတယ်။ ဒါကြောင့် နောက်ထပ်ပစ္စည်းတမျိုးကို တီထွင်ဖို့စိတ်ကူးကြံဆပြန်တယ်။ ဒီတခါတော့ အရင်က Casio Calculator တွေမှာ IC chipလို အီလက်ထရောနစ်ပစ္စည်းတွေသုံးပြီး ပစ္စည်းအရွယ်အစားကို ခြုံ့နိုင်ခဲ့တဲ့ အတွေ့အကြုံကို အခြေခံပြီး နောက်ပစ္စည်းတမျိုး ထုတ်လိုက်ပါတယ်။ အဲဒါက အီလက်ထရောနစ်နာရီပါ။

နှစ်ပေါင်းများစွာကတည်းက အဲဒီအချိန်အထိ ဆွစ်ဇာလန်နိုင်ငံက ထုတ်တဲ့ Rolex နဲ့ Omeaga နာရီတွေနဲ့ ဥရောပနိုင်ငံတွေက လက်ပတ်နာရီတွေဟာ တစ်ကမ္ဘာလုံးမှာ အရမ်းခေတ်စားနေခဲ့တယ်။ အဲဒီနာရီတွေဟာ အချိန်တိကျမှန်ကန်သလို အကြမ်းခံတာကြောင့် လူတွေကြိုက်ကြတာပါ။ ဒါပေမဲ့ နာရီတွေဟာ အရမ်းဈေးကြီးလွန်းလို့ ပိုက်ဆံချမ်းသာသူတွေပဲ ဝယ်ပတ်နိုင်ကြတယ်။ Rolex နဲ့ Omega နာရီတွေကို ဈေးသက်သာတဲ့ အီလက်ထရောနစ်နာရီတွေနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ တာဒါအို ယုံကြည်နေတယ်။ နာရီမှာတပ်ဆင်တဲ့ အီလက်ထရောနစ် ပစ္စည်းလေးတွေဟာ တန်ဖိုးမကြီးလို့ နာရီတွေ အများကြီးထုတ်နိုင်ရင် နာရီဈေးသက်သာမယ်ဆိုတာ သူသိနေတယ်။

ဒါကြောင့် ၁၉၇၀ပြည့်နှစ်နောက်ပိုင်းမှာ Seiko,Casio စတဲ့ အီလက်ထရောနစ်နာရီတွေပေါ်လာခဲ့တယ် နာရီဒီဇိုင်းလှပသလို ဈေးနှုန်းကလည်း ဆွစ်ဇာလန်နဲ့ ဥရောပထုတ်နာရီတွေရဲ့ ၁၀ပုံ၁ပုံလောက်ပဲ ရှိတာကြောင့် တစ်ကမ္ဘာလုံးက အီလက်ထရောနစ်နာရီတွေကိုဝယ်ပတ်လာကြတယ်။ ဆွစ်ဇာလန်နဲ့ ဥရောပထုတ်တဲ့နာရီတွေကို ဝယ်သူနည်းသွားလို့ အဲဒီနာရီထုတ်လုပ်သူတွေရဲ့ဝင်ငွေတွေ ထိုးကျသွားကြတယ်။ တချို့ကုမ္ပဏီတွေလဲ အရှုံးပေါ်စီးပွားပျက်ပြီး စက်ရုံတွေကို ပိတ်လိုက်ကြတယ်။

၁၉၈၀ပြည့်နှစ်ကျတော့ Casio ကုမ္ပဏီဟာ သူတို့ကျွမ်းကျင်တဲ့ အီလက်ထရောနစ်နည်းပညာအပေါ် အခြေခံပြီး ပစ္စည်းအသစ်တွေထပ်ထုတ်ပါတယ်။ အဲဒါတွေကတော့ Casiotone-201 ပထမဆုံးအီလက်ထရောနစ် ကီးဘုတ်တူရိယာ ၊ အိတ်ဆောင် LCD TV လေးတွေ ၊ တယ်လီဖုန်း ၊ ရေဒီယို ၊ Pager နဲ့ Electronic notebook စတဲ့အီလက်ထရောနစ်ပစ္စည်းတွေ ဆက်တိုက်ထုတ်လာခဲ့တယ်။ အဲဒီပစ္စည်းတွေကြောင့် ကမ္ဘာကြီးမှာ လူနေမှုအဆင့်အတန်းတိုးတက်ပြောင်းလဲလာတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ကြပါဘူး။

တာဒါအိုကာရှိယိုဟာ Casio Computer ကုမ္ပဏီကို စတင်ထူထောင်ခဲ့သူ ဖြစ်ရုံမက ကုမ္ပဏီကို ၂၈နှစ်ကြာ ဦးဆောင်ခဲ့ပါတယ်။ ၁၉၈၈ခုနှစ်မှာတော့ သူဟာ Casio ကုမ္ပဏီကနေ အနားယူပြီး သူ့ညီ တိုရှိအိုကို ဦးဆောင်ခိုင်းလိုက်ပါတယ်။ သူကတော့ ကုမ္ပဏီရဲ့ အကြံပေးပုဂ္ဂိုလ်အေနေနဲ့ ဆက်နေသွားပြီး ၁၉၉၃ခုနှစ် မတ်လ၅ရက်နေ့ အသက် ၇၅နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

တာဒါအိုရဲ့ ၁၉၅၇ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Casio Computer Company ဟာ ယနေ့ထိတိုင်ရပ်တည်နေဆဲပါ။ ကမ္ဘာအရပ်ရပ်မှာ ဝန်ထမ်းထောင်ပေါင်းများစွာ နဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို မှန်မှန်ထုတ်လုပ် ရောင်းချနေဆဲပါ။ ရုံးသုံးပစ္စည်းတွေ ဒီဂျစ်တယ်ကင်မရာတွေ ၊ Printer တွေ ၊ Cash machine တွေ ၊ G-Shock လက်ပတ်နာရီတွေကိုလည်း ထုတ်လုပ်နေဆဲပါ။ ကုမ္ပဏီဟာ အီလက်ထရောနစ် ပစ္စည်းတွေကို တစ်နှစ်အမေရိကန်ဒေါ်လာ ၃ဘီလျံဖိုးလောက် ရောင်းချနေရပါတယ်။

ဆရာဗန်းမော်သိန်းဖေရဲ့ “ဆင်းရဲနွံမှ ချမ်းသာဘုံသို့” စာအုပ်မှ

Tags: successfulworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!