Area-51 ဆိုတာ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ Area-51 ဟာ အမေရိကန်ပြည် Las Vegas မြို့ရဲ့ အနောက်မြောက် ၈၃မိုင် အကွာက Nevada သဲကန္တာရထဲမှာရှိပြီး အစိုးရ၏ ထိန်းချုပ်မှု အောက်ကနေ လျှို့ဝှက်သုသေသနလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ နေရာဖြစ်ပါတယ်။ အမေရိကန်ရဲ့ အလျှို့ဝှက်ဆုံး၊ လုံခြုံမှုအရှိဆုံး နေရာဆိုရင်လည်း မမှားပါဘူး။
ဒီနေရာမှာ ဘာတွေရှိတယ် ဘာတွေလုပ်နေတယ် ဆိုတာကတော့ ထိပ်တန်းအရာရှိ ၂၀-လောက်က လွဲရင်ဘယ်သူမှ သေချာ မသိကြပါဘူး။ အမေရိကန်သမ္မတတွေကိုယ်တိုင် ဒီနေရာအကြောင်းကို အပေါ်ယံလောက်ပဲ သိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်လည်း ဒီနေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀)ကျော် ကတည်းက လူစိတ်ဝင်စားမှု အများဆုံးခံရတဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီနေရာဟာ ၁၉၅၅-ခုနှစ်တုန်းက United States Air Force ရဲ့နေရာ ဖြစ်ခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ Lockheed U-2 aircraft တွေကို စမ်းသပ်ဖို့အတွက် ဖြစ်ပါတယ်။ ဒီနေ့အထိ Area-51 မှာ ဘာတွေလုပ်နေတယ်ဆိုတာကို အမေရိကန်အစိုးရက ချမပြသေးပါဘူး။ စစ်အေးကာလအတွင်းထဲက လျှို့ဝှက်လွန်းတာကြောင့် Dreamland, Groom Lake, Paradise Ranch, Red Square, The Farm, Home Base, Watertown Strip, and Homey Airport စတဲ့နာမည်မျိုးစုံ အပေးခံခဲ့ရပါတယ်။
တစ်ချို့ကတော့ ဒီနေရာမှာ ထူးဆန်းတဲ့ လက်နက်တွေနဲ့ ယာဉ်တွေကို စမ်းသပ်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ မဖြစ်နိုင်ပါဘူးလို့ ဆိုလို့မရပါဘူး။ ကမ္ဘာမှာတွေ့ရတဲ့ UFO တွေဟာ Area-51 က လျှို့ဝှက်စမ်းသပ်ထားတဲ့ ယာဉ်တွေဖြစ်တယ်လို့ အရင်နှစ်တွေက သတင်းတွေ ထွက်လာဖူးပါတယ်။
Area-51 ဟာ တောင်တစ်လုံးကို ဖောက်ပြီး စခန်းအဖြစ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီအဆောက်အအုံမှာ အထပ် ၆-ထပ်ရှိပြီး ပထမထပ်ကိုသာ သာမန်ဝန်ထမ်း ဝင်ခွင့်ရှိပါတယ်။ ကျန်အထပ်တွေကိုတော့ Alien မှလွဲ၍ လုံးဝမဝင်ရ ဆိုတဲ့စာတမ်းကို တရားဝင်ကပ်ထားတပ်လို့ ဆိုပါတယ်။ စဉ်းစားစရာပါ။ ဒီနေရာကို လုံခြုံရေး မြင့်မားစွာ ချထားတဲ့အတွက် ဂြိုလ်သားတွေ၊ UFO(Unidentified Flying Object) တွေနဲ့ ဆက်စပ်နေလိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။
လူတွေ တော်တော်များများကတော့ ဒီနေရာမှာ ဂြိုလ်သားတွေ ရှိပြီး ဂြိုလ်သားတွေဆီကနေ ခေတ်လွန် နည်းပညာတွေကို သင်ယူနေတယ်လို့ ဆိုကြပါတယ်။ လမ်းမှားရောက်သွားတဲ့ လေယာဉ်မှူး နှစ်ယောက်ကလည်း ဒီနေရာမှာ ပန်းကန်ပြားပျံတွေ ဆင်းသက်နေတာကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ၁၉၈၉-ခုနှစ်က Area-51 ရဲ့ Sector-4 မှာ အလုပ်လုပ်ခဲ့သူ Bob Lazar ကတော့ သူဟာဂြိုလ်သားယာဉ်ပျံတွေနဲ့ အလုပ်လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။
နောက် Area-51 ရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့သူ Dan Durish ကလည်း သူဟာ J-Rod လို့ခေါ်တဲ့ ဂြိုလ်သားနှင့် ကပ်လျက် အလုပ်လုပ်ခဲ့ရတယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။ အဲဒီလျို့ဝှက်နေရာမှာရှိတဲ့သူအများစုကတော့ သိပ္ပံပညာရှင်တွေ ၊ အကာသအင်ဂျင်နီယာတွေ ၊ လေယာဉ်မှူးတွေ ၊ စစ်ရေးနယ်ပယ်က ခေါင်းဆောင်တချို့ နဲ့ နာဆာအရာရှိတချို့ဖြစ်ပါတယ်။ ဘယ်သူတွေလဲဆိုတာကတော့ သူတို့ကိုယ်တိုင်နဲ့ လူအနည်းငယ်ကလွဲလို့ ဘယ်သူမှ မသိပါဘူးတဲ့။
၂၁-ရာစု နောက်ပိုင်းမှာ “UFO” သတင်းတွေဟာ ခဏခဏ ကြားနေရပါပြီ။ “Area-51” ဟာ ဂြိုလ်သားတွေနဲ့ ပါတ်သတ် မသတ် အတိအကျ ပြောလို့မရပေမဲ့ အဆန်းပြားဆုံး လက်နက်တွေ၊ ယာဉ်ပျံတွေနဲ့ နည်းပညာတွေဟာ ဒီနေရာကနေ ထွက်ရှိလာတာကတော့ အမှန်ပဲဖြစ်ပါတယ်။ နောက်တစ်ချိန် ဒီနေရာက ဘယ်လိုဆန်းပြားတဲ့ နည်းပညာတွေ ထပ်မံထွက်ရှိ လာဦးမလဲဆိုတာကို စောင့်ကြည့်နေရဦးမှာပဲဖြစ်ပါတယ်။