ရေးသားသူ – Moshe Dayan
– K ငြိမ်းချမ်း(Irrawaddy Buremse)
၁၉၅၇ ခုနှစ် ဆောင်းဦးရာသီ ကုန်ခါနီးကာလ
အီဆာဟာရယ်သည် စာတမ်းတစ်စောင်ကို တစ်ညလုံး ထိုင်ဖတ်နေသည်။ အလွန်ထူထဲလှသော စာတမ်းကြီးသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးစကပင် သူစုဆောင်း ရှာဖွေထားသော စာတမ်းဖြစ်သည်။ ဗြိတိသျှတို့ မမြင်အောင် သူအထူးဂရုစိုက် သိမ်းဆည်းခဲ့သော စာတမ်းပင်။
စာတမ်းပါ အကြောင်းအရာသည်ကား…
အဒေါ့ဖ် အိုက်ခမန်း (Adolf Eichmann)
အိုက်ခမန်း ကျူးလွန်ခဲ့သော ပြစ်မှုများသည် များပြားကြီးကျယ်လွန်းသဖြင့် အော်ဂလီဆန် အော့နှလုံးနာစရာ ကောင်းလှပေရာ အီဆာသည် စာတမ်းကြီးကို ချထားလိုက်၊ ပြန်ဖတ်လိုက် လုပ်နေရသည်။ ၁၉၃၄ ခုနှစ်တွင် နာဇီတို့၏ (S.S)ထောက်လှမ်းရေးအဖွဲ့ ဂျူးဌာနခွဲတွင် ဇီယွန်ဝါဒ ကျွမ်းကျင်သူအဖြစ် အိုက်ခမန်းကို ခန့်ထားခဲ့သည်။ ထိုစဉ်က နာဇီတို့ ရေဆွဲအကောင်အထည်ဖော်ခဲ့သည့် “ဂျူးပြဿနာကို နောက်ဆုံး ဖြေရှင်းနည်း”ဟူသော စီမံကိန်းတွင် အိုက်ခမန်းသည် အဓိကနေရာက ပါဝင်ခဲ့သည်။
အိုက်ခမန်းသည် ဂျူးများကို အတင်းအကြပ် နယ်ပြောင်းစေသော ဝါဒကို စတင်ခဲ့သူ ဖြစ်သည်။ ဥရောပရှိ ဂျူးများကို ချုပ်ကိုင်၍ လွယ်သော အစုများအဖြစ်သို့ ရောက်သွားစေရန် ကြံစည်ခဲ့သည်။ ထို့နောက် ထိုဂျူးပြဿနာကို ဖြေရှင်းရန် အဖွဲ့အစည်းသပ်သပ် တစ်ခု ဖွဲ့စည်းပေးရန် သူအကြံပြုခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အိုက်ခမန်းသည် ဝါဒရေးဆွဲသူ မဟုတ်ဘဲ ဌာနတစ်ခုကိုသာ အုပ်ချုပ်ခဲ့ရသူ ဖြစ်သည်။ သို့သော် သူသည် အမိန့်များကို သတ်ချင်ဖြတ်ချင်၍ စိတ်အားထက်သန်သော ကျွမ်းကျင်မှုတို့ဖြင့် ဆောက်ရွက်ခဲ့သည်သာ ဖြစ်သည်။
အိုက်ခမန်းသည် သူလုပ်ကိုင်ရသည့် လုပ်ငန်းများ ချောမောပြေပြစ်ခြင်းကို အလွန်ဂုဏ်ယူတတ်သူ ဖြစ်သည်။ ဂျူးသန်းပေါင်းများစွာကို သုတ်သင်ပစ်ခဲ့သည့် စီမံကိန်းတွင် သူ မည်သို့ပါဝင်ခဲ့ပုံ အိုက်ခမန်းက ဝင့်ဝါစွာ ပြောကြားခဲ့ကြောင်း နူရင်ဘတ် စစ်ခုံရုံး၌ သက်သေများက ထွက်ဆိုကြသည်။ အော့ရှဝဒ်(ဇ်) အကျဉ်းစခန်းကြီးကို ချဲ့ထွင်ပြီး ဂျူးများ အစုလိုက်အပြုံလိုက် သုတ်သင်ချေမှုန်းရာ ဌာနကြီးဖြစ်လာအောင် အိုက်ခမန်းကပင် စီစဉ်ခဲ့လေသည်။ အော့ရှဝဒ်(ဇ်) ငရဲခန်းကြီးတွင် ဂျူး(၂)သန်းခန့် အသက်ဆုံးရှုံးခဲ့ရသည်။
၁၉၄၄ ခုနှစ် မတ်လတွင် “နောက်ဆုံး ဖြေရှင်းခြင်း” စီမံကိန်းအတွက် အိုက်ခမန်းကို တာဝန်ယူကြီးကြပ်စေခဲ့လေရာ ဟန်ဂေရီနိုင်ငံ၌ အိုက်ခမန်း ပြုလုပ်ခဲ့သော လုပ်ရပ်များသည် သွေးအေးအေးနှင့် အလွန်ပင် ရက်စက်ကြမ်းကြုတ်သော သဘောသဘာဝကို ဖော်ပြကြလေသည်။ အိုက်ခမန်းသည် ဟန်ဂေရီကို ဒေသ(၆)ခု ခွဲခြမ်းလိုက်ပြီး ဟန်ဂေရီတွင် နေထိုင်သော ဂျူးလူမျိုး(၆)သိန်းခွဲကို ပိုက်စိတ်တိုက် ရှာဖွေ ဖမ်းဆီးခဲ့သည်။
လုပ်ငန်းစပြီး (၄)လကြာသော ကာလဖြစ်သည့် ဇူလိုင်လတွင် ဂျူး(၄၃၇,ဝဝဝ)တို့သည် အော့ရှဝဒ် အကျဉ်းစခန်းသို့ ရောက်ခဲ့ရလေသည်။ ထို့နောက်ပိုင်း ဂျာမဏီနိုင်ငံ စစ်ရေးကျဆင်းချိန်၌ ဂျူးတို့၏ အသက်ကို လိုအပ်သော စက်လက်နက်ပစ္စည်းများနှင့် လဲလှယ်ရန် ကမ်းလှမ်းမှုတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ထိုကမ်းလှမ်းချက်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နေချိန်ဝယ် အိုက်ခမန်းသည် ဂျူးလူမျိးများ နယ်နှင်ခန်းကို မရပ်ဘဲ ဆက်လက် ဆောက်ရွက်ခဲ့သည်။
စစ်ကြီးပြီးသည့်နောက် နာဇီထိပ်သီးခေါင်းဆောင် အတော်များများကို ဖမ်းဆီးရမိပြီး နူရင်းဘတ် စစ်ခုံရုံးတွင် စစ်ဆေးတရားစွဲဆိုခဲ့လေသည်။ အချို့မှာ ဥပဒေကို မိမိလက်တွင်းသို့ ယူဆောင်လိုသူများ၏ ကလဲ့စားချေမှုများကြောင့် ဇီဝိန်ကြွေကြရလေသည်။ စစ်ကြီး မပြီးမီ ကာလမှာပင် ဗြိတိသျှ တပ်မတော် လက်အောက်ရှိ ဂျူးတပ်ဖွဲ့မှ တပ်သားအချို့သည် နာဇီတို့ကို လိုက်လံရှာဖွေ၍ ကလဲ့စားချေရန် စုစည်းမိကြသည်။ ထိုဂျူးအဖွဲ့ကို ဟီဘရူးဘာသာဖြင့် “ဟာနော့ကင်”ဟု ခေါ်ပြီး “ကလဲစားချေသူများ”ဟု အဓိပ္ပါယ်ရသည်။
အကျဉ်စခန်းများမှ သေရွာပြန် အကျဉ်းသားတို့၏ ထွက်ဆိုချက်များကို အခြေခံပြီး ဥရောပတိုက် နေရာအနှံ့ ထောက်လှမ်းရေးသများနှင့် သတင်းပေးသူများထံမှ သတင်းများကို ထောက်လှမ်းရယူခဲ့သည်။
“ဟာနော့ကင်”ကို မဟာမိတ်တပ်များထဲမှ ပြင်သစ်၊ အင်္ဂလိပ်၊ အမေရိကန်နှင့် အခြားစစ်ဘက်အရာရှိများနှင့် စစ်သားများကလည်း ကူညီကြသည်။ ထို့ကြောင့်ပင် သူတို့သည် နာဇီစစ်ပုလိပ် အဖွဲ့ဝင်များနှင့် အထူးသဖြင့် အကျဉ်းစခန်းအုပ်ချုပ်သူ (S.S)အရာရှိ ရာပေါင်းများစွာကို တွေ့ရှိပြီး ဖမ်းဆီးနိုင်ခဲ့လေသည်။ ပထမပိုင်း၌ သူတို့သည် ဖမ်းဆီးရမိသော နာဇီတို့ကို မဟာမိတ် စစ်ဘက်အာဏာပိုင်တို့ထံ လွှဲပြောင်းပေးခဲ့သည်။ သို့သော် စစ်ပြီးခါနီးကာလ ဗရုတ်ဗရက် အချိန်တွင် လွတ်မြောက်ထွက်ပြေးသွားကြသည်။ တခါတရံ မဟာမိတ်တို့က လွှတ်ပေးလိုက်ကြလေသည်။
၁၉၄၄ ခုနှစ်လောက်က ဖြစ်သည်။ ဟန်ဂေရီ၌ နာဇီအရာရှိကြီး (၂)ဦးကို ဖမ်းဆီးမိပြီး ရုရှားတပ်များထံ ပေးအပ်ခဲ့သည်။ ရုရှားစစ်ဗိုလ်က အကျဉ်းစခန်းထဲမှ အကျဉ်းသားများ၏ တစ်ဘက်သတ် စကားများကို ယုံကြည်ပြီး ထို(၂)ယောက်ကို အပြစ်မပေးနိုင်။ ခိုင်လုံသော အထောက်အထား ပြပါဟုဆို၍ လွှတ်လိုက်သည်။ နာဇီ(၂)ယောက်သည် ရယ်မော၍ ထွက်လာကြလေသည်။ သို့သော်လည်း သိပ်ဝေးဝေး မလျှောက်နိုင်ကြပါ။ သူတို့ကို ဖမ်းဆီးပေးသော “ဟာနော့ကင်”တပ်ဖွဲ့ဝင်များ၏ ဆပ်မရှင်းဂန်း ကျည်ဆံများအောက်တွင် ဇီဝိန်ကြွေခဲ့ရလေသည်။
ထိုအချိန်မှ စ၍ “ဟာနော့ကင်”တပ်ဖွဲ့ဝင်များသည် နာဇီမှန်သမျှ ဖမ်းမိလျှင် သုတ်သင်ပစ်ရမည်ဟူသော ဝါဒကို ကျင့်သုံးကြလေသည်။
နာဇီတစ်ယောက်ကို အိမ်တစ်အိမ်တွင် တွေ့ပြီ ဆိုပါစို။ ထိုသူ၏ အိမ်သို့ အင်္ဂလိပ်စစ်သား တချို့ ရောက်လာပြီး သူ့ကို ယဉ်ယဉ်ကျေးကျေး စုံစမ်းမေးမြန်းစရာများ မေးမြန်းကြပေမည်။ ထို့နောက် သူ့ကို အနီးအနား လယ်ကွင်း သို့မဟုတ် သစ်တောထဲ ခေါ်သွားပြီး သူကျူးလွန်ခဲ့သည့် ပြစ်မှုနှင့် စီရင်ချက်တို့ကို ဖတ်ပြ၍ ဖြောင်ပစ်ကြသည်သာ ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ်ကြီးပြီးစ တစ်နှစ်တာ ကလအတွင်းတွင် ဤနည်းဖြင့် အသတ်ခံရသော နာဇီ(၁ဝဝဝ)ကျော်၏ အလောင်းများ တွေ့ရှိရလေသည်။ သို့သော် အိုက်ခမန်းသည် နူရင်းဘတ် စစ်ခုံရုံးကို ကွင်းရှောင်ခဲ့သည်။ “ဟာနော့ကင်” လက်မရွံ့အဖွဲ့သားတို့၏ သုတ်သင်ခြင်းကိုလည်း ရှောင်တိမ်းသွားခဲ့သည်။ အိုက်ခမန်းသည် ပါးနပ်သူတစ်ဦး ဖြစ်ပြီး ရဲလုပ်ငန်းနှင့် ထောက်လှမ်းရေးက ပြဿနာများကို နားလည်ထားသူ ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ပိပိရိရိ ခြေရာဖျောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ခြေရာဖျောက်နိုင်သည့် ကာလမှာ ၁၉၅၇ ခုနှစ် နွေဦးရာသီ အထိသာ ဖြစ်သည်။ အီဆာဟာရယ်သသည် ဂျာမဏီနိုင်ငံ ဟက်စ်ပြည်နယ်မှ ပြည်သူအကျိုးဆောင် ဒေါက်တာ ဖရစ်ဗောဝါးထံမှ ယုံကြည်ရသော သတင်းတစ်ခု ရှိ၏။ ထိုသတင်းသည်ကား…
“အိုက်ခမန်း အာဂျင်တီးနား နိုင်ငံတွင် အသက်ရှင်နေဆဲ ဖြစ်သည်”
ထို့ကြောင့် အီဆာသည် တစ်ညလုံး ထိုင်ပြီး အိုက်ခမန်း စာတမ်းကြီးကို လေ့လာနေခြင်း ဖြစ်သည်။ အနက်မိုးလင်းလာသောအခါ အိုက်ခမန်းကို တရားဥပဒေအရ အရေးယူရမည်ဟု ဆီဆာ နားလည်သဘောပေါက်ခဲ့လေသည်။ သူဖမ်းဆီးရမည့် ပုဂ္ဂိုလ်မှာ နှယ်နှယ်ရရ မဟုတ်။ အိုက်ခမန်းဆိုတဲ့ နာမည်တစ်ခုဖြင့် ထင်ပေါ်နေသော စစ်ရာဝတ်ကောင်ကြီးတစ်ဦး ဖြစ်သည်။ ထို့ပြင် အာဂျင်တီးနားရှိ အိုက်ခမန်း၏ မိတ်ဆွေအပေါင်းအသင်းတို့မှာ အစိုးရအဖွဲ့ဝင်များလည်း ပါသည်။ အစိုးရမဟုတ်သော ပုဂ္ဂိုလ်ကြီးများလည်း ပါသည်။ ထိုလူကို ဖမ်းဆီးရမည့် တာဝန်သည် သူ့အတွက် အလွန်ခက်ခဲသော တာဝန်တစ်ရပ် ဖြစ်သည်။
နောက်ပြဿနာ တစ်ခုမှာ အာဂျင်တီးနားတွင် ဖမ်းမိပါက အိုက်ခမန်းကို ဘာလုပ်မည်နည်းဟူသော ကိစ္စဖြစ်သည်။ “ဟာနော့ကင်”အဖွဲ့၏ ကလဲ့စားချေသည့်နည်းကို သုံးလျက် ဖြောင်ပစ်ခြင်းသည် လွယ်ကူပါသည်။ သို့သော် အီဆာသည် အိုက်ခမန်းကို သတ်မည်မဟုတ်။ သူသည် အိုက်ခမန်းကို အစ္စရေးနိုင်ငံသို့ ခေါ်ဆောင်လာပြီး သူသုတ်သင်ရန် ကြိုးပမ်းခဲ့သော ဂျူးလူမျိုးတို့၏ မျက်မှောက်ဝယ် ခုံရုံးတင်မည် ဖြစ်သည်။
သူ၏ အစီစဉ်သည် ပို၍ ခက်ခဲသော်လည်း အခြားနည်းလမ်း မရှိပါ။ ပထမ အီဆာကြီး နာမည်ပျက်သွားရသည့်ကိန်းကို သိရှိထားသော ဒုတိယ အီဆာလေးသည် ထိုကိစ္စကို တရားဥပဒေဘောင် ဝင်နိုင်သမျှ ဝင်စေချင်သည်။ အိုက်ခမန်းလို အရေးပါသော စစ်ရာဇဝတ်ကောင် တစ်ဦးကို စစ်ခုံရုံး အမြန်ဖွဲ့၊ အမြန် စီရင်ချက်ချပြီး ကွင်းပြင်ထဲ ပစ်သတ်တာမျိုး လုပ်၍မရပါ။ ဤလုပ်ငန်းသည် အလွန်စိတ်ဓာတ်ကျစရာကောင်းသော လုပ်ငန်းဖြစ်ပြီး အောင်မြင်တာ မအောင်မြင်တာ ဘေးချိတ်၊ နောက်ဆက်တွဲ ကွင်းဆက်အကျိုးတရားများမှာ များပြားလှပေသည်။
အီဆာသည် ထိုပြဿနာကို အပြန်အလှန် သုံးသပ်လေ့လာပြီး နောက်ဆုံး ဝန်ကြီးချုပ်နှင့် တွေ့ဆုံအကြံဉာဏ် တောင်းပါက အလားအလာကောင်းနိုင်မည်ဟု သူယူဆမိသည်။ ဘင်ဂူရီယန်နှင့် အီဆာတို့သည် ထိပ်တန်း လျှို့ဝှက်ကိစ္စများကို တယ်လီဖုန်းဖြင့် မပြောဘဲ နှစ်ကိုယ်ကြား ဆွေးနွေးစမြဲ ဖြစ်လေသည်။ အီဆာနှင့် ဘင်ဂူရီယန်တို့ ဆွေးနွေးပွဲမှာ အလွန်တိုတောင်းလှသည်။ အီဆာက ဘင်ဂူရီယန်၏ ရုံးခန်းထဲသို့ ဝင်လာပြီး အိုက်ခမန်း ရောက်ရှိနေသည့် နေရာကို တွေ့ထားပြီဖြစ်ကြောင်း ပြောလိုက်သည်။
“သူ့ကို အစ္စရေးနိုင်ငံကို ပြန်ခေါ်လာဖို့ ဝန်ကြီးချုပ်ရဲ့ သဘောတူညီချက် ကျွန်တော် လိုချင်ပါတယ်”
“လုပ်ပါ၊ လုပ်စမ်းပါဗျာ”
ထိုအချိန်မှ စ၍ အိုက်ခမန်းကို ဖမ်းဆီးခေါ်ဆောင်ရန် ကိစ္စသည် အီဆာဟာရယ်အဖို့ နံပါတ်တစ် အရေးကြီးသော ပြဿနာ ဖြစ်လာသည်။
အိုက်ခမန်းသတင်း အနံ့ စတင်ရလာပုံမှာ…
အာဂျင်တီးနား မြို့တော် ဗွေနိုးဇာရီတွင် နေထိုင်သော မျက်မမြင် ဂျူးတစ်ယောက် ရှိသည်။ ထိုဂျူး၏ သမီးပျိုကို နီကိုးလတ်စ် အိုက်ခမန်းဆိုသူ လူငယ်တစ်ယောက်က ပိုးပန်းနေသည်။ ဤလူငယ်၏ အမည်မှာ အိုက်ခမန်းနှင့် သူ၏ ဇနီးတို့ ဂျာမဏီတွင် မွေးဖွားခဲ့သော သားတစ်ယောက်၏ အမည်ဖြစ်သည်။ သတင်းပေးသူကလည်း အိုက်ခမန်း မိသားစု နေထိုင်သော လိပ်စာကိုပင် ပေးခဲ့သည်။
ဗွေနိုးဇာရီမြို့ အိုလီဗိုရပ်ကွက်၊ ချာတာဗူကိုလမ်း၊ အိမ်အမှတ်(၄၂၆၁)
၁၉၅၈ ခုနှစ်ဦးလောက်တွင် သူလျှိုတစ်ဦးကို လွှတ်ပြီး ထိုအိမ်ကို စောင့်ကြည့်ခိုင်းထားသည်။ သို့သော် အခြေအနေ သိပ်မဟန်ခဲ့ပါ။ ပါးနပ်သော အိုက်ခမန်းသည် သူ့ကို ရှဲဒိုးလုပ်နေကြသည်ကို သိရှိလာသည်။ မည်သို့ပင်ဖြစ်စေ အိုက်ခမန်းတို့ မိသားစု ထိုအိမ်လိပ်စာတွင် မရှိတော့ပါ။ အိုက်ခမန်းကို တွေ့ရှိရန် လမ်းစ ပျောက်သွားပြန်သည်။ ထိုနှစ် မတ်လတွင် အီဆာသည် ဗွေနိုးဇာရီမြို့သို့ အတွေ့အကြုံ ရင့်သန်သော အယ်ရုံ အမည်ရှိ အရာရှိတစ်ဦးကို စေလွှတ်လိုက်သည်။ သူကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ပြီးသူ ဖြစ်သည်။
အယ်ရုံသည် အမှန်စင်စစ် မော့ဆက်အဖွဲ့ဝင် မဟုတ်၊ ရဲအရှိတစ်ဦး ဖြစ်သည်။ ပိုလန်တွင် မွေးဖွားပြီး ဂျာမဏီတွင် ကြီးပြင်းသူ ဖြစ်သည်။ သူသည် ဗြိတိသျှ ရဲတပ်ဖွဲ့တွင် အမှုထမ်းခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် အစ္စရေး ရဲတပ်ဖွဲ့အရာရှိတစ်ဦး ဖြစ်လာသည်။ အီဆာသည် အယ်ရုံကို ရွေးရခြင်းမှာ အယ်ရုံ၏ အမှုထမ်းကောင်း မှတ်တမ်းကြောင့် ဖြစ်သည်။ ထို့ပြင် သူသည် ဂျာမန်တစ်ယောက်အနေနှင့် လွယ်ကူစွာ လှုပ်ရှားနိုင်ပေသည်။ အယ်ရုံ၏ မိသားစု အားလုံးလိုလိုသည် နာဇီအကျဉ်းစခန်းများတွင် သေဆုံးခဲ့ကြသည်။
ဗွေနိုးဇာရီမြို့သို့ ခြေချပြီးသည်နှင့် အယ်ရုံသည် မျက်စိမမြင်သော ရှေ့နေကြီး လိုသာဟာမန်းကို သွားတွေ့သည်။ ရှေ့နေကြီး၏ သမီးသည် အိုက်ခမန်း၏ သားဆိုသူနှင့် တွဲခုတ်နေသူ ဖြစ်သည်။ ထိုလူငယ်က ဂျာမဏီနိုင်ငံ၏ စစ်ရေးစစ်ရာတွင် သူ့ဖခင် မည်မျှအရေးကြီးသော နေရာ၌ ပါဝင်နေကြောင်း ကြွားလုံးထုတ်ခဲ့ရာ ရှေ့နေကြီးအား သံသယဖြစ်စေခဲ့သည်ဟု ဆိုသည်။ အိုက်ခမန်းဟု သူတို့ ထင်မှတ်နေသော လူအကြောင်း စုံစမ်းထောက်လှမ်းမှုများကို နူးညံ့သိမ်မွေ့စွာ ခပ်ဖြေးဖြေး ဆောက်ရွက်နေကြလေသည်။ ထောက်လှမ်းသူများ သတိအထားဆုံး အချက်မှာ သူတို့လိုက်နေသော လူ၏ ဇစ်မြစ်အမှန်ကို အမှန်းအတိုင်း ဖော်ထုတ်ရန် ဖြစ်သည်။ ပိုဆိုးနိုင်သည့်အချက်မှာ အိုက်ခမန်း အစစ်ကို လွတ်သွားရသည်ထက် လူမှား၍ ဖမ်းမိခြင်းပင် ဖြစ်သည်။
ရှဲဒိုးလုပ်နေသူများထံမှ အိုက်ခမန်း၏ ဇစ်မြစ်ကို ဖော်ထုတ်ရာ၌ ချိန်ထိုးရန် အချက်အလက် စုံလင်စွာ ရှိကြသည်။ သူ၏ ကိုယ်လုံးကိုယ်ထည် အနေအထား၊ သူ၏ သေးငယ်စူးဝါးသော အသံ၊ သူ၏ လက်ထပ်ပွဲ နှစ်ပတ်လည် ရက်စွဲ။ အိုက်ခမန်းသည် သူလက်လှမ်းမီသမျှသော သူ၏ ဓာတ်ပုံများကို ဂရုတစိုက် ဖျောက်ဖျက်ခဲ့သည်။ ထို့ကြောင့် သူ့နောက်လိုက်နေသူများအဖို့ စစ်မဖြစ်ခင်က သူရိုက်ခဲ့သော ဓာတ်ပုံ မှုန်ဝါးဝါးသာ ရယူနိုင်ခဲ့သည်။ သတင်းအစအနတွေ ပျောက်သွားပြန်သည်။
မော့ဆက်အတွက် ခေါင်းရှုပ်ရသည့် အချက်တစ်ခု ပေါ်လာပြန်သည်။ အိုက်ခမန်းသည် ကူဝိတ်နိုင်ငံတွင် ရေနံသူဌေးကြီးတစ်ဦး ဖြစ်နေပြီဟူသော သတင်းများကြောင့် အခြအနေ ပိုရှုပ်လာလေရာ မော့ဆက်အဖွဲ့ ခေါင်းခဲရလေသည်။ မော့ဆက်အဖွဲ့ထဲရှိ ကြီးကြီးပိုင်းများက ဤကိစ္စကြောင့် မော့ဆက်၏ ဘတ်ဂျက်ငွေများ ကုန်လှပြီဟု ဆိုကြသည်။ ဘတ်ဂျက်ငွေ နည်းလှသော မော့ဆက်အဖို့ အိုက်ခမန်း ဖမ်းမိရေးကိုလည်း ကြိုးပမ်းရ၊ ဆီးရီးယား အီဂျစ်နှင့် အခြားအာရပ်နိုင်ငံများရှိ စစ်ရေး နိုင်ငံရေး သတင်းများကိုလည်း ထောက်လှမ်းနေရပေသည်။ အိုက်ခမန်း ရှာပုံတော်ကို ဆက်လက် လုပ်ခဲ့ကြပါသည်။ အီဆာသည် ဤကိစ္စကို အပြီးအထိ ဆောင်ရွက်ရန် ဆုံးဖြတ်ပြီး ဖြစ်သည်။
၁၉၅၉ ခုနှစ် ဒီဇင်ဘာလတွင် မော့ဆက်အဖွဲ့ဝင်အချို့က အိုက်ခမန်းသည် “ရီကာဒိုကလင်းမင့်”အမည်ဖြင့် နေထိုင်ကြောင်း တွေ့ရှိကြသည်။ သူသည် ပင်စင်လုပ်ငန်းတစ်ခု လုပ်ကိုင်နေပြီး ထိုလုပ်ငန်းသည် ရှုံးသွားကြောင်း သိရလေသည်။ သူ၏ သားကို နောက်ယောက်ခံလိုက်လာသော အဖွဲ့သည် အိုက်ခမန်းတို့ မိသားစု နေထိုင်သော အိမ်ကို တွေ့ရှိသွားလေသည်။ ဗွေနိုးဇာရီမြို့တော်၏ မြေနိမ့်ရပ်ကွက် ဖြစ်သော ဆန်ဖာနန်ဒို၏ ဂယ်ရီဘော်ဒီလမ်းတွင် ရှိသော သူတို့၏ အိမ်။
မော့ဆက်အဖွဲ့ဝင်တို့သည် အိမ်ကို အမြဲမပြတ် ကြည့်ရှုထောက်လှမ်းနေသည်။ ထောင့်အမျိုးမျိုးမှ နေ၍ အဝေးရိုက် မှန်ဘီလူးများကို အသုံးပြုကာ ဓာတ်ပုံရိုက်ထားကြသည်။ အိမ်၌ ဝန်ခြံမရှိ၊ တံခါးမှာ ဖိုင်ဘာပြား တံခါး၊ အင်္ဂတေ မကိုင်ထားသော အိမ်နံရံများ စသည့်အချက်အလက်များ စုံစုံလင်လင် ရေးမှတ်ထားကြသည်။ သူတို့သည် ထိုအိမ်တွင် မိသားစုနှင့် နေထိုင်ကြပြီး ထိပ်ပြောင်စ ပြုနေပြီဖြစ်သည့် မျက်မှန်နှင့် လူတစ်ယောက် သွားလာလှုပ်ရှားပုံ အမူအကျင့်တို့ကို လေ့လာမှတ်သားထားကြသည်။ ထိုလူသည် အိုက်ခမန်းဖြစ်ကြောင်း သူတို့ ယုံကြည်ထားလေသည်။ ယခု သူတို့ လုပ်ရမည့် တာဝန်မှာ အိုက်ခမန်း အမှန်တကယ် ဟုတ်/မဟုတ် သက်သေသာဓကပင် ဖြစ်သည်။
( ၁၉၆ဝ ) ခုနှစ်၊ မတ်လ( ၂၁ ) ရက်နေ့။ သက်သေသာဓကများ ရရှိပါပြီ။ ထိုနေ့ မှောင်ရီပျိုးစ အချိန်တွင် ရီကာဒိုကလင်းမင့်သည် တံခါးဖွင့်၍ ကြိုဆိုလာသော မိန်းမတစ်ဦးကို ပန်းစည်းလက်ဆောင် ပေးလိုက်သည်။ နောက်မကြာမီ တရုတ်ကပ်ပြတင်းပေါက်များမှ တဆင့် ရယ်သံများ ထွက်ပေါ်လာသည်။ အထိမ်းအမှတ် ပါတီလေးတစ်ခု ကျင်းပနေခြင်း ဖြစ်သည်။ မည်သို့သော ပါတီပွဲလေး ဖြစ်ပါသနည်း။ေ မာ့ဆက်အဖွဲ့ဝင်တစ်ဦးသည် သူ၏ စာရွက်စာတမ်းများကို ပြန်ကြည့်သောအခါ မတ်လ(၂၁)ရက်နေ့သည် အိုက်ခမန်းတို့ ဇနီးမောင်နှံ အိမ်ထောင်သက် (၂၅)နှစ်ပြည့်မြောက်သော ငွေရတုသဘင် အခါတော်နေ့ပင်တည်း။ ရီကာဒိုကလင်းမင့်၏ ဇာတိရုပ်အမှန်ကို သံသယဖြစ်စရာ မရှိတော့ပါ။ သူသည် အဒေါ့ဖ် အိုက်ခမန်း ဖြစ်ပါသည်။ အိုက်ခမန်း ရှာပုံတော်သည် အဆင်ပြေပြေဖြစ်နေပြီး အတိမ်းအစောင်း မရှိလှ။ အိုက်ခမန်း၏ ဇာတိရုပ်အမှန်ကို မော့ဆက်အဖွဲ့ဝင်များ ဖော်ထုတ်ပြီး မကြာမြင့်မီကာလတွင် အီဆာသည် အာဂျင်တီးနားသို့ သွား၍ အိုက်ခမန်း ဖမ်းဆီးရေးကို ကိုယ်တိုင်ကြီးကြပ်ညွှန်ကြားရန် ဆုံးဖြတ်ချက် ချခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ အီဆာကအောက်ပါအတိုင်း ပြောကြားခဲ့သည်။
“ဒီတာဝန်ကြီးဟာ မော့ဆက်အဖွဲ့ကြီး တွေ့ကြုံရတဲ့ လုပ်ငန်းတွေထဲမှာ အခက်ခဲဆုံးနှင့် အသိမ်မွေ့ဆုံးပါပဲ။ ဒီတော့ ဒီနေရာ သွားပြီး ကျုပ်ကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်သင့်တယ်လို့ ကျုပ်ထင်မိတယ်လေ”
“အီဆာဟာ အဲဒီကို မသွားဘဲ မနေနိုင်ဘူး၊ ဒါကြောင့် သွားခဲ့တာပါပဲ”ဟု သူ၏ လက်ထောက်တစ်ယောက်က ဆိုလေသည်။ ပြင်ဆင်မှုများကို လျင်မြန်စွာ စတင်လုပ်ကိုင်ကြလေပြီ။ အီဆာနှင့် သူ၏လက်ထောက်များသည်အိုက်ခမန်းကို ဖမ်း၍ အာဂျင်တီးနားနိုင်ငံ အပြင်သို့ စာရွက်စာတမ်းလိမ်များ သုံးပြီး ခိုးထုတ်ရန် ကြံစည်ကြလေသည်။ ထိုလုပ်ငန်းကြီးအတွက် အသေးစိတ်ပြင်ဆင်ထားကြပြီးအရေးပေါ် ကိစ္စရပ်များအတွက် ကြိုတင်တွေးဆ၍ လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ထားကြသည်။
အိုက်ခမန်း၏ လှုပ်ရှားမှုမှန်သမျှကို နောက်ယောင်ခံကာ စောင့်ကြည့်နေသော မော့ဆက်အဖွဲ့ဝင်တို့က အာဂျင်တီးနားမှ ပေးပို့သော နောက်ဆုံးသတင်းများအရ လိုအပ်သော အစီအစဉ်များ လုပ်ပေးရပြန်သည်။ အိုက်ခမန်းကို ပြန်ပေးဆွဲရန် လုပ်ငန်းအတွက် အီဆာကိုယ်တိုင် စိတ်ကြိုက်လူရွေး၍ တာဝန်ပေးခဲ့သည်။ အရွေးခံရသော လူများသည် သူတို့၏ ခေါင်းဆောင်နှင့်အတူ နိုင်ငံရပ်ခြားများတွင် အမှုထမ်းဖူးသူချည်း ဖြစ်သည်။ အာရပ်နိုင်ငံနှင့် အခြားနိုင်ငံများအတွင် အသက်စွန့်၍ အမှုထမ်းခဲ့ဖူးသူများသာ ဖြစ်သည်။
ထိုလုပ်ငန်းကြီးသည် အခက်ခဲဆုံးနှင့် အန္တရာယ်အများဆုံး ဖြစ်သဖြင့် အမိန့်ဖြင့် လူမရွေးဘဲ မေးမြန်းပြီး “ကိုယ်တိုင်လုပ်ချင်ပါသည်”ဟု ကမ်းလှမ်းလာသူများကိုသာ ရွေးချယ်ခဲ့သည်။ ထိုအဖွဲ့ကို ဦးဆောင်သူမှာ အစ္စရေးနိုင်ငံတွင် မွေးဖွားသော ဂျူးကွန်မန်ဒို တစ်ယောက်ဖြစ်ပြီး အသက်(၁၂)နှစ် အရွယ်ကပင် ဤလုပ်ငန်းမျိုး လုပ်ကိုင်ခဲ့သည်ဟု ဆိုရပေမည်။ သူငယ်ငယ်က ခိုးဝင်လာသော ဂျူးများချုပ်နှောင်ထားသည့် အကျဉ်းစခန်းတစ်ခုကို ဖွင့်၍ ထိုလူများကို ထုတ်သွားဖူးသည်။ ကောင်းမွန်စွာ စောင့်ကြပ်ကာကွယ်ထားသော ဗြိတိသျှ ရေဒါစခန်းတစ်ခုကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့လေသည်။
ထိုသူသည် အာရပ်တို့၏ လက်ချက်ဖြင့် ဒဏ်ရာရသွားသဖြင့် ကင်းထောက်လုပ်ငန်းကို လုပ်နေရာမှ အီဆာ၏ ထောက်လှမ်းရေးအဖွဲ့ထဲ ရောက်လာသူ ဖြစ်သည်။ ထိုမော့ဆက်အဖွဲ့ငယ်ထဲမှ ကျန်အဖွဲ့ဝင်များသည် နာဇီတို့၏ ဂျူးသုတ်သင်ရေးမှ လွတ်ကင်းလာသော သေရွာပြန်များ ဖြစ်ကြသည်။ သူတို့၏ ညီအစ်ကို မောင်နှမများ မိခင်များကို နာဇီတို့က ပြန်လမ်း မရှိသော အကျဉ်းစခန်းများထဲသို့ သွတ်သွင်းလိုက်ကြသည်ကို မျက်မြင်တွေ့ကြုံခဲ့ကြသူများ ဖြစ်သည်။
အချို့မှာ မိသားစုတပြုံလုံး အသတ်ခံရပြီး လောကအလယ် တစ်ကောင်ကြွက်အဖြစ် ကျန်ရစ်ခဲ့သူများ ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်များထဲတွင် ရှာလွန်ဒါနီ ဆိုသူလည်း ပါသည်။ ရှာလွန်ဒါနီသည် ဟန်ဂေရီပြည် ဂျူးရပ်ကွက်များတွင် ကြီးပြင်းလာပြီး နာဇီတို့ ဝင်ရောက်သိမ်းပိုက်ထားသော ကာလတွင် ဂျူးအကျဉ်းစခန်းတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ ချုပ်နှောင်ခြင်းခံခဲ့ရသူများ ဖြစ်သည်။ ဒါနီ၏ ဖခင်ကြီးသည် ဘာဂျင် ဘယ်(လ်)ဆင်ရှိ အဆိပ်ဓာတ်ငွေ့ခန်းထဲတွင် သေဆုံးခဲ့ရရှာလေသည်။ စစ်ကြီးပြီးသည့်နောက် အကျဉ်းစခန်းထဲမှ လွတ်လာသော်လည်း ခိုးဝင်လာသော သင်္ဘောတွင် ပါလာသူ ဒါနီနှင့် အခြားဂျူးတို့ကို ဗြိတိသျှ စစ်သင်္ဘောတစ်စီးက ဖမ်းဆီးခဲ့သဖြင့် အကျဉ်းကျခံရပြန်သည်။ သူသည် သူ၏ လူငယ်ဘဝကို ဗြိတိသျှဘုရင်ဧကရာဇ်ပိုင် ဆိုက်ပရပ်စ်ကျွန်းပေါ်ရှိ အကျဉ်းထောင်ထဲတွင် ကုန်ဆုံးခဲ့ရသည်။
ဒါနီ၏ တာဝန်မှာ သူ၏ အဖွဲ့ဝင်အတွက်နှင့် အိုက်ခမန်းအတွက် လိုအပ်သော စာရွက်စာတမ်းများ အတုပြုလုပ်ပေးခြင်း ဖြစ်သည်။ အီဆာ ရွေးထားသည့် နောက်တစ်ယောက်မှာ ညီမရော ရင်သွေး(၃)ယောက်ပါ နာဇီတို့ သတ်ဖြတ်ခြင်းခံခဲ့ရသူ ဖြစ်သည်။ ထိုသူသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် နာဇီများကို ကလဲ့စားချေမည်ဟု သစ္စာပြုထားသူပင်ဖြစ်သည် ။ သူ၏ တာဝန်မှာ အိုက်ခမန်းကို ကိုယ်ကာယအား သုံးလျက် ဖမ်းဆီးချုပ်နှောင်ရန်ပင် ဖြစ်သည်။ နောက်တစ်ယောက်မှာ ကလဲ့စားချေသူများ စုပေါင်းဖွဲ့စည်းထားသော ဟာနော့ကင် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အီတလီပြည်တွင် ဗြိတိသျှစစ်တပ်ထဲ အမှုထမ်းနေစဉ်မှာပင် နာဇီအတော်များများကို ဖြောင်ပစ်ခဲ့သူဖြစ်သည်။
အီဆာ၏ အဖွဲ့တွင် လူ(၃ဝ)ပါဝင်၍ (၁၂)ယောက် အပြည့်ပါသော အဖွဲ့က ကိုယ်ထိလက်ရောက် ဆောင်ရွက်မည်ဖြစ်ပြီး လူ(၂ဝ)ကျော်က အာဂျင်တီးနား နိုင်ငံတွင်းမှ လိုအပ်သမျှကို ကူညီကြပေမည်။ အသေးစိတ် စုံစုံစေ့စေ့ ပြင်ဆင်ထားပြီးပေပြီ။ လိုအပ်သော စာရွက်စာတမ်း လေယာဉ်ပျံအကူးအပြောင်း ဗီဇာ၊ ကျန်းမာရေး လက်မှတ်များနှင့် ပတ်သက်၍ ပြဿနာမပေါ်စေရန် ဥရောပနိုင်ငံတစ်ခုတွင် အစ္စရေးခရီးသွားလုပ်ငန်း အေဂျင်စီတစ်ခု ဖွင့်လှစ်ထားလိုက်သည်။ ထိုဥရောပနိုင်ငံကို ယခုထက်တိုင် လျှို့ဝှက်ထားခဲ့ကြလေသည်။
မော့ဆက်အဖွဲ့ကို အစ္စရေးနိုင်ငံတွင် ရွေးချယ်၍ ဖွဲ့စည်းစေသည်ဟူသော အမြင်ကို အခြားနိုင်ငံများက မြင်သွားပါက ထိုစီမံကိန်း မအောင်မြင်လျှင် နိုင်ငံရေးဂယက်များ ထလာနိုင်ဖွယ်ရာ ရှိပေသည်။ အာဂျင်တီးနား နိုင်ငံအနေနှင့်လည်း မိမိတို့တိုင်းပြည်ထဲမှ လူတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် မိမိတို့၏ အချုပ်အခြာ လွပ်လပ်မှုကို ချိုးဖျက်ခြင်းဖြစ်သဖြင့် ဒေါသပုန်ထကြပေမည်။ မည်သို့ပင်ဆိုစေ အီဆာ၌ တခြားနည်းလမ်း မရှိပါ။ အာဂျင်တီးနား ရဲတို့ကို အသိပေးလိုက်ပါက အိုက်ခမန်းကို ဖမ်းမည်/မဖမ်းမည်ကို မည်သူ အာမခံပေးမည်နည်း။ ဤအချက်ကို အီဆာက သိထားသည်။
တောင်အမေရိကတိုက်တွင် သြဇာတိက္ကမ မရှိသူ တော်တော်များများသည် နာဇီဝါဒ ထောက်ခံသူများ ဖြစ်ကြသည်။ တောင်အမေရိကသည် ဥရောပမှ ထွက်ပြေးလာသော ဘဏ်ဓားပြများ၊ နိုင်ငံရေးသမားများနှင့် နာဇီစစ်ရာဇဝတ်ကောင်များ ခိုလှုံနေထိုင်လေ့ရှိသည့် ဒေသကြီးပင် ဖြစ်ပါသည်။ ပြင်ဆင်မှုလုပ်ငန်းကြီးသည် ဧပြီလကုန်တွင် ချောချောမောမော ပြီးစီးသွားလေသည်။ မော့ဆက်အဖွဲ့ဝင်များသည် ကမ္ဘာအနှံ့မှ ရက်ခွာပြီး အာဂျင်တီးနား နိုင်ငံတွင်းသို့ တဖွဲဖွဲရောက်လာကြသည်။ နိုင်ငံတစ်ခုတည်းမှ လာသူများ ရှိသော်လည်း မြို့တစ်မြို့ထဲမှ နှစ်ယောက်ပူး၍ မလာကြပါ။
ဗွေးနိုဇာရီမြို့သို့ ရောက်သောအခါ မော့ဆက်အဖွဲ့ဝင်တို့သည် လုံခြုံစိတ်ချရသော အိမ်များအသီးသီး ငှားရမ်းနေထိုင်ကြသည်။ လုပ်ငန်းအဆင်ပြေရန် ကားများကိုလည်း ငှားပြီး လူမရိပ်မိရန် မကြာခဏ လဲလှယ် စီးကြကြလေသည်။ အိုက်ခမန်းကို လေယာဉ်ဖြင့် ခေါ်ထုတ်သွားရန် ကြံစည်ထားပြီး ဖြစ်သည်။ အာဂျင်တီးနားနိုင်ငံ အနှစ်(၁၅ဝ)မြောက် ပွဲတော်တက်ရန် အစ္စရေးကိုယ်စားလှယ် အဖွဲ့တစ်ခုကို အစ္စရေးနိုင်ငံပိုင် L.Air လေကြောင်းမှ လေယာဉ်တစ်စီးဖြင့် ပို့ပေးမည်။ ပို၍ အခွင့်သာသည့် အချက်မှာ ယင်းလေယာဉ်ကို အာဂျင်တီးနားမှ မည်သည့်နေ့ရက်တွင် ထွက်ခွာရန်အမိန့်ကို အီဆာက ပေးနိုင်ခြင်းပင်ဖြစ်သည်။ လေကြောင်းဖြင့် အဆင်မပြေလျှင် ရက်ပေါင်း(၆ဝ)ကြာသော ရေကြောင်းမှ သင်္ဘောဖြင့် ယူသည့်နည်းကို သုံးကြပေမည်။
မေလ(၁၁)ရက်နေ့သို့ ရောက်ပါပြီ။ အိုက်ခမန်းကို ဖမ်းရန် ဆုံးဖြတ်ချက် ချက်လိုက်သည်။ ညနေ မှောင်ရီပျိုးချိန် အိမ်သို့ ပြန်လာသော အိုက်ခမန်းကို ဝိုင်းဝန်းဖမ်းချုပ်ပြီး အစ္စရေးတို့၏ လုံခြုံသော အိမ်တစ်အိမ်သို့ ကားဖြင့် ခေါ်ဆောင်သွားရမည်။
သမိုင်းတွင်လောက်သော စွန့်စားခန်းကြီး စတင်ပေပြီ။ ညနေ(၇)နာရီ (၃၄)မိနစ်တွင် ကားနှစ်စီးသည် အိုက်ခမန်းတို့နေသော ဂယ်ရီဘော်ဒီ လမ်းအတွင်း ရပ်ထားလိုက်သည်။ ကာတစ်စီးကို စက်ခေါင်းဖွင့်၍ လူနှစ်ယောက်က စက်ပျက်သည့် ပုံသဏ္ဌာန် ကြည့်ရှုနေကြသည်။ နောက်ခန်းထိုင်ခုံတွင် လူတစ်ယောက်က ခုန်ထွက်ရန် အသင့်အနေအထား ယူထားသည်။ ကိုက်(၃ဝ)လောက်တွင် လူတစ်ယောက်သည် ကားတစ်စီးကို စက်နှိုးမရသဖြင့် ကြည့်ရှုနေသည်။
အိုက်ခမန်းသည် ညနေ(၇)နာရီ မိနစ်(၄ဝ)တွင် ဘတ်စ်ကားဖြင့် ပြန်ရောက်လာတတ်သည်။ ဘတ်စ်ကားပေါ်မှဆင်းပြီး အိမ်သို့
လမ်းလျှောက်အပြန် သူ့ကို ဖမ်းရပေမည်။ ညနေ(၇)နာရီ မိနစ်(၄ဝ)တွင် ဘတ်စ်ကား ဆိုက်လာသည်။ အိုက်ခမန်းတစ်ယောက် ပါမလာပါ။ မော့ဆက်အဖွဲ့ဝင်တို့၏ စိုးရိမ်မှုအရှိန် တက်လာသည်။ အိုက်ခမန်းသည် စီးနေကျ ကားကို မမီလိုက်သည်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် နောက် ဘတ်စ်ကားတစ်စီးကို စောင့်ရန် ဆုံးဖြတ်ကြသည်။ သို့သော် နောက် ဘတ်စ်ကားတစ်စီးတွင်လည်း သူပါမလာပြန်ချေ။
မော့ဆက်အဖွဲ့ဝင်တို့ အချင်းချင်း ဆွေးနွေးတိုင်ပင်ကြလေသည်။ သူတို့၏ ကားများ လမ်းထဲ ကြာကြာရပ်ထားလျှင် ရိပ်မိစရာ အကြောင်းရှိသည်။ ဤသို့ ရိပ်မိသွားလျှင် ကြံစည်ထားသော လုပ်ငန်းကြီးတစ်ခုလုံး ရေစုံမျောရပေတော့မည်။ ယခုအချိန်မှ ပြန်လှည့်ကြရန်မှာလည်း သိမလွယ်ကူပါ။ေ နာက် မိနစ်အတော်ကြာ စောင့်ကြမည်။ ည(၈)နာရီတိတိတွင် နောက်ထပ် ဘတ်စ်ကားတစ်စီး ဝင်လာပေပြီ။ ကားရပ်လိုက်သည်နှင့် လူတစ်ယောက် ကားပေါ်မှ ဆင်းလာသည်။ ထိုလူသည် မော့ဆက်အဖွဲ့ဝင်တို့ဘက်သို့ ဦးတည် လျှောက်လာလေသည်။
သူတို့လိုချင်သော လူဖြစ်ကြောင်း သိရှိလိုက်ပေပြီ။ တစ်ယောက်မှ တုတ်တုတ်မလှုပ်ကြ၊ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ အိုက်ခမန်းကို သူတို့လိုချင်သော နေရာသို့ ရောက်လာသည်အထိ စောင့်နေကြသည်။ ဗြုန်းကနဲ ကားမီးနှစ်လုံး ဖွင့်လိုက်သဖြင့် အိုက်ခမန်း၏ မျက်လုံးတွေ ပြာသွားပြီး ဘာမျှမမြင်ရတော့ချေ။ လူနှစ်ယောက်က သူ့ကို ညှပ်၍ ဖမ်းချုပ်လိုက်ကြလေရာ အိုက်ခမန်းသည် ကြောက်ကြောက်လန့်လန့်နှင့် တစ်ချက်သာ အော်လိုက်နိုင်လေသည်။ နောက်ထပ် အသံမပြုလိုက်နိုင်မီ သူ့ကို ကားတစ်စီး၏ နောက်ခန်းထဲသို့ အတင်းတွန်းသွင်းလိုက်ပြီး မော့ဆက်အဖွဲ့ဝင် တစ်ဦးက အိုက်ခမန်း၏ ဦးခေါင်းကို ဒူးနှစ်လုံးကြားထဲ ထည့်ပြီး ညှပ်ထားလိုက်သည်။
မျက်မှန်အမည်းတစ်လက် တပ်ပေးလိုက်သဖြင့် အိုက်ခမန်းသည် သူ့ကို ဖမ်းသူများ၏ ရုပ်သွင်ကို မမှတ်မိတော့ချေ။ အိုက်ခမန်းကို စောင်တစ်ထည်ဖြင့် အုပ်လိုက်ပြီး ကား၏ ကြမ်းပြင်ပေါ်တွင် ချထားလိုက်သည်။ ကျန်ထောက်လှမ်းရေးသမား တစ်ဦးက ကိုယ်ကို ကိုင်းညွတ်ကာ အိုက်ခမန်း၏ နားနားကပ်ပြီး ဂျာမန်လို ပြောလိုက်သည်။
“ခင်ဗျား မလှုပ်နဲ့နော်၊ လူပ်တာနဲ့ ကျည်ဆံတွေ ခင်ဗျားဗိုက်ထဲ အပြုံလိုက် ပစ်သွင်းလိုက်မယ် သိလား”
အဖမ်းခံရပြီး တစ်နာရီပင် မကြာသော ကာလတွင်း အိုက်ခမန်းသည် ဗွေးနိုဇာရီမြို့စွန်တစ်နေရာရှိ အိမ်တစ်အိမ်ထဲမှ အိပ်ရာပေါ်တွင် မျက်လုံးကို ပိတ်လျက် လဲလျောင်းနေပေပြီ။ သူ၏ ခြေထောက်တစ်ဘက်ကို ခုတင်ခြေထောက် တစ်ချောင်းတွင် ပူးတွဲသော့ခတ်ထားလိုက်သည်။ သူဝတ်ဆင်လာသော အဝတ်အစားများကို အားလုံးချွတ်၍ မကြာမီက ဝယ်ထားသော ညဝတ်အင်္ကျီတစ်စုံနှင့် လဲလှယ် ဝတ်ဆင်ထားလိုက်သည်။ အိုက်ခမန်း၏ ချိုင်းအောက်နားတွင် သူ၏ စစ်ပုလိပ်အဖွဲ့ဝင် နံပါတ်ကို တွေ့ရလိမ့်မည်ဟု မော့ဆက်အဖွဲ့ဝင်တို့ မျှော်လင့်ထားသော်လည်း မတွေ့ရပါ။ ထိုနေရာတွင် အမာရွက်ငယ်တစ်ခုသာ တွေ့ရှိရလေသည်။
စစ်အပြီး၌ အမေရိကန်တပ်များ သူ့ကို ခေတ္တ ဖမ်းဆီးထားစဉ်က သူသည် ထိုနံပါတ်ကို ဘလိတ်ဓားဖြင့် လှီးထုတ်လိုက်ကြောင်း အိုင်းခမန်းက ရှင်းပြရှာသည်။ မော့ဆက်အဖွဲ့ဝင်တို့သည် အိုက်ခမန်း၏ ဇာတိရုပ်ဖြစ်ရပ် မှန်/မမှန်ကို အချက်အလက် တစ်ခုချင်း နှိုင်းယှဉ်၍ စိစစ်လေ့လာသောအခါ အားလုံးကွက်တိ ဖြစ်နေသည်ကို တွေ့ရှိကြလေသည်။ သူတို့သည် အိုက်ခမန်းအား အံ့သြစရာ၊ ရွံ့မုန်းစရာကောင်းသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် တွေ့မြင်ကြရသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် မော့ဆက်အဖွဲ့ဝင်တို့အား ကျိုးနွံစွာ ဆက်ဆံနေသောကြောင့် ဖြစ်သည်။
တစ်ချိန်က ရာပေါင်းများစွာသော လူများကို အမိန့်ပေးခဲ့သည့် ဂျာမန်စစ်ပုလိပ်အဖွဲ့ အရာရှိကြီးများ၏ ဝင့်ဝါမောက်မာမှုသည်လည်း ကြက်ပျောက် ငှက်ပျောက် ကွယ်ပျောက်ခဲ့လေပြီ။ ယခုမူ သူသည် ထိတ်လန့်ကြောက်ရွံ့နေပြီး တုန်တုန်ရီရီ ဖြစ်နေသည်။ တခါတရံ သူ့ကို ကူညီပါရန်တောင်းပန်နေရှာပြန်သည်။ အိုက်ခမန်းသည် သူ့ကို ဖမ်းဆီးလာသူတို့မေးသမျှကို ဖြေကြားခဲ့လေသည်။
“ကျုပ်ရဲ့ နာဇီပါတီ ပါတီဝင်နံပါတ်ဟာ (၈၈၉၈၉၅)ဖြစ်ပါတယ်”
“ကျုပ်ရဲ့ (S.S)အဖွဲ့ဝင် နံပါတ်တွေကတော့(၄၅၃၂၆)နဲ့ (၆၃၇၅၂)ပါဘဲ”
“ကျုပ်နာမည် အဒေါ့ဖ် အိုက်ခမန်း ဖြစ်ပါတယ်”
အစ္စရေး ထောက်လှမ်းရေးအဖွဲ့ဝင်တို့က အိုက်ခမန်း၏ သူလိုငါလို သာမညရုပ်ရေမျိုးနှင့် လူက ထောင်ပေါင်းများစွာသော လူများကို သတ်ဖြတ်ခဲ့သည်ဆိုသော အချက်ကို မယုံကြည်နိုင်ပါ။ အချို့တို့မှာ စစ်ဆေးမေးမြန်းချိန်၌ပင် ဖျားချင်စိတ်များ ပေါ်လာရသည်။ လူတို့အတွက် အဆိုးဆုံးသော အချိန်ကာလသည်ကား အိုက်ခမန်းက ဂျူးဘာသာရေး ဆုတောင်းစာများကို ဟီးဘရူးဘာသာဖြင့် ရွက်ဆိုပြသော
အချိန်ပင် ဖြစ်သည်။ အိုက်ခမန်းသည် ဟီးဘရူးဘာသာစကားကို ရာဘိုင်ခေါ် ဂျူးဘာသာရေး ဆရာတစ်ဦးထံမှ သင်ယူလာခဲ့သည်ဟု ဆိုသည်။
အိုက်ခမန်းကို ထိုအခန်းထဲတွင် တစ်ပတ်ကြာ ချုပ်ထားပြီး ၂၄ နာရီလုံးလုံး အစောင့်အကြပ် ချထားခဲ့လေသည်။အစ္စရေးတို့သည် အိုက်ခမန်းကို မျက်စိအောက်မှ အပျောက်မခံခဲ့ပါ။ နောက်ဆုံး ကုန်ကုန်ပြောရလျှင် အိမ်သာဝင်သည်ကိုပင် အစောင့်တစ်ယောက် လိုက်ပါ စောင့်ကြပ်လေသည်။ သူနေသော အခန်းထဲတွင် မီးကို အမြဲဖွင့်ထားလိုက်သည်။ အခန်း၏ တစ်ခုတည်းသော ပြတင်းပေါက်ကို ကန့်လန့်ကာ ဆွဲချ၍ သံရိုက်ထားလိုက်သည်။ အိမ်ဘေးမှ ကားရုံထဲတွင် အရေးကြုံပါက ထွက်ပြေးနိုင်ရန် ကားတစ်စီး အဆင့်သင့် ရပ်ထားခဲ့သည်။ ထို့နောက်တွင်တော့ အိုက်ခမန်းအား အာဂျင်တီးနားနိုင်ငံမှ အစ္စရေး နိုင်ငံသို့ လျှို့ဝှက်စွာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အစ္စရေးနိုင်ငံတရားရုံးတွင် စစ်ဆေးခဲ့သည်။
တရားရုံးတွင် စစ်တရားခံ အိုက်ခ်မန်း အား စစ်ဆေးနေစဉ်
“ပထမစွဲချက်”
ဂျူး အမျိုးသား များအပေါ် ရာဇဝင်မှုများကျူးလွန်ခြင်း
ဤအမှုတွင် “အိုက်ခ်မန်း” သည် အခြားသူများနှင့်အတူ “အော့စ်ဝစ်”၊ “ချဲလ်ပဒို”၊ “ဘော့ဘီအား”၊ “ထရီကလင်ကား မေဒင် နက်” အစရှိသည့် ချွေးတပ်အကျဉ်းစခန်းများတွင် သန်းပေါင်းများစွာသော ဂျူးများအား အဆိပ်ဓာတ်ငွေ့လွှတ်၍ လည်း ကောင်း၊ အခြားနည်းမျိုးစုံတို့ဖြင့်လည်းကောင်း သုတ်သင်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် “အိုက်ခ်မန်း” သည် အခြား ဂျာမန် တပ် မတော် အရာရှိလေးဦးနှင့်အတူအေ-ဘီ-စီ-ဒီ စသည့် ချွေးတပ်စခန်းများရှိရာ ရုရှားပြည် တွင် ၁၉၄၁ ခုနှစ်၊ ဇွန်လမှ ၁၉၄၂ ခု နိုဝင်ဘာလအတွင်း ဂျူးလူမျိုးပေါင်း ၃၆၃၀၀၀ (သုံးသိန်းခြောက်သောင်းသုံးထောင်ထက်မနည်း) သုတ်သင် သတ်ဖြတ်ခဲ့ သည်။
“ဒုတိယစွဲချက်”
ဂျူးအမျိုးသားများအားဆန့်ကျင်သည့် ရာဇဝတ်မှုများ ကျူးလွန်ခြင်း
ဤ အမှု တွင် တရားခံ သည် အခြားတပါးသောသူများနှင့်အတူ ဂျူးလူမျိုးများအားနောက်ဆုံးရှင်းလင်းသုတ်သင်သည့် ပြ ဿနာကို ဖြေရှင်း ရာ၌သန်းပေါင်းများစွာသော ဂျူးများအားသတ်ဖြတ်သုတ်သင်ရန် လုပ်ဆောင်သည့်အနေဖြင့် ချွေးတပ် အလုပ်ကြမ်းစခန်းများတွင် ညှင်းပန်းစေခိုင်းခြင်း၊ “ဂက်တို” ခေါ် သီးသန့်ရပ်ကွက်များတွင် ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ စခန်းတခုမှ တခုသို့လည်းကောင်း၊ ချွေးတပ် အလုပ်ကြမ်းစခန်းတခုမှ တခုသို့လည်းကောင်း၊ အဓမ္မပြောင်းရွှေ့ခဲ့ခြင်း၊ လူ သားမဆန်သည့် အခြေအနေများဖြင့် ၎င်းတို့အားအစုလိုက် အပြုံလိုက် ရွှေ့ပြောင်းခဲ့ခြင်း။
“တတိယစွဲချက်”
ဂျူး အမျိုးသား များအားဆန်ကျင်သည့် ရာဇဝတ်မှုများ ကျူးလွန်ခြင်း
ဤအမှုတွင် ၁၉၃၈ ခု၊ နိုဝင်ဘာလ ၉ ရက်၊ ၁၀ ရက်နေ့ ညများတွင် (မှန်များကိုရိုက်ခွဲခဲ့သော) ဂျူးလူမျိုး ၂၀၀၀၀ (နှစ် သောင်း) ခန့် ကိုအစုလိုက်အပြုံလိုက် နှိပစ်က်ညှင်းပန်း၍ အတင်းအဓမ္မ ရွှေ့ပြောင်းခဲ့ခြင်း၊ ဂျာမနီနိုင်ငံတွင် ဂျူးလူမျိုးများ အား လူမှုရေးနှင့် စီးပွားရေးအရသပိတ်မှောက်ခြင်း “နုရင်ဘတ် ဥပဒေ” အရမှတ်ပုံတင်လျှောက်လွှာများ လျှောက်ထား ရခြင်းနှင့် အစုလိုက် အပြုံလိုက် ဖမ်းဆီးကာ “ပါချောင်” နှင့် “ဘူချောင်ဝါ” ချွေးတပ်စခန်းများသို့ အဓမ္မပို့ဆောင်ခဲ့ခြင်း။
“စတုတ္တစွဲချက်”
ဂျူးအမျိုးသားများအားဆန့်ကျင်သည့် ရာဇဝတ်မှုများကျူးလွန်ခြင်း
ဤအမှုတွင် တရားခံသည် အရှေ့ဘက်ဒေသမှ သာရက်စီယန်စတက်နှင့် အခြားစခန်းများတွင် ကျူးလွန်ခဲ့သည့်အမှုများ အပါအဝင် ဂျူးများနှင့် ဂျက်ပစီလူမျိုးများအားသားသမီးများမမွေးဖွားနိုင်အောင် သွေးကြောများ ဖြတ်ပစ်ခြင်း၊ ကိုယ်ဝန် ဆောင် အမျိုးသမီးများအား သဘာဝမကျသည့် အဓမ္မနည်းများဖြင့် ကိုယ်ဝန်ဖျက်ချခြင်းစသည်တို့ဖြင့် ဂျူးလူမျိုးများ မျိုး ပြုတ်အောင် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း။
”ပဉ္စမစွဲချက်”
လူသားများအပေါ် ရာဇဝတ်မှုများ ကျူးလွန်ခြင်း
ဤ အမှု တွင် ၁၉၃၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်းလူသတ်မှုများညှဉ်းပန်းနှိပ်စက်မှုများ၊ ကျွန်ပြုမှုများ၊ အစာရေစာ အငတ် ထားခြင်းများနှင့် ဂျာမနီနှင့် ဝင်ရိုးတန်းနိုင်ငံများသို့ ဂျူးများအားအဓမ္မပို့ဆောင်ခဲ့ခြင်း” တို့အပြင် လူသားများအပေါ် ရာဇ ဝတ်မှုများ ကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ လူသားများအပေါ် ရာဇဝတ်မှုများ ကျူးလွန်ခြင်းစတဲ့ အမှုများ ဖြစ်ပါတယ်။
ကိုယ် အာဏာရှိလုပ်ပိုင်ခွင့်ရှိစဉ်က ကျူးလွန်ခဲ့ကြတဲ့ အာဏာရှင်တို့ထုံးစံအတိုင်း အိုက်ခ်မန်းလည်း စကားလုံးကောင်း ကောင်းလှလှတွေနဲ့ ၎င်းရဲ့ရှေ့နေ ဒေါက်တာဆာဗေးတိယပ်စ်နဲ့အတူ သူ့အပေါ်စွပ်စွဲချက်များကို ငြင်းချက်ထုတ်ပါတော့ တယ်။ တရားခွင်ရောက် ဒု ဗိုလ်မှူးကြီး အိုက်ခ်မန်း
“ဂျူးတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ် ပြစ်မှု များအတွက် လေးနက်တဲ့ပြစ်ဒဏ်ချမှတ်ဖို့ လိုတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ရုံးတော်မှာ တင်ပြထွက်ဆိုသွားခဲ့ကြတဲ့ သက်သေခံပစ္စည်းတွေရဲ့ထွက်ဆိုချက်တွေကို မြင်ရကြားရတဲ့ အခါ ကျွန်တော်ဟာ အထက်အမိန့်အရ ပေါ်ပေါက်လာခဲ့ရတဲ့ ကြောက်စရာ ဖြစ်ရပ် တွေကို မြင်ခဲ့ရတုန်းကလိုပဲ ထိတ်လန့် တုန်လှုပ်မိပါတယ်။ ဒီလို မတော်တရားတဲ့ဖြစ်ရပ်တွေဟာ ကျွန်တော့်ဆန္ဒနဲ့ဆန့်ကျင်ပြီး ဖြစ်ပေါ်လာခဲ့တာတွေပါ။ကျွန်တော့် မှာ လူတစ်ယောက်ကို သတ်ဖြတ်ချင်တဲ့စိတ်ဆန္ဒ မရှိခဲ့ပါဘူး။ အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြတာတွေဟာ နိုင် ငံရေးခေါင်းဆောင်တွေရဲ့တာဝန်သာဖြစ်ပါတယ်”လို့ လျှောက်လဲချက်မှာ ငြင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒုဗိုလ်မှူးကြီး အိုက်ခ်မန်း နဲ့ သူ့ ရှေ့နေတို့ရဲ့ငြင်းဆို လျှောက်လဲချက်များကို ရုံးတော်က လက်မခံနိုင်ဘဲ ၁၉၆၁ ဒီဇင်ဘာ ၁၅ရက် ရုံးတင်စစ်ဆေးချိန် ၈လအကြာမှာတော့ ပြစ်မှုထင်ရှားသဖြင့် သေဒဏ်စီရင်လိုက်ပါတော့တယ်။