ပုဂံမင်းဆက် ၂၇ ဆက်မြောက်မင်း၏ ညီတော်တစ်ပါးသည် နောင်တော်နှင့် တိုက်ခိုက်ရာ စစ်ရှုံးခဲ့သဖြင့် စလေအရပ်၌ ပုန်းအောင်းခိုလှုံခဲ့သည်။ ထိုအချိန်က စလေမြို့သည် ပုဂံရွှေမြို့တော်ကြီး၏ အထောက်အခံ မြို့ကြီးတစ်မြို့ဖြစ်သည်။ စလေသည် မင်းနေပြည်တော်မြို့ကြီးမဖြစ်ခဲ့စေကာမှု ရာဇဝင်အဆက်ဆက်၌ ထင်ရှားခဲ့သည့် မြို့ဖြစ်သည်။ ဘုရင့်ညီတော်၏ မြေးမှာ ငခွေး ဆိုသူဖြစ်သည်။
ငခွေး၏ မိဘများသည် အလွန်ဆင်းရဲလှသဖြင့် ငခွေးအား သူကြွယ်တစ်ဦးထံတွင် ရောင်းစားခဲ့ရာ အစေခံအဖြစ်ဖြင့် နေခဲ့ရသည်။ တစ်ခါသော် သူကြွယ်က ငခွေးအား ပုဂံသို့လှေထိုးထည့်လိုက်ရာ ပုဂံမရောက်မီညတစ်ည၌ မိမိချက်မှ အူထွက်၍ ပုဂံကို ရစ်ပတ်ထားရသည် ဟု အိပ်မက် မက်လေသည်။
နံနက်လှေဆန်ခဲ့ရာ ထိုးဝါးသည်လင်ပန်းတစ်ချပ်ကို ထိုးမိ၏ ။ ဆယ်ယူကြည့်သည့်အခါ ရွှေလင်ပန်းဖြစ်နေလေသည်။ ငခွေးက ငါ့အိပ်မက်ကောင်းလှ၏ ဤရွှေလင်ပန်းနှင့် မတန် ဟု ဆိုတာ ပြန်လွှင့်ပစ်ခဲ့သည်။
ပုဂံသို့ရောက်သော် ပုဏ္ဍားပညာရှိတစ်ဦးထံတွင် သူ၏ အိပ်မက်အကြောင်းကို မေးမြန်းကြည့်ရာ ပုဂံတွင် မင်းဖြစ်မည်ဟု ဟောလေသည်။ သို့နှင့် လေနှင့်ပြန်လိုက်ရင်း စလေသို့ ပြန်ရောက်သွားခဲ့၏။ သူကြွယ်၏ နှိပ်စက်မှုများကို မခံနိုင်သည့်အဆုံး ငခွေးသည် ပုဂံသို့ထွက်ပြေးခဲ့သည်။
ထိုအချိန်တွင် ပုဂံ၌ ၃၆ ဆက်မြောက် တန်နက်မင်းစိုးစံနေချိန်ဖြစ်သည်။ ထိုမင်းထံ၌ ဝင်ရောက်ခစားရာ စလေငခွေး၏ ပြောပုံဆိုပုံကို သဘောကျလှသဖြင့် မြင်းခံရာထူးခန့်ထားခြင်းခံရသည်။ ဘုရင်သည် မြင်းချစ်သူဖြစ်ရာ မြင်းတင်းကုပ်သို့ မကြာခဏမောင်းမတစ်ယောက်နှင့် လာရောက်ကြည့်တတ်သည်။ ထိုသို့ကြည့်ရင်း အချိန်ကြာလာသောအခါ အကြံသမားငခွေးက မောင်းမငယ်အား ချစ်ကြိုက်စကားဖြင့် စည်းရုံးခဲ့၏။
မောင်းမငယ်သည် ငခွေးဘက်သို့ပါလာပြီးနောက် တစ်နေ့ ဘုရင် မြင်းတင်းကုပ်သို့အလာ ငခွေးက နောက်မှနေ၍ မြင်းချေးတွင်းသို့ တွန်းချကာ မင်းအားသတ်လိုက်၏။ ဘုရင်သတ်လျှင် ဘုရင်ဖြစ်သောခေတ်ဖြစ်ရာ စလေငခွေးသည် ၃၇ဆက်မြောက် ပုဂံမင်းဖြစ်လာခဲ့သည်။
စလေငခွေးသည် အလွန်ဒေါသအမျက်ကြီးသူ ဖြစ်သည်။ သူအားနှိပ်စက်ခဲ့သည့် သူကြွယ်အား ခေါ်ယူကာ နှိပ်စက်ပြီးကွပ်မျက်ခဲ့သည်။ အခြားမကျေနပ်သူများအားလည်း ရေကန်အတွင်းသို့ချကာ ဆင်ထက်မှ လှံနှင့်ထိုးသတ်သည် အထိရက်စက်ခဲ့သည်။ ပြည်သူ နှင့် မှူးမတ်အပေါင်းတို့သည် အလွန်စိတ်ဆင်းရဲလှပြီး စလေငခွေးမင်းအား မနှစ်သက်ကြတော့။
သို့ဖြင့် ဆင်ကဲအားလာဘ်ပေးကာ ထိုမင်းရေကစားသည့်အချိန်တွင်ဆင်၏ ဝမ်းပိုက်ကြိုးကိုဖြတ်စေ၏။ ကြိုးပြတ်သဖြင့် ဆင်ကခါချရာ စလေငခွေးမင်း ရေထဲသို့ကျလေသည်။ ကုန်းပေါ်မှ မှူးမတ်အပေါင်းတို့ကရွှံ့ညွန် တစ်ယောက်တစ်လက်စီဖြင့် ပစ်ပေါက်ရာ စလေငခွေးမင်း အနိစ္စရောက်ရလေ၏။ ထိုကန်အား ညွန်တစ်လက်ဖက်ကန်ဟု ခေါ်ကြလေသည်။
ကိုးကား-
မြန်မာရာဇဝင်အကျဉ်း – ဦးဖိုးကျား
စလေငခွေးမင်း – စစ်ကိုင်းဦးဘိုးသင်း