Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အာဖရိကအကြောင်းသိကောင်းစရာ နှင့် စိတ်ဝင်စားဖွယ်အချက်များ

by Thutamm
August 6, 2019
Reading Time: 1min read
0
အာဖရိကအကြောင်းသိကောင်းစရာ နှင့် စိတ်ဝင်စားဖွယ်အချက်များ
Share on FacebookShare on Twitter

ကမ္ဘာမှာ တိုက်ကြီး ၇ တိုက်ရှိတဲ့အထဲမှာ အခြားတိုက်ကြီးတွေရဲ့ အကြောင်းကို မကြာခဏတွေ့နေရပေမယ့် အာဖရိကတိုက်ရဲ့အကြောင်းကိုတော့ သိပ်မတွေ့ရပါဘူး။ ဒါကြောင့် သုတဇုန် မိတ်ဆွေများအတွက် အာဖရိကတိုက်အကြောင်း နဲ့ ထူးထူးခြားခြားအချက်ကလေးတွေကို ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်။

အာဖရိကတိုက်ဟာ ကမ္ဘာပေါ်မှာ အာရှတိုက်ပြီးလျှင် ဒုတိယမြောက်အကြီးဆုံးတိုက်ဖြစ်ပြီး ဒုတိယလူဦးရေအများဆုံးတိုက်လည်းဖြစ်ပါတယ်။ လူဦးရေစုစုပေါင်းရဲ့ ၅၀%ဟာ အသက် ၂၅နှစ်အောက်တွေဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူ စုစုပေါင်းရဲ့ ၄၀% ဟာ စာမတတ်ကြပါဘူး။ ကမ္ဘာပေါ်က အဆင်းရဲဆုံး နဲ့ တိုးတက်မှုအနှေးဆုံးတိုက်လည်းဖြစ်ပါတယ်။ ဆာဟာရသဲကန္တာရအနီးမှာနေထိုင်သူတွေရဲ့ ပျမ်းမျှတစ်နေ့ဝင်ငွေဟာ ဝ.၇ဒေါ်လာ သာရှိပါတယ်။ ဒီနေရာတစ်ဝိုက် လူပေါင်း ၅၈၉သန်းခန့်နေထိုင်ပြီး ၈၀ရာခိုင်နှုန်းဟာ လျျပ်စစ်ဓာတ်ကိုလုံး၀ မရပါဘူး။ အလင်းရောင် နဲ့ မီး အတွက် ထင်းမီးသွေးတို့ပေါ်မှာ မှီခိုနေရဆဲဖြစ်ပါတယ်။

အာဖရိကတိုက်မှာ နိုင်ငံပေါင်း ၅၄နိုင်ငံပါဝင်ပြီး လူဦးရေအများဆုံး နိုင်ငံ ၁၀ နိုင်ငံကတော့ Nigeria, Ethiopia, Egypt, DR Congo,Tanzania, South Africa, Kenya, Uganda, Algeria, Sudan နိုင်ငံတွေဖြစ်ကြပါတယ်။ အာဖရိကတွင် အကြီးဆုံးနိုင်ငံမှာ အယ်လ်ဂျီးရီးယားနိုင်ငံ ဖြစ်ပြီး အသေးဆုံးနိုင်ငံမှာ အရှေ့ဘက် ကမ်းရိုးတန်း ကျွန်းစုများတွင် ရှိသော ဆေးရှဲနိုင်ငံ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေက အာဖရိကတိုက်ကို လူသားများအစပြုရာနေရာအဖြစ် မှတ်ယူထားကြပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၇သန်းဝန်းကျင်က လူဝံကြီးများ အထောက်အထားနဲ့ လွန်ခဲ့သောနှစ်ပေါင်း ၂သိန်းကျော်က လူသားများရဲ့ အထောက်အထားများကို တွေ့ရှိခဲ့ရတာကြောင့်ဖြစ်ပါတယ်။

အီကွေတာကို ခွလျှက်ထားတဲ့တိုက်ဖြစ်တာကြောင့် ရာသီဥတုမျိုးစုံတဲ့တိုက်လည်းဖြစ်ပါတယ်။ မြောက်ဘက်ပိုင်း တခြမ်းမှာ သဲကန္တာရ သို့မဟုတ် မိုးနည်းရေရှား ဒေသမျိုးဖြစ်ပြီး အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှာ ဆာဗားနား လွင်ပြင်များနှင့် အလွန်သိပ်သည်းသော တောအုပ် (မိုးရေတော) ဒေသများ ဖြစ်ကြပါတယ်။ အာဖရိကဟာ ကမ္ဘာပေါ်တွင် အပူဆုံးတိုက်ဖြစ်ပြီး ခြောက်သွေ့သောမြေနှင့် သဲကန္တာရများသည် မြေမျက်နှာပြင်၏ ၆၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားတဲ့တိုက်လည်းဖြစ်ပါတယ်။

တောရိုင်းတိရိစ္ဆာန် အများဆုံး နှင့် အမျိုးအစုံဆုံး ဒေသဖြစ်ပြီး အသားစား တိရိစ္ဆာန်ရိုင်းများ ဖြစ်ကြသော ခြင်္သေ့ ၊ ခွေးအ၊ ကျားသစ် မှ စ၍ အရွက်စားသတ္တဝါများ ဖြစ်ကြသော အာဖရိကကျွဲ၊ ဆင်၊ ကုလားအုပ်၊ သစ်ကုလားအုပ် စသည်တို့သည် အများပိုင် လွင်ပြင်များ ပေါ်တွင် လွတ်လပ်စွာ သွားလာ လှုပ်ရှားလျှက် ရှိကြပါတယ်။ ဒါအပြင် အခြားသော တောရိုင်းတိရိစ္ဆာန်များဖြစ်ကြသော မြွေများ နှင့် မိကျောင်းများ၊ ကုန်းနေရေနေ သတ္တဝါများလည်း အာဖရိကတိုက်မှာရှိပါတယ်။ ရေခဲခေတ်က သတ္တဝါများ အစုလိုက် အပြုံလိုက် မျိုးသုဉ်းခြင်းတွင် အနည်းငယ်မျှသာ အာဖရိကတိုက်တွင်ဖြစ်ပေါ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က ငှက်စုစုပေါင်းရဲ့ ၂၅% ဟာ အာဖရိကတိုက်မှာ ရှိပါတယ်။ အာဖရိကမှာ လူတွေအတွက် အန္တရာယ်အရှိဆုံးတိရစ္ဆာန်ကတော့ ရေမြင်းဖြစ်ပါတယ်။ အခြားတိရစ္ဆာန်ပေါင်းများစွာ ရှိပေမယ့် ကျား လုံးဝမရှိပါဘူး။ လက်ရှိရှိနေတဲ့ ကျားအနည်းငယ်က အခြားနေရာကနေ ယူလာတဲ့ကျားတွေဖြစ်ပါတယ်။

စုစုပေါင်း လူဦးရေ ၁.၂လီလျံကျော်ရှိတဲ့အထဲမှာ အမျိုးသမီးဦးရေဟာ ၃ပုံ ၂ပုံ ရှိပါတယ်။

လူဦးရေ ၂၅သန်းကျော်မှာ HIV ရောဂါကူးစက်ခံနေရပြီး ၁၇သန်းကျော်ဟာ အဲဒီရောဂါနဲ့ပဲသေဆုံးခဲ့ရပါတယ်။

အာဖရိကတစ်တိုက်လုံးရဲ့ အင်တာနက်အသုံးပြုနိုင်မှုဟာ နယူးယောက်မြို့အင်တာနက်သုံးနိုင်မှုရဲ့ တစ်ဝက်တောင်မရှိပါဘူး။

ငှက်ဖျားရောဂါ အဖြစ်ပွားဆုံးတိုက်ဖြစ်ပြီး ကမ္ဘာပေါ်က စုစုပေါင်း ငှက်ဖျားရောဂါဖြစ်ပွားသူရဲ့ ၉၀ရာခိုင်နှုန်းဟာ အာဖရိကတိုက်က ဖြစ်ပါတယ်။

ဝိတိုရိယရေအိုင် ဟာ အာဖရိကတိုက်ရဲ့အကြီးဆုံးအိုင် ဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးရေချိုအိုင်လည်းဖြစ်ပါတယ်။

အာဖရိကတိုက်မှာရှိတဲ့ အီဂျစ်ဟာ ပိရမစ်များကြောင့် ကမ္ဘာပေါ်မှာအကျော်ကြားဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အီဂျစ်မှာ ပိရမစ် ၁၃၈ခုသာ ရှိပြီး ဆူဒန်နိုင်ငံမှာ ၂၂၃ခုရှိတာကိုတော့ လူသိနည်းပါတယ်။

ရေရရှိဖို့အတွက် အာဖရိကတိုက်က အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ နေ့စဉ်ပျှမ်းမျှလမ်းလျှောက်နှုန်းဟာ ၃.၇မိုင်ခန့်ရှိပါတယ်။

ကမ္ဘာကျော် Star War ရုပ်ရှင်ကို အာဖရိကတိုက် တူနီးရှားနိုင်ငံက ဆာဟာရသဲကန္တာရထဲမှာ ရိုက်ကူးပါတယ်။

၇ ရာစု နဲ့ ၂၀ ရာစုအတွင်း အာရတ် ကျွန်ကုန်သည်တွေဟာ အာဖရိက က လူပေါင်း ၁၈သန်းခန့်ကို ဖမ်းဆီးပြီး ကျွန်ဘဝကိုရောက်စေခဲ့ပါတယ်။

အီသီယိုးပီးယားဟာ အာဖရိကရဲ့ ကိုယ်ပိုင်အက္ခရာပိုင်ဆိုင်တဲ့တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။ ဒီဘာသာစကားမှာ အက္ခရာပေါင်း ၃၄၅လုံးပါဝင်ပါတယ်။

အာဖရိကတိုက်မှာ တရုတ်လူမျိုး ၁သန်းကျော်နေထိုင်ကြပြီး အန်ဂိုလာတစ်နိုင်ငံတည်းမှာတင် တရုတ်လူမျိုး ၃သိန်းခွဲနေထိုင်ပါတယ်။

ကမ္ဘာပေါ်က ထုတ်လုပ်သမျှရွှေစုစုပေါင်းရဲ့ တစ်ဝက်ကို တောင်အာဖရိကနိုင်ငံ Witwatersrand ကနေ ရရှိပါတယ်။

အာဖရိကတိုက်ကဆင်းသက်လာပြီး အင်္ဂလိပ်စာမှာအသုံးများတဲ့ အရာတွေကတော့ aardvark, banjo, chigger, chimpanzee, cola, coffee, gumbo, jamboree, jazz, jumbo, impala, safari, tango, voodoo, yam, zebra, နဲ့ zombie တို့ဖြစ်ပါတယ်။

အာဖရိကတိုက်အနောက်ပိုင်းမှာရှိတဲ့ တင်တူဘက်မြို့ဟာ အလယ်ခေတ်တုန်းက ကမ္ဘာပေါ်မှာ အကျေ်ာကြားဆုံး နဲ့ အစည်ကားဆုံးမြို့ဖြစ်ခဲ့ဖူးပါတယ်။

ယနေ့ အာဖရိက အကြောင်း အံ့သြစရာ (၉) ချက်ကိုလည်းအောက်တွင် ဝေမျှပါဦးမည်။

၁။       ကမ္ဘာ့ဘာသာစကား (၂၅) ရာခိုင်နှုန်းသည် အာဖရိကတွင်သာ ပြောသောစကားများ ဖြစ်သည်။ အာဖရိကတိုက်တွင် ဘာသာ စကားပေါင်း နှစ်ထောင်လောက်ထိ ပြောဆို သုံးနှုန်းနေကြသည်။ အားလုံးကို အာဖရိကသမဂ္ဂ၏ ရုံးသုံး ဘာသာစကားအဖြစ် သတ်မှတ်ထားသည်။ နိုင်ဂျီးရီးယား တစ်နိုင်ငံတည်းမှာပင် ဘာသာစကားပေါင်း (၅၀၀) ကျော် ရှိသည်။

၂။      ကမ္ဘာ့မြောက်ပိုင်း သမပိုင်းဇုံမှ တောင်ပိုင်း သမပိုင်းဇုံထိ ဖြန့်ကျက် တည်ရှိသည့် တစ်ခု တည်းသော တိုက်လည်းဖြစ်သည်။ ကမ္ဘာပေါ်တွင် အပူဆုံးတိုက်လည်း ဖြစ်သည်။ သြစတြေးလျတိုက်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အခြောက်သွေ့ဆုံးတိုက်လည်း ဖြစ်သည်။ ဥရောပတိုက်ထက် လေးဆပိုကြီးသည့်တိုင် အာဖရိကတိုက် ကမ်းရိုးတန်းသည် အများအားဖြင့် အဖြောင့်အတိုင်း တည်ရှိသဖြင့် ဥရောပထက် ကမ်းရိုးတန်းမိုင် ပိုတိုသည်။

၃။     အာဖရိက လူဦးရေသည် ကျန်တစ်ကမ္ဘာလုံးထက် ပိုငယ်ရွယ်နုပျိုသည်။ အာဖရိက တိုက်သား (၅၀) ရာခိုင်နှုန်းကျော်သည် အသက် (၂၀) အောက်များ ဖြစ်သည်။ ကမ္ဘာ့လူဦးရေ ငါးဆယ်ရာခိုင်နှုန်း၏ ပျမ်းမျှ အသက်သည်ပင် (၃၀) နှစ် ဖြစ်သည်။ အာဖရိကတိုက်သည် ကလေး အချိုးအစား အများဆုံးတိုက်လည်း ဖြစ်သည်။ အလုပ် လုပ်နိုင်သောလူကြီး (၁၀၀) လျှင် အသက် (၁၅) နှစ်အောက် မှီခိုကလေးငယ် (၇၃) ဦးထိရှိသည်။ ကမ္ဘာ့ပျမ်းမျှနှုန်း၏ နှစ်ဆဖြစ်သည်။

၄။     ၂၀၅၀ ပြည့်နှစ်ရောက်လျှင် အာဖရိက လူဦးရေသည် သန်း (၂၃၀၀) ထိ ရှိလာမည်။ နိုင်ဂျီးရီးယား တစ်နိုင်ငံတည်းသည်ပင် လက်ရှိလူဦးရေ (၁၇၄) သန်းမှ သန်း (၄၄၀) သို့ ရောက်ရှိမည် ဖြစ်သည်။ ၂၁၀၀ ပြည့်နှစ်ရောက်လျှင် ကမ္ဘာ့လူဦးရေ (၄၀) ရာခိုင်နှုန်းသည် အာဖရိကတိုက်သားများ ဖြစ်လိမ့်မည်။ ၁၉၅၀ ပြည့်နှစ်က ကမ္ဘာ့လူဦးရေ၏ (၉) ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ တစ်ဟုန်ထိုး တက်လာခြင်း ဖြစ်သည်။

၅။       ကမ္ဘာ့မိုဘိုင်းဘဏ် အကောင့် ထက်ဝက်ကျော်သည် အာဖရိကမှချည်း ဖြစ်သည်။ အာဖရိကတိုက်သား (၁၂) ရာခိုင်နှုန်းထိသည် မိုဘိုင်းဘဏ်အကောင့် ရှိကြသည်။ ကမ္ဘာ့ပျမ်းမျှနှုန်း (၂) ရာခိုင်နှုန်းထက် သိသိသာသာ ပိုများသည်။ ကင်ညာနိုင်ငံသား (၅၈) ရာခိုင်နှုန်းထိတွင် မိုဘိုင်းဘဏ်အကောင့် ရှိသည်။ အာဖရိကတွင် အရွယ်ရောက်ပြီးသူ သုံးပုံတစ်ပုံသည် သမားရိုးကျ ဘဏ်အကောင့်များလည်း ရှိကြသည်။

၆။   ၂၀၁၅ တွင် အီသီယိုးပီးယားသည် ကမ္ဘာ့ဖွံ့ဖြိုးမှု အမြန်ဆုံးမြို့ အဖြစ် ရပ်တည်သည်။ အီသီယိုးပီးယား ဂျီဒီပီသည် ၂၀၁၅ ခုနှစ်တွင် ရှေ့နှစ်ကထက် (၁၀ ဒသမ ၂) ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အာဖရိကတိုက် ဆာဟာရ သဲကန္တာရတောင်ပိုင်းခြမ်း ဒေသသည် ၂၀၁၅ တွင် စီးပွားဖွံ့ဖြိုးနှုန်း (၃ ဒသမ ၅) ရာခိုင်နှုန်း ကျဆင်းသွားသည့်တိုင် အီသီယိုးပီးယားက သိသိသာသာ တက်လာခြင်း ဖြစ်သည်။

၇။    အာဖရိကတွင် အရွယ်ရောက်ပြီးသူ (၄၀) ရာခိုင်နှုန်းသည် စာမတတ်သူများ ဖြစ်သည်။ စာမတတ်သူများ အနက် သုံးပုံနှစ်ပုံသည် အမျိုးသမီးများ ဖြစ်သည်။ အာဖရိကလ တိုက်တစ်ခွင် စာတတ်မြောက်ရေး လှုပ်ရှားမှုများ လုပ်နေသည့်တိုင် တိုးတက်မှုက နှေးကွေးနေဆဲ ဖြစ်သည်။ ၁၉၉၀ ခုနှစ်များက အရွယ်ရောက်ပြီး သူများထဲတွင် စာမတတ်သူ (၄၈) ရာခိုင်နှုန်း ရှိခဲ့ရာ၊ ယခုအခါ (၄၀) ရာခိုင်နှုန်း ဖြစ်နေသေးသည်မှာ အားမရဖွယ် ဖြစ်သည်။

၈။     နိုင်ဂျီးရီးယားတွင် စိုက်ပျိုးရေး လုပ်ငန်းပြီးလျှင် နောလီးဝုဒ်သည် ဒုတိယမြောက် အလုပ်အကိုင် ဖန်တီးပေးနိုင်ဆုံး ကဏ္ဍဖြစ်သည်။ နိုင် ဂျီးရီးယား၏ နောလီးဝုဒ် ရုပ်ရှင်လုပ်ငန်းသည် လူတစ်သန်းနီးပါး အတွက် အလုပ်အကိုင်များ ဖန်တီးပေးလျက် ရှိသည်။ သီတင်းပတ် တစ်ပတ်လျှင် ရုပ်ရှင်ကား (၅၀) ခန့် ထွက်ရှိနေသည်။ နောလီးဝုဒ်ရှေ့တွင် အိန္ဒိယမှ ဘောလီးဝုဒ်သာ ရှိတော့သည်။ နောလီးဝုဒ်သည် ဒေါ်လာသန်း (၃၃၀၀) တန် ဈေးကွက်အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်က နိုင်ဂျီးရီးယား အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၉။     ကမ္ဘာ့တစ်ဝန်း ထုတ်မသုံးရသေးသော လက်ကျန် ဓာတ်သတ္တုများ၏ (၃၀) ရာခိုင်နှုန်းသည် အာဖရိကတွင် ရှိနေသည်။ ရွှေလက်ကျန် (၄၀) ရာခိုင်နှုန်း၊ ပလက်တီနမ် လက်ကျန် (၉၀) ရာခိုင်နှုန်းထိသည်လည်း အာဖရိက မြေတွင် ရှိနေသည်။ လူသားများ ထုတ်သုံးမည့် အချိန်ကို စောင့်ဆိုင်းလျက် ရှိသည်။ နိုင်ဂျီးရီးယားသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ရေနံတင်ပို့သူ နိုင်ငံဖြစ်သည်။ အီရတ်၊ ကူဝိတ် တို့ထက်ပင် တင်ပို့မှု ပိုများသည်။

ဟန်လင်းအောင် (Messenger News Journal)
Myanmar WIkipedia
သုတဇုန်

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!