မိမိဘဝကို စတင်ချစ်မြတ်နိုးလာစေဖို့ နည်းလမ်း ၁၀ ခု

Posted on

မိမိဘဝကို မုန်းတီးကြောင်း၊ မိမိမှာ ရှိတာတွေနဲ့ ပျော်ရွှင်မှုမရှိကြောင်း ညည်းညူနေတဲ့လူတွေ အများကြီးရှိပါတယ်။ ဒီသဘောထားတွေ သင့်မှာလည်း ဖြစ်နေမယ်ဆိုရင် သင်လည်းပဲ ချမ်းသာမှ၊ မိတ်ဆွေတွေ အများကြီးရှိမှ၊ ကျော်ကြားမှ၊ ပြည့်စုံတဲ့ မိသားစုတစ်ခုရှိမှ ပျော်ရွှင်နိုင်လိမ့်မယ်လို့ တွေးထင်ထားတဲ့ လူတွေထဲက တစ်ဦးပဲ ဖြစ်နေပါလိမ့်မယ်။

ဝမ်းနည်းဖွယ်ကောင်းတာက သင် မှားနေပါပြီ။ နောက်တစ်ကြိမ် “ငါ့ဘဝကို မုန်းတယ်”လို့ ပြောမိတဲ့အခါ “ငါ သေချင်သလား”လို့ မိမိကိုယ်ကို မေးစေချင်ပါတယ်။ ဒါဟာ ပြင်းထန်လွန်းပုံ ရှိပေမယ့် သင် အသေအချာ စဉ်းစားကြည့်စေချင်ပါတယ်။ သင် အသက်ရှင်နေသမျှ ပျော်ရွှင်နိုင်ပါသေးတယ်။ ပြီးတော့ သင့်ဘဝအခြေအနေတွေ တိုးတက်လာအောင်လုပ်ဖို့ အခွင့်အရေးလည်း အမြဲရှိနေပါတယ်။ အောက်မှာ နည်းလမ်းဆယ်ခု ပေးထားပါတယ်။

(၁) သင့်ဘဝရဲ့ ကောင်းတဲ့အရာတွေအပေါ် အာရုံစိုက်ပါ

သင်ဟာ ကောင်းတဲ့အရာ တစ်ခုခုကိုမှ မစဉ်းစားနိုင်ဘူးဆိုရင် မကောင်းတဲ့အတွေးတွေကိုပဲ ဆက်လက်စွဲကိုင်ထားနေမိမှာပါ။ မကောင်းတဲ့ အတွေးတွေကို ဖယ်ထုတ်ပစ်လိုက်ပါ။ သင့်ဘဝမှာ သင်တကယ် မြတ်နိုးရတဲ့အရာတွေက ဘာတွေလဲ။

(၂)မညည်းညူပါနဲ့

သင်ဟာ ဘဝကို မချစ်ခင်တတ်ဘူးဆိုလျှင်ပင် အဲဒီစကားမျိုး တစ်ချိန်လုံး ပြောနေဖို့ မလိုအပ်ပါဘူး။ သင့်ဘဝကို မချစ်ဘူးလို့ ပိုပြီးပြောလေ သင့်မှာ မကောင်းတဲ့ အတွေးအခေါ်တွေ ပိုပြီးအားကောင်း လာလေပါပဲ။

(၃) သင့်ဘဝကို အခြားလူတစ်ယောက်နဲ့ မနှိုင်းယှဉ်ပါနဲ့

သင့်ဘဝဟာ အခြားလူတစ်ယောက်ရဲ့ ဘဝနဲ့ တစ်ထေရာတည်း ဘယ်တော့မှ မတူညီနိုင်ပါဘူး။ သင်ဟာ အခြားလူတစ်ယောက်မှာ ရှိနေတဲ့အရာတွေအပေါ် အချိန်အများကြီးပေး အာရုံစိုက်နေမယ်ဆိုရင် အဓိပ္ပာယ် မရှိပါဘူး။ (အခြားသူတစ်ယောက်မှာ သင့်ထက်သာတာ) တစ်ခုခု ရှိနေမယ်ဆိုရင် သင့်ကိုယ်ပိုင် အောင်မြင်ပျော်ရွှင်မှု ရရှိဖို့အတွက် အခြားသူတစ်ယောက်ရဲ့ အောင်မြင်မှုကို တွန်းအားအဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမယ့် သင့်မှာမရှိတာတွေအတွက်နဲ့တော့ ဝမ်းနည်းနေစရာ မလိုအပ်ပါဘူး။

(၄) သင်ချစ်မြတ်နိုးတဲ့ အရာတွေကို ပိုပြီးပြုလုပ်ပါ

သင့်မှာ အချိန်ရမယ်ဆိုရင် သင့်ကို ပျော်ရွှင်စေမယ့် အရာတွေ အများကြီး ပြုလုပ်လိုက်မှာပဲလို့ မကြာခဏ ညည်းညူပြောဆို မိပါသလား။ တကယ်တော့ ဒါတွေဟာ မမှန်ကန်ပါဘူး။ သင့်မှာ အချိန်ရှိပါတယ်။ သင်ဟာ အချိန်ကုန်လွန်းမယ့် အရာတွေကို ပြုလုပ်နေဖို့ မလိုအပ်ပါဘူး။ စကားလုံးပဟေဠိဝှက်ပါ၊ တိရစ္ဆာန်လေးတွေနဲ့ ကစားပါ၊ ဒါမှမဟုတ်လည်း လမ်းလျှောက်ပါ။ နေ့စဉ်နေ့တိုင်း သင့်ကို ပျော်ရွှင်မှုဖြစ်စေမယ့်အရာ အနည်းဆုံး တစ်ခုလောက်တော့ ကြိုးစားပြုလုပ်ကြည့်ပါ။

(၅) ဘဝဟာ အမြဲ ပြောင်းလဲနေတယ်ဆိုတာ နားလည်သဘောပေါက်ပါ

သင့်မှာ ကောင်းမွန်ပြည့်စုံတဲ့ အလုပ်မရှိတဲ့အတွက်ကြောင့် ၊ ဒါမှမဟုတ် သင်ဖြစ်ချင်သလို ငွေကြေးအခြေအနေ ပြည့်စုံမှု မရှိတဲ့အတွက်ကြောင့် စိတ်ဓာတ်ကျနေမယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ လက်ရှိအခြေအနေပဲလို့ နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ အခြေအနေတွေဟာ အမြဲတမ်း ပြောင်းလဲနေပါတယ်။

(၆) လူကောင်းတွေကြားမှာ နေထိုင်ပါ

သင် ဆက်လက်ပေါင်းသင်ရမယ့် အပေါင်းအသင်းတွေကို ဂရုစိုက်ရွေးချယ်ပါ။ သင်ဟာ ညည်းညူတတ်သူတွေ၊ မကောင်းမြင်စိတ်ဓာတ်ရှိသူတွေကို အမြဲပဲ ပေါင်းသင်းနေသလား။ ဒါဆိုရင်တော့ သင့်ရဲ့ ပျော်ရွှင်မှုအပေါ် သူတို့ရဲ့ မကောင်းတဲ့ အဆိုးမြင် သဘောထားတွေ အကျိုးသက်ရောက်လာနိုင်ဆိုတာ သဘောပေါက်သင့်ပါတယ်။

(၇) အခြားသူတွေကို ကူညီပါ

အခြားသူတွေကို ကူညီပေးဖို့ ပိုပြီးတော့ အာရုံစိုက်လေ သင့်ဘဝကို ညည်းညူဖို့ အချိန်နည်းလေပါပဲ။ ဒါတင်မကသေး…အခြားသူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။

(၈) တီဗွီကြည့်ချိန် လျှော့ပါ

ကြော်ငြာတွေရဲ့ အလုပ်က သင့်ဘဝဟာ ပြည့်စုံလုံမှု မရှိဘူး၊ သင့်ဘဝ တိုးတက်ဖို့အတွက် နောက်ဆုံးပေါ် အဝတ်အစားတွေ၊ အသုံးအဆောင်တွေနဲ့ ယာဉ်တွေကို ဝယ်ယူဖို့ လိုအပ်တယ်လို့ ပြောပြဖို့ပါပဲ။ ဒီ အလိမ်အညာ စကားတွေအပေါ် နားမယောင်မိပါစေနဲ့။

(၉) သေးငယ်တဲ့ အရာလေးတွေကို နားလည်ခံစားတတ်ပါ

သင်ဟာ သဘာဝလောကကို သေသေချာချာ ကြည့်ဖူးပါသလား။ မိုးကောင်းကင်၊ တိရ စ္ဆာန်တွေနဲ့ မြစ်ချောင်းတွေ စသည်ဖြင့်ပေါ့။ ဒါတွေဟာ အလွန်ကို လှပပါပေတယ်။ ဘဝကို အရှိအတိုင်း ရှာဖွေပြီး နားလည်ခံစားတတ်ဖို့ ကြိုးစားပါ။

(၁၀) သင့်ဘဝကို ဂရုမစိုက်ဘဲ မနေဖို့ သတိရပါ

သင်ဟာ ဘဝကို ပိုပြီးတော့ ချစ်မြတ်နိုးတတ်ချင်တယ်ဆိုရင် သင့်အတွက် အချက်အလက်အချို့ကို ဖော်ပြချင်ပါတယ်။ သင်ဟာ ဝမ်းနည်းဖွယ် အရာတွေအတွက်ပဲ အချိန်ပိုကုန်ပြီး အရာများစွာကို နားလည်သဘောပေါက်ဖို့ အချိန် သိပ်မပေးခဲ့ရဘူးဆိုရင် ဘဝကို ပိုပြီးတော့ ဂရုမစိုက်ဘဲ နေမိတတ်ပါတယ်။ သင်ဟာ ခုချိန်ကစပြီး နှစ်ပေါင်းများစွာ သင့်ဘဝကို ပြန်ကြည့်ရင်း ညည်းညူမှုတွေနဲ့ မကောင်းမြင်မှုတွေအပေါ် သင့်ရဲ့အချိန်တွေ ကုန်ဆုံးခဲ့ရတဲ့အတွက် မပျော်မရွှင် ဖြစ်ချင်မိမှာ မဟုတ်ပါဘူး။ သင့်မှာ အခွင့်အရေးရှိနေတုန်း စတင်ပြုလုပ်လိုက်ပါ။ အကောင်းမြင်စိတ်ဓာတ်မွေးပါ။ ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါ။ ဘဝကို ချစ်မြတ်နိုးပါ။

နေလင်းအောင်
Ref: 10 Ways to Start Loving Life by Aja Trinidad