ခေါင်းကိုက်ခြင်းကို သက်သာစေမယ့် နည်းလမ်းလေးများ

Posted on

ခေါင်းကိုက်ခြင်းဟာ အလွန် အဖြစ်များတဲ့ နာကျင်မှု ဖြစ်ပြီး လူတိုင်း လိုလို ခေါင်းကိုက် ဖူးကြ ပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေ နိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှု ကတော့ အဓိက ကျတဲ့ အကြောင်းအရင်း တစ်ခုပါ။ ခေါင်းကိုက် စေတဲ့ နောက်ခံ အကြောင်းအရင်း ရောဂါ ကြီးကြီးမားမား မရှိရင်တောင် နေ့စဉ် ဘဝမှာ သင့်ရဲ့ လုပ်ဆောင်မှု အမျိုးမျိုးကြောင့် ခေါင်းကိုက် လာတတ်ပါတယ်။ ဥပမာသင်ဟာ ကွန်ပျူတာ ရှေ့မှာ အချိန် အကြာကြီး အလုပ်လုပ် နေရင် ခေါင်းကိုက် လာနိုင်ချေ များပါတယ်။

ဒါကြောင့် သင်ခေါင်းကိုက် လာတဲ့အခါ ဘာကြောင့် ခေါင်းကိုက် တာလဲ ဆိုတဲ့ အကြောင်း ရင်းကို ရှာဖွေ စစ်ဆေးပြီး သင့်ရဲ့ အနေအထိုင် အပြုအမူ တွေကို လိုအပ်သလို ပြုပြင် ပြောင်းလဲ သင့်ပါတယ်။ အောက်ပါ အကြံပြုချက် တွေက ခေါင်းကိုက်တာကို သက်သာစေမယ့် အကြံပြုချက် ရိုးရိုးလေး တွေပါ။

၁။ကိုယ်ဟန် အနေအထား မမှန်ရင် ဖိစီးမှုကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ဖြစ်စေ ပါတယ်။ ဒါကြောင့် ကိုယ်ဟန် အနေအထား မှန်ကန်အောင် ထိန်းသိမ်းဖို့ အရေးကြီး ပါတယ်။ လည်ပင်းနဲ့ ပခုံးက ကြွက်သား တွေဟာ ကိုယ်ဟန် အနေအထား မမှန်ရင် တင်းတောင့် နေတဲ့ အတွက်ကြောင့် အလုပ်ချိန်မှာ ကိုယ်ဟန်နေအထား မှန်ကန်ဖို့ သတိထား သင့်ပါတယ်။ ဒီလိုကြွက်သားတွေ တင်းမာ ဖိစီးမှုကြောင့် ခေါင်းကိုက်တာ အတွက်တော့ ဆွဲဆန့် လေ့ကျင့်ခန်း လုပ်ပေးတာ အကောင်းဆုံး ဖြေရှင်း နည်းပါပဲ။

၂။စိုစွတ်တဲ့ အပူဟာ ခေါင်းကိုက်တာကို သက်သာ စေပါတယ်။ ရေနွေးထဲမှာ တစ်ဘက် တစ်ထည်ကို စိမ်ပြီး ရေညှစ်ပါ။ ပြီးရင် နာကျင်တဲ့ နေရာပေါ် အုပ်ထားပါ။

၃။အမျိုးသမီး တွေဟာ ရာသီ မလာခင်ရက်မှာ ခေါင်းကိုက် တတ်ပါတယ်။ ဒီလို ခေါင်းကိုက်တဲ့ ပုံစံကတော့ မျက်စိတွေရဲ့ နောက်ဘက်နားမှာ နာကျင်မှု ခံစားရတာပါ။ ဒီအတွက်တော့ အမျိုးသမီး တွေဟာ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစာတွေကို စားသင့်ပါတယ်။ အဆီ နည်းတဲ့ အသားကို စားနိုင်ပါတယ်။

၄။ခေါင်းကိုက် တာကို ဖြစ်စေတဲ့ အဓိက အကြောင်း ကတော့ ဖိစီးမှုပါ။ ဒါကြောင့် သင်ဟာ ဖြေလျှော့ အနားယူဖို့ လိုအပ်ပါတယ်။ လုံလောက်အောင် အိပ်စက် အနားယူဖို့လည်း အရေးကြီး ပါတယ်။ အလုပ်ကိုလည်း ဆက်တိုက် အကြာကြီး မလုပ်ဘဲ ခဏတစ်ဖြုတ် နားပေးဖို့လိုအပ်ပါတယ်။

၅။ဖိစီးမှုကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တဲ့ အခါ နာကျင်မှုဟာ လည်ပင်းနဲ့ ပခုံးတွေကို ပျံ့နှံ့သွားပြီး တော်တော်လေး မသက်မသာ ခံစားရတတ် ပါတယ်။ ဒီလို ခေါင်း ကိုက်ခြင်းမျိုး အတွက်တော့ အနှိပ်ခံရင် သက်သာစေ ပါတယ်။ ဖိစီးမှုတွေ ပြေပျောက် စေဖို့ ဦးခေါင်းနဲ့ ပခုံးတွေကို ညင်ညင် သာသာ နှိပ်နယ်ပေးပါ။

၆။အစာမစားဘဲ နေတာဟာလည်း ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစာကို အချိန် မှန်မှန်စားဖို့ အရေးကြီးပါတယ်။

၇။ရေများများ သောက်ပါ။ ရေဟာ ခန္ဓာကိုယ်ကို အေးမြစေပြီး ခေါင်းကိုက်တာကို သက်သာ စေပါတယ်။ နေ့စဉ် အနည်းဆုံး ရေ (၈) ဖန်ခွက် သောက်ပါ။

၈။လဲလျောင်း နေပါ။ ပြီးရင် လည်ပင်း၊ ပခုံးနဲ့ နားထင်တွေမှာ ရေခဲကပ်ပါ။ ဒါဟာ သင့်ကို ဖြေလျှော့ အနားရစေပြီး ခေါင်းကိုက် သက်သာ စေပါတယ်။

၉။အကိုက်အခဲ ပျောက်ဆေး တွေက ခေါင်းကိုက် သက်သာ စေပါတယ်။ ဒါပေမယ့် ခဏခဏ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး အမြဲလိုလို သောက်နေတာဟာ မကောင်းပါဘူး။ သင့်မှာ အစာအိမ် အနာရောဂါ အပါအဝင် တခြား ကျန်းမာရေး ပြဿနာတွေ ရှိရင် ဆရာဝန် ညွှန်ကြားမှသာ အကိုက်အခဲ ပျောက်ဆေး သောက်ပါ။

၁၀။ခေါင်းတစ်ခြမ်းကိုက် ရောဂါ ရှိသူတွေ ကတော့ သူတို့စားတဲ့ အစာတွေကို မှတ်တမ်း ထားဖို့ လိုပါတယ်။ တစ်ချို့ အစားအစာ တွေကြောင့် ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေ နိုင်တဲ့ အတွက် ဘယ်လို အစားအစာ တွေကြောင့် သင့်ခေါင်းကိုက် တတ်တယ်ဆိုတာ မှတ်သားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။

Myawaddy Health