ဘဝအတွက် သင်ယူသင့်တဲ့ အချက် (၁၀) ချက်

Posted on

(၁) သူငယ်ချင်းတွေ စုဆောင်းပါ

ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သူငယ်ချင်းတွေက ဘဝမှာ မရှိမဖြစ်သူတွေဖြစ်တယ်။ သူတို့က နွေးထွေးတဲ့ အနွေးထည်တစ်ထည်နဲ့ တူတယ်။ သူတို့ကိုကိုယ့်ရဲ့အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ လဲလှယ်ခဲ့တာဖြစ်တဲ့အတွက် ကောင်းကောင်းတန်ဖိုးထားရမယ်။ခုချိန်ထိ ကိုယ့်ဖုံးစာအုပ်ထဲမှာ ဆက်သွယ်ရမယ့်လူ နည်းနေသေးတယ်ဆိုရင် စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို စုဆောင်းဖို့ အချိန်မနှောင်းသေးပါဘူး။

(၂) လက်လွတ်တတ်ဖို့ သင်ယူပါ

ဒီအသက်အရွယ်က မရင့်ကျက်လို့ မဖြစ်တော့ဘူး။ ဘဝမှာ အချစ်တစ်ခု၊ ကံတရားတစ်ခု၊ ကိစ္စတစ်ခုကို ရယူပိုင်ဆိုင်ဖို့ ကိုယ်ခွန်အားမဲ့ခဲ့တဲ့အခါ လက်လွတ်တတ်ဖို့သင်ယူရပါလိမ့်မယ်။ ဒါကလည်း နောက်ထပ် အသစ်တစ်ခုကို စမ်းသပ်ဖို့ကိုယ့်အတွက်အခွင့်အရေး ပေးလိုက်သလိုပါပဲ။ ယုံကြည်မှု၊ သတ္တိ၊ ကြိုးစားမှုတွေရှိခဲ့မယ်ဆိုရင်အောင်မြင်မှုက ကိုယ့်အတွက်ပဲဖြစ်တယ်။

(၃) အကြင်နာ မေတ္တာကို မျိုးပွါးပါ

ကိုယ့်ထက် ဒုက္ခရောက်နေသူ၊ ကိုယ့်ထက် ထိခိုက်နာကျင်နေသူကို ဒီလောကကြီးရဲ့ အလှအပနဲ့ နေရောင်ခြည်ကို ခံစားနိုင်အောင် တတ်နိုင်သလောက် ကူညီပါ။ ဒီလိုအကြင်နာမေတ္တာတွေကို မျိုးပွါးပါ။ ကိုယ်သတိမမှုမိချိန် အဲဒီအကြင်နာတွေကနေလှပတဲ့ပန်းပွင့်တွေ ဖူးပွင့်လာပါလိမ့်မယ်။ အသုံးဝင်တဲ့ အီးမေးလ်တစ်စောင်၊စာတစ်ပုဒ်၊တစ်ပိုဒ်ကလည်း အကြင်နာတွေကို မျိုးပွါးတာပဲဖြစ်တယ်။

(၄) ဂီတကို နှစ်သက်ပါ

ဂီတတစ်မျိုး သို့မဟုတ် တူရိယာတစ်ခုကို တီးတတ်ရင် ပိုကောင်းတယ်။ ဂီတကကိုယ့်စိတ်ကို ဆေးကြောပေးသလို ကိုယ့်မှတ်ဉာဏ်၊ အတွေးတွေကိုပိုပွင့်စေတယ်။ကိုယ်ထင်မှတ်မထားတဲ့ ဆိတ်ငြိမ်ခြင်းတွေကို သယ်ဆောင်လာပေးတယ်။ ဘဝအတွက်ခံစားမှုရသာပေါင်းစုံ သယ်လာပေးတယ်ဆိုရင် ပိုမှန်လိမ့်မယ်။(ကျွန်မဝါးလက်ခုတ်တီးတတ်တယ်)

(၅) သောကနှစ်မျိုးကို ရှောင်ပါ

ပထမသောက, က လိုတာမရတဲ့ သောက၊ ဒုတိယက အချစ်ကြောင့် ခံစားရတဲ့သောက …ဒီသောကတွေကို ဖုန်တွေသုတ်သင်သလို စိတ်အိမ်ထဲက လှဲကျင်းထုတ်ပစ်ပါ။ကိုယ့်ဟာမှန်ရင် ကိုယ်စီ ရောက်လာပါလိမ့်မယ်။

(၆) ခံနိုင်ရည်ရှိဖို့ သင်ယူပါ

တစ်ချို့ကိစ္စတွေကို လုံးဝ အစပြန်ဖော်လို့မရအောင် မေ့ထားသင့်တယ်။ အခက်အခဲတစ်ခုကြုံခဲ့တိုင်း ရင့်ကျက်ကြီးပြင်းဖို့ အသိဉာဏ်တစ်ခုတိုးတယ်လို့ထင်မှတ်ပါ။တစ်ချို့ ထိခိုက်နာကျင်မှုနဲ့ စိတ်ဆင်းရဲမှုတွေကို ခံနိုင်ရည်ရှိဖို့သင်ယူပါ။ ဒီအသက်အရွယ်က ကလေးလေးတစ်ယောက်လို့ အသံထွက် အော်ငိုသင့်တဲ့ အရွယ်မဟုတ်တော့ပါဘူး။

(၇) သူ့ကျေးဇူးကို သိတတ်ပါ

အသုဘတစ်ခါ ပို့ပြီးတိုင်း သင်္ခါရတစ်ခါ ရတတ်ကြတယ်။ တစ်ခါဖျားနာတိုင်းပိုတန်ဖိုးထားရ ကောင်းမှန်း သိတော့တယ်။ ကျေးဇူးတရားကို မိနစ်၊စက္ကန့်တိုင်းသတိရသင့်တယ်။ ကျေးဇူးတရားက ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားစေသလို လောဘ၊အတ္တနဲ့ငြင်းခုန်ခြင်းတွေကို ပြေငြိမ်းစေတယ်။ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဆိုရင်ပိုမှန်လိမ့်မယ်။

(၈) အလုပ်ကို မြတ်နိုးပါ

အလုပ်က လက်ဖက်ရည်သောက်၊ စကားထိုင်ပြောရတာလောက် မလွယ်ကူပေမယ့်ကိုယ့်ရဲ့အသိဉာဏ်နဲ့ ခွန်အားကို ဆန်းစစ်ပေးနေတာဖြစ်တယ်။ ကိုယ့်တန်ဖိုးနဲ့အောင်မြင်မှုကို ခံစားစေတယ်။

(၉) သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့

စာဖတ်တယ်၊ သင်ယူတယ်ဆိုတာ အသိဉာဏ်၊ ဗဟုသုတတွေနဲ့ ကိုယ်စကားစမြည်ပြောနေသလိုပါပဲ။တစ်နှစ်ကို စာအုပ်(၅ဝ)အုပ် ဖတ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ရဲ့ အသိဉာဏ်၊နားလည်စွမ်းတွေ တိုးလာပါလိမ့်မယ်။

(၁ဝ) အားကစားလုပ်ပါ

ပိုနေတဲ့အချိန်ကို အသုံးချပါ။ သဘာဝ ပတ်ဝန်းကျင်ကို ခံစားပါ။ ပျင်းလို့တက်တဲ့ဝိတ်တွေ မရှိနိုင်သလို အရွယ်လည်း နုပျိုကျန်းမာစေပါတယ်။

နိုင်းနိုင်းစနေ