ကမ္ဘာ့မြောက်ဘက်အကျဆုံးမြို့တော်

Posted on

ကမ္ဘာ့အချမ်းသာဆုံး အစိမ်းလန်းဆုံး နှင့် အလုံခြုံဆုံး မြို့တော်များစာရင်းတွင် အမြဲလိုလို ထိပ်တန်းနေရာမှ ရပ်တည်နေသည့်မြို့တမြို့မှာ အိုက်စလန်နိုင်ငံငယ်လေး၏ မြို့တော်ဖြစ်သည်။ ကမ္ဘာ့ မြောက်ဘက်အကျဆုံးမြို့တော်လည်း ဖြစ်သည့် ရေးခီးဗက် Reykjavík မြို့ ဖြစ်သည်။

ရောင်စုံအိမ်ကလေးများနှင့် စနစ်ကျ လှပသပ်ရပ်စွာ တည်ရှိနေသော ရေးခီးဗက်မြု့်သည် အိုက်စလန်၏ အကြီးဆုံးမြို့နှင့် အရေးပါဆုံးမြို့လည်း ဖြစ်သည်။ နိုင်ငံ၏ ယဉ်ကျေးမှု ၊ စီးပွားရေးလုပ်ငန်းများနှင့် အစိုးရအဖွဲ့အစည်းများ အခြေစိုက်ရာ ဗဟိုဌာနလည်း ဖြစ်သည်။ မြို့အကျယ်အဝန်းမှာ ၁၀၅ စတုရန်းမိုင်ခန့်ကျယ်ဝန်းပြီး မြို့ပေါ်နေလူဦးရေမှာ ၁၃၀၀၀၀ ခန့်သာ ရှိလေသည်။ ၁မိုင်ပတ်လည်တွင် လူပေါင်း ၁၂၀၀ ခန့်သာ နေထိုင်သဖြင့် လူနေထူထပ်မှု ကျဲပါးသည့် မြို့လည်းဖြစ်သည်။

ရေးခီးဗက်မြို့တည်ရှိရာနေရာတွင် အေဒီ ၈၇၀ ကာလခန့်ကတည်းက လူများစတင် အခြေချနေထိုင်ခဲ့ကြသော်လည်း ၁၈ ရာစုထိ နေရာအများစုမှာ စိုက်ပျိုးမြေများသာ ဖြစ်ခဲ့သည်။ ဒိန်းမတ်ဘုရင် အုပ်စိုးသည့်ကာလ ၁၇၈၆ ခုနှစ်မှ စတင်၍ မြို့အဖြစ်သတ်မှတ်ခဲ့သည်။မြို့ဟုဆိုသော်လည်း စည်ကားခြင်းမရှိခဲ့ပဲ ၁၉ ရာစုတိုင်အောင် ရွာကြီးတရွာ အဆင့်သာရှိခဲ့လေသည်။

၁၉၁၈ ခုနှစ် ဒိန်းမတ်တို့လက်အောက်မှ လွတ်လပ်ရေးရကာ အိုက်စလန်ဘုရင့်နိုင်ငံကို စတင်ထူထောင်ရာမှ ရေးခီးဗက်သည် နိုင်ငံ၏မြို့တော် ဖြစ်လာလေသည်။ရေးခီးဗက်ဟူသော အမည်မှာ မီးခိုးများ၏ ပင်လယ်အော်ဟု အဓိပ္ပါယ် ရလေသည်။ ဒုတိယ ကမ္ဘာစစ်ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်ခဲ့သည်။ ရေးခီးဗက်လေဆိပ်ကို ဗြိတိသျှတို့က ဆောက်လုပ်ပေးခဲ့ပြီး ကတ်ဖလတ်ဗစ် လေဆိပ်ကို အမေရိကန် စစ်တပ်က ဆောက်လုပ်ပေးခဲ့သည်။

စစ်အပြီးကာလတွင်မှု ရေးခီးဗက်သည် အရှိန်အဟုန်နှင့် တိုးတက်လာခဲ့သည်။ စိုက်ပျိုးရေးတွင် နည်းပညာစွမ်းအားများအသုံးချလာသလို စီးပွားရေးတိုးတက်လာမှုကြောင့် လူဦးရေလည်း တဖြည်းဖြည်း တိုးပွားလာခဲ့သည်။ ၁၉၉၀ ဝန်းကျင်ကာလမှ စတင်၍ ငွေကြေးဝန်ဆောင်မှု လုပ်ငန်း နှင့် ကွန်ပျူတာအိုင်တီနည်းပညာ လုပ်ငန်းများထွန်းကားလာခဲ့ပြီး ယနေ့အချိန်တွင် မြို့၏ အဓိက အရေးပါသောလုပ်ငန်းများဖြစ်လာသည်။ ဤသို့ဖြင့် ရေးခီးဗက်သည် ရွာကြီးတရွာမှ ခေတ်သစ်မြို့ပြတခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရေးခီးဗက်သည် နိုင်ငံ၏ အနောက်တောင်ပိုင်းတွင် တည်ရှိပြီး မြို့၏ဧရိယာအများစုကို ရေခဲမြစ်များက ဖုံးလွှမ်းထားသည်။ ကမ်းရိုးတန်းတွင် ကျွန်းဆွယ်များ ရေလက်ကြား နှင့် ကျွန်းများလည်း ရှိသည်။ အမြင့်ဆုံးတောင်ဖြစ်သော ပေပေါင်း ၃၀၀၀ ခန့်မြင့်သည့် အက်ရှန်တောင်သည် မြို့အနီးတွင်တည်ရှိသည်။ အေးချမ်းသာယာသော ရာသီဥတုမျိုးကို ပိုင်ဆိုင်ထားပြီး တနှစ်ပတ်လုံးပျမ်းမျှအပူချိန်မှာ ၅ဒီဂရီ ဆဲစီးယပ်ခန့်သာရှိသည်။ အပူဆုံးလမှာ ဇူလိုင်လဖြစ်ပြီး ၁၁ဒီဂရီ ခန့်အထိရှိကာ အအေးဆုံးလ ဖြစ်သည့် ဇန်နီဝါရီလတွင် ဝဒီဂရီ ဆဲစီးယပ်သာ ရှိသည်။

ပေပေါင်း ၂၄၀ ခန့်အမြင့်ရှိသော ဟာဂရင်စကင်ကာ ဘုရားကျောင်းသည် မြို့၏ အမှတ်အသားတခုလည်းဖြစ်သည်။ မြို့၏အလယ်တွင် ဒုံးပျံပုံသဏ္ဍာန်တည်ဆောက်ထားသည့် ထိုခရစ်ယာန်ဘုရားကျောင်းကို မြို့၏ မည်သည့်နေရာမှ မဆို မြင်နိုင်လေသည်။ တည်ဆောက်ချိန် နှစ်ပေါင်း ၄၀ ခန့်ကြာမြင့်ခဲ့သော အဆောက်အအုံကြီးလည်း ဖြစ်သည်။

အခမ်းအနား နှင့် ပွဲများကျင်းပရာ ဟာ့ရှ်ပါ အဆောက်အအုံသည် သူ၏ ဗိသုကာဒီဇိုင်းကြောင့်ထင်ရှားသည်။ ဗိသုကာဆိုင်ရာ ဆုများရရှိထားသည့် ထိုအဆောက်အအုံသည် ပျားအုံသဏ္ဍာန်ဒီဇိုင်းဖြင့် နေ့ရောညပါ တောက်ပလျက်ရှိသည်။ အိုက်စလန် ဆင်ဖိုနီ နှင့် အော်ပရာ အနုပညာအဖွဲ့ကြီးများ အခြေစိုက်ရာနေရာလည်းဖြစ်သည်။ ခန်းမ ၄ ခုပါဝင်ပြီး အကြီးဆုံးခန်းမတွင် ထိုင်ခုံပေါင်း ၁၈၀၀ ခန့် ပါရှိလေသည်။

ရေးခီးဗက်တွင် မီးတောင်ပတ်ဝန်းကျင်ကြောင့် သဘာဝအတိုင်းနွေးလျက်ရှိသော ရေကန်ပေါင်း ၁၇ ခု ခန့်ရှိသည်။ ထိုရေကန်များသို့ မြို့သူ မြို့သားများသာမက ကမ္ဘာလှည့်ခရီးသွားများပါ မကြာခဏလာရောက် အပန်းဖြေလျက်ရှိပြီး ထိုသဘာဝရေနွေးကန်များတွင် ရေစိမ်ခြင်းသည် ကိုယ်ကိုကျန်းမာစေသလို စိတ်ကိုရွှင်လန်းစေသည်ဟု ယုံကြည်ထားကြသည်။

မြို့နေထိုင်သူဦးရေအချိုးနှင့်တွက်လျင် ရေးခီးဗက်သည် ကိုယ်ပိုင်ကား ပိုင်ဆိုင်မှု အများဆုံးမြို့ဟု ဆိုနိုင်လေသည်။ နေထိုင်သူ ၁၀၀၀ တွင် ကားစီးရေ ၅၂၂ စီး အချိုးဖြင့်ပိုင်ဆိုင်ထားသောကြောင့် လူနှစ်ဦးလျင် တဦးထက်မက ကိုယ်ပိုင်ကားရှိလေသည်။ ဖာရိုးကျွန်းစု နှင့် ဂရင်းလန်တို့ကိုပါသွားရောက်နိုင်သည့် ရေးခီးဗက်ပြည်တွင်းလေဆိပ်သည် နှစ်စဉ်ခရီးသွား ၄သိန်းခန့်ကို သယ်ယူပို့ဆောင်လျက်ရှိသည်။ ငါးဖမ်းသင်္ဘောများ ၊ ပင်လယ်ကူးဇိမ်ခံသင်္ဘောကြီးများ ၊ ကာဂိုကုန်သယ်သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ကမ်းကြီး ၂ခုလည်း ရှိသည်။

မြို့သူမြို့သားများသည် ငွေကြေးနှင့် ဘဏ်လုပ်ငန်း ၊ နည်းပညာ ၊ ငါးဖမ်းလုပ်ငန်း ၊ ဘူမိအပူစွမ်းအင် ၊ ဆေးဝါး နှင့် ခရီသွားလာရေး ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၆၅၀၀၀ ခန့်ဖြစ်ပြီး တဦးချင်းဝင်ငွေနှင့်တွက်လျှင် ကမ္ဘာ့အချမ်းသာဆုံးမြို့စာရင်းတွင် ပါဝင်လေသည်။

ရေးခီးဗက်ကို ပင်လယ်ပျော် Puffin ငှက်တို့၏မြို့တော်ဟုလည်း ခေါ်ကြသည်။ ကမ္ဘာပေါ်ရှိ Puffin ငှက် စုစုပေါင်း၏ ၆၀% ခန့်သည် အိုက်စလန်တွင်ရှိနေပြီး အများစုသည် ရေးခီးဗက်မြို့မှာပင် နေထိုင်ကျက်စားလေ့ရှိသောကြောင့် ဖြစ်သည်။

ရေးခီးဗက်သည် စာပေယဉ်ကျေးမှု အလွန်ထွန်းကားသောကြောင့် ယူနက်စကို၏ စာပေမြို့တော်အဖြစ် သတ်မှတ်ခြင်းလည်း ခံရသည်။ နေရာတိုင်းလိုလိုတွင် စာဖတ်နေသူများကို မြင်ရလေ့ရှိသည်။ မည်မျှစာပေကို စိတ်ဝင်စားသလဲဟု ဆိုလျှင် မြို့နေထိုင်သူ ၁၀ဦးတွင် ၁ဦးသည် အနည်းဆုံး စာအုပ်တအုပ်တော့ ရေးဖူးထုတ်ဖူးသည် ဟု သိရသည်။

ရေးခီးဗက်တွင် အိုက်စလန်အမျိုးသားပြတိုက် ၊ ရေးခီးဗက်ရေကြောင်းပြတိုက် ၊ ဆာဂါပြတိုက် ၊ အင်နားဂျွန်ဆင်ပြတိုက် စသည့်ပြတိုက်ပေါင်းများစွာ တည်ရှိသည်။ ရေးခီးဗက်သည် nightlife ယဉ်ကျေးမှု ထွန်းကားပြီး ကောင်းကင်မှ အလွန်လှပသော ဥတ္တရအလင်းတန်းများကိုလည်းမြင်ရတတ်လေ့ရှိသည်။

ရေးခီးဗက်သည် ကမ္ဘာ့ထိပ်တန်း အစိမ်းရောင်မြို့ပြ Green city စာရင်းတွင်လည်း ထည့်သွင်းခံထားရသည်။ သဘာဝကို မထိခိုက်စေသော စွမ်းအင်များကိုသာ သုံးစွဲသည်။ စုစုပေါင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု၏ ၈၀% မှာ ရေအားလျှပ်စစ် နှင့် ဘူမိအပူစွမ်းအင်များကိုသာ သုံးစွဲသောကြောင့် ဖြစ်သည်။

အေးမြသောရာသီဥတု ပတ်ဝန်းကျင်နှင့်အတူ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု ၊ ပညာရေးထွန်းကားမှု နှင့် အမှုအခင်းနည်းပါးမှုများကြောင့် ရေးခီးဗက်မြို့သည် နေထိုင်ရန် အကောင်းဆုံးမြို့များစာရင်းတွင်လည်း ရွေးချယ်ခံရလေ့ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *