သဲကန္တာရဒေသက ဆီနှင်းကမ္ဘာ

Posted on

အလွန်ပူပြင်းသော သဲကန္တာရဒေသထဲတွင် ဆီနှင်းများထူထပ်နေပြီး နှင်းလျှောစီးခြင်း ၊ ရေခဲပြင် စကိတ်စီးခြင်း စသည်တို့ကို ပြုလုပ်နိုင်သော နေရာတခုရှိရာ မသိသေးသော မိတ်ဆွေများအဖို့ အံ့သြကောင်း အံ့သြနိုင်ပါတယ်။ ဒီနေရာဟာ ဖန်တီးတည်ဆောက်ထားခြင်းဖြစ်ပြီး သူ့ရဲ့တည်နေရာက အာရပ်နိုင်ငံများထဲမှာ အချမ်းသာဆုံးနိုင်ငံတနိုင်ငံဖြစ်တဲ့ ယူအေအီးက ဒူဘိုင်းမြို့မှာ ဖြစ်ပါတယ်။

တချိန်က ဆင်းရဲခဲ့သော ဒူဘိုင်းသည် ရေနံထွက်ပြီးနောက်ပိုင်းတွင် တဖြည်းဖြည်းစီးပွားရေး အင်အားကောင်းလာခဲ့ပြီး ကြွယ်ဝတဲ့နိုင်ငံတခု ဖြစ်လာခဲ့ပါတယ်။ ဒူဘိုင်းရဲ့ခေါင်းဆောင်တွေဟာ သဲကန္တာရဒေသမှာ ရှိနေတဲ့ သူတို့ရဲ့မြို့ကို ကမ္ဘာ့ခေတ်အမီဆုံးမြို့တမြို့အဖြစ် ဆယ်စုနှစ် သုံးလေးခု အတွင်းမှာ ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ တိုင်းပြည်စီးပွားရေးကောင်းလာပြီးနောက် ပြည်သူတွေအတွက်လည်း ထောက်ပံ့မှုများအပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာဖန်တီးပေးခဲ့တာကြောင့် ဒူဘိုင်းပြည်သူအများစုဟာလည်း ကြွယ်ဝလာခဲ့ပါတယ်။

ဒူဘိုင်းဟာ မြို့တမြို့သာဖြစ်ပေမယ့် တချို့အတွက် နိုင်ငံတခုလို့ ထင်မှတ်ရလောက်အောင် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အဦး ၊ ကမ္ဘာ့အကြီးဆုံးဈေးဝယ်စင်တာ ၊ ကမ္ဘာ့အကြီးဆုံး လူလုပ်ကျွန်းတုများကို ဖန်တီးတည်ဆောက်ပြခဲ့ပါတယ်။ ဒူဘိုင်းခေါင်းဆောင်တွေဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာအများအပြားကို တည်ဆောက်ခဲ့ပြီး ဒီကနေ ဝင်ငွေအများအပြားရခဲ့ပြီး ရေနံအပေါ် စီးပွားရေးမီခိုမှု တဖြည်းဖြည်းလျှော့နည်းလာခဲ့ပါတယ်။

ဆွဲဆောင်မှု နေရာအများအပြားကြောင့် ဒူဘိုင်းဟာ တနှစ်ကို ကမ္ဘာလှည့်ခရီးသွားဦးရေ သန်း ၂၀ ခန့် လာရောက်တဲ့မြို့ဖြစ်ပါတယ်။ ဒီလိုအများအပြား စီမံကိန်းတွေထဲမှာ ဒူဘိုင်းရဲ့ ရေခဲကမ္ဘာ Ski Dubai ဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ဒီနေရာဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဈေးဝယ်စင်တာတခုဖြစ်တဲ့ အမ်းမရိတ်မော မှာ တည်ရှိနေပြီး ဒီနေရာကို တနှစ်ပတ်လုံးအပူချိန် -၁ ဒီဂရီ ကနေ ၂ ဒီဂရီထဲ ရှိနေစေဖို့ ဖန်တီးထားပါတယ်။

ဒီအဆောက်အဦးရဲ့ အကျယ်အဝန်းက ၂၂၅၀၀ စတုရန်းမီတာရှိပြီး အမြင့် ၈၅ မီတာ ရှိတာကြောင့် ပုံမှန် ၂၅ထပ် အဆောက်အဦးရဲ့ အမြင့်လောက် ရှိနေတာဖြစ်ပါတယ်။ အတွင်းဘက်မှာ ဆီနှင်းတောင် နဲ့အတူ ဆင်ခြေလျှော ၅ခု ကို တည်ဆောက်ထားပါတယ်။ ဒါအပြင်မီတာ လေးရာခန့်ရှည်တဲ့ ပြေးလမ်း ၊ ကမ္ဘာ့ပထမဆုံး black diamond run အမတ်စောက်ဆုံးပြေးလမ်း နဲ့ အခြားစကိတ်စီးရန် နေရာတွေကိုပါ ထည့်သွင်းတည်ဆောက်ထားပါတယ်။

ကလေးများအတွက်လည်း ပုံသဏ္ဍာန်အမျိုးမျိုး နဲ့ နှင်းလျှောစီးရန်နေရာများ ၊ ပြွန်ရှည်ကြီးထဲမှာ ရေလွှာလျှောစီးသကဲ့သို့ ရှည်လျားတဲ့နှင်းလျှောလမ်းကြောင်းမှာ စီးနင်းခြင်း ၊ လိမ့်နေတဲ့ နှင်းဘောလုံးစီးခြင်း အပြင် ကေဘယ်ကားကဲ့သို့ စီးနင်းစရာတွေလည်း ရှိနေပြန်ပါတယ်။ အရှည်ဆုံးပြေးလမ်းက ၂ဖာလုံ ရှိပါတယ်။ ဒီအထဲကို ရောက်သွားတဲ့အခါ တကယ့် အပြင်က ဆီနှင်းဖုံးနေတဲ့ ရေခဲတောင်တခုကို ရောက်သွားသယောင် ဖန်တီးထားတဲ့အပြင် ပင်ဂွင်းလေးတွေကိုလည်း မွေးမြူထားပါတယ်။

ဒီနေရာကို ဒူဘိုင်းအခြေစိုက် Majid Al Futtaim စီးပွားရေးဂရုက ပိုင်ဆိုင်တာဖြစ်ပြီး စုစုပေါင်း တည်ဆောက်မှု ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဖြစ်ပါတယ်။ ဒီဇိုင်းကိုတော့ အမေရိကန်ဒီဇိုင်းကုမ္ပဏီ Thinkwell က ဆွဲထားတာဖြစ်ပြီး ဒီနေရာဟာ ၂၀၀၇ ခုနှစ်အတွက် TEA(Themed Entertainment Association) က ပေးအပ်တဲ့ဆုကို ရရှိခဲ့ပါတယ်။ မြင့်မားတဲ့ နည်းပညာတွေအနဲ့အတူ ဒီနေရာကို တည်ဆောက်ခဲ့တာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅ နှစ်ခန့်(၂၀၀၅) ခုနှစ်ကတည်းက ဖြစ်ပါတယ်။

ဒူဘိုင်းခေါင်းဆောင်တွေဟာ သူတို့ကိုယ်တိုင် ချမ်းသာကြွယ်ဝကြသလို နိုင်ငံကိုလည်း ပရောဂျက်ပေါင်းများစွာနဲ့အတူ တိုးတက်ဖွံ့ဖြိုးလာစေပြီး ပြည်သူတွေကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများစွာဖန်တီးပေးကာ ကြွယ်ဝချမ်းသာလာစေခဲ့ပါတယ်။ ဒူဘိုင်းခေါင်းဆောင်ရဲ့ပြောစကားကတော့ ” ပြည်သူတွေအတွက် တောက်ပတဲ့ဘဝတွေ ၊ ကလေးတွေအတွက် ကောင်းမွန်တဲ့အနာဂတ်သစ်တွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ပုံစံသစ်တွေကို ကျွန်တော်တို့ တည်ဆောက်နေပါတယ်” ဆိုပြီး ဖြစ်ပါတယ်။

One thought on “သဲကန္တာရဒေသက ဆီနှင်းကမ္ဘာ

Leave a Reply

Your email address will not be published. Required fields are marked *