လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က ရောမ ရေသွယ်တံတား

Posted on

ဒီတံတားကတော့ စပိန်နိုင်ငံ အလယ်ပိုင်း ဆယ်ဂိုးဗီးယားပြည်နယ်၏ မြို့တော် Segovia ဆယ်ဂိုးဗီးယား မြို့မှာ တည်ရှိပါတယ်။

ရေသွယ်တံတားအမျိုးအစားဖြစ်ပြီး စတင်တည်ဆောက်ချိန်ကာလကိုတော့ အတိတကျ မှတ်တမ်းတင်ထားခြင်းမရှိပဲ အေဒီ ၁ရာစု ဝန်းကျင်ခန့်မှာ ရောမတို့က တည်ဆောက်ခဲ့ခြင်းဖြစ်တယ် လို့ပဲ သိရပါတယ်။

ရောမဘုရင်တွေဖြစ်တဲ့ ဒိုမီတီယန် ၊ နားဗား နဲ့ ထရာဂျန် တို့လက်ထက်က ဆောက်ခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ယနေ့ထိတိုင် တည်တံ့ခိုင်မြဲနေဆဲ ဒီတံတားဟာ ရောမတို့တည်ဆောက်ခဲ့သမျှ ဗိသုကာလက်ရာတွေထဲမှာ အကောင်းဆုံးမှတ်တမ်းတခုအဖြစ် ကျန်ရှိနေသလို ဆယ်ဂိုးဗီးယားမြို့ရဲ့ အမှတ်အသားလည်း ဖြစ်ပါတယ်။

အဲဒီအချိန်က ဆယ်ဂိုးဗီးယားမြို့ ဟာ ရောမတွေရဲ့ ပိုင်နက်ထဲမှာ ပါဝင်နေပြီး မြို့ရဲ့ ရေအရင်းအမြစ်အတွက် ရီယိုဖရီယို မြစ်ကနေ သွယ်ယူအသုံးပြုဖို့ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။

မြစ်တည်ရှိတဲ့နေရာဟာ မြို့ကနေ ၁၁ မိုင်ခန့် အကွာအဝေးမှာ တည်ရှိနေတာဖြစ်ပြီး ရေသွယ်တံတားပေါင်းများစွာ တည်ဆောက်သွယ်တန်း ယူခဲ့ကြတာဖြစ်ပါတယ်။

ဆယ်ဂိုးဗီးယား ရေသွယ်တံတားဟာ အရှည် ၂၇၀၀ ပေ နဲ့ အမြင့် ၉၁ပေ ရှိတဲ့ နှစ်ထပ် တံတားဖြစ်ပါတယ်။ အဲဒီခေတ်ကာလက ရောမ ဗိသုကာ အကျော်အမော် တယောက်ဖြစ်တဲ့ ဗစ်ထရူဗီးယပ်ရဲ့ တည်ဆောက်မှုစနစ်တွေအတိုင်း တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

အုတ်ခဲပုံသဏ္ဍာန် ဂရန်းနိုက် ကျောက်တုံးတွေနဲ့ အဓိက တည်ဆောက်ထားတာဖြစ်ပြီး ဒီတံတားကို ကြည့်တာနဲ့တင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ခန့် က ရောမတို့ရဲ့ လက်ရာမြောက်လှတဲ့ ဗိသုကာပညာကို အထင်ကြီးမိမှာဖြစ်ပါတယ်။

Photo Credit

နှစ်ထပ် ၊ တထပ် မုခ်ခုံးကွေးများနဲ့ လှပညီညာစွာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ တထပ်မုခ်ခုံး ၇၅ ခု ပါဝင်ပြီး နှစ်ထပ်မုခ်ခုံး ၄၄ ခု ပါဝင်ပါတယ်။

ဒီရေသွယ်တံတားကနေ ရောက်ရှိလာတဲ့ရေတွေကို El Caserón လို့ခေါ်တဲ့ အဆောက်အဦးကြီးမှာ အရင်စုဆောင်းပြီးတဲ့နောက် Casa de Aguas ရေသိုလှောင်တာဝါဆီ ထပ်မံပို့လွှတ်ပါတယ်။ အဲဒီကနေတဆင့် သဲအမှုန်တွေကို သဘာဝနည်းအတိုင်းစစ်ပြီးမှ ရေကိုပို့ဆောင်ဖြန့်ဝေစေတာ ဖြစ်ပါတယ်။

ဒီတံတားကို ရာစုနှစ်ပေါင်းများစွာ တိုင်အောင် ထိန်းသိမ်းနိုင်ခဲ့ပြီး ၁၉၀၀ ခုနှစ်ဝန်းကျင်အထိ အသုံးပြုခဲ့ကြတဲ့ တံတားလည်းဖြစ်ပါတယ်။

ဒီရေသွယ်တံတားဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရသလို ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ကြည့်ရှု့လေ့ရှိတဲ့ စပိန်နိုင်ငံရဲ့ အမှတ်အသားတခုလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *