ယူအေအီး နိုင်ငံ အကြောင်း သိကောင်းစရာ

Posted on

ရေးသားသူ – ကောင်းစည်သူ

အာရှတိုက်အနောက်ပိုင်း၊ ပါရှန်ပင်လယ်ကွေ့ရှိ အာရေဗျ ကျွန်းဆွယ်၏ အရှေ့တောင်ဘက်တွင်တည်ရှိသည့် အာရပ် စော်ဘွားများ ပြည်ထောင်စုနိုင်ငံ(ယူအေအီး) ကို အဲမရိတ်ဟုလည်း ခေါ်ဆိုကြသည်။ယူအေအီးသည် အရှေ့ဘက် တွင်အိုမန်၊ အနောက်ဘက်တွင်ကာတာ၊ တောင်ဘက်တွင်ဆော်ဒီအာရေဗျနှင့် မြောက်ဘက်တွင်အီရန်နိုင်ငံနှင့် ကုန်းမြေ ထိဆက်နေကာ အီရန်နိုင်ငံ၊ကာတာနိုင်ငံတို့နှင့် ပင်လယ်ရေ နယ်နိမိတ်ထိဆက်နေသည်။

စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးသည့် ယူအေအီးသည် မြို့တော် အဘူဒါဘီနှင့် ပြည်နယ် ခုနစ်ခုကိုပေါင်းစည်းထား သော ဖက်ဒရယ်နိုင်ငံဖြစ်သည်။ပြည်နယ်တစ်ခုစီကို စော်ဘွားတစ်ဦးစီက အုပ်ချုပ်၍ ယင်းစော်ဘွားများကို စုစည်းကာဖက်ဒရယ် ကောင်စီကို ဖွဲ့စည်းကာ တစ်ဦးက သမ္မတ တာဝန်ကို ထမ်းဆောင်သည်။

၂၀၁၃ ခုနှစ်တွင် ယူအေအီးသည် လူဦးရေ ၉ ဒသမ ၂ သန်းသာရှိခဲ့ရာ နိုင်ငံသားများသည် ၁ ဒသမ ၄ သန်းသာရှိ၍ ကျန် ၇ ဒသမ ၈ သန်းသည် ပြည်ပမှ လာရောက်ကြသူများဖြစ်သည်။ ၂၀၂၀ ခုနှစ် စာရင်းအရမူ ယူအေအီးနိုင်ငံ၏ လူဦးရေမှာ ၉.၈၉ သန်း ဖြစ်သည်။ ယူအေအီးနိုင်ငံ၏ တရားဝင်ကိုးကွယ်သည့်ဘာသာသည် အစ္စလာမ်ဖြစ်၍ အာရေဗျသည် ရုံးသုံးဘာသာစကားဖြစ်သည်။

ယူအေအီးနိုင်ငံ၏ ရေနံအရင်းအမြစ်သည် ကမ္ဘာတွင်သတ္တမအကြီးဆုံးဖြစ်၍ သဘာဝဓာတ်ငွေ့ထွက်ရှိမှုသည် အဆင့် ၁၇ နေရာတွင်ရှိသည်။ယူအေအီး၏ ပထမဆုံးသမ္မတဖြစ်ခဲ့သည့် အဘူဒါဘီစော်ဘွား Sheikh Zayed သည် ရေနံမှရရှိသည့် ငွေ များဖြင့် ကျန်းမာရေး၊ပညာရေး၊တိုင်းပြည်အခြေခံအဆောက်အအုံတည်ဆောက်မှုများတွင် အသုံးပြုခဲ့သည်။

ယူအေအီးနိုင်ငံ၏ စီးပွားရေးသည် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(GCC) တွင် အမျိုးအစား အများဆုံးဖြစ်ကာ ယူအေအီးနိုင်ငံတွင် လူအများဆုံးနေထိုင်သည့် ဒူဘိုင်းသည် အရေးပါသော ကမ္ဘာ့မြို့တော်တစ်ခုနှင့် နိုင်ငံတကာ လေကြောင်း၊ရေကြောင်းကုန်သွယ် ရေး ဗဟိုနေရာတစ်ခုဖြစ်သည်။

နောက်ခံသမိုင်း

Jebel Faya မှ တွေ့ရှိခဲ့သည့် ကျောက်လက်နက်များကြောင့် လွန်ခဲ့သော နှစ် ၁၂၇၀၀၀ ကပင် အာဖရိကမှ လူသား များသည် ယူအေအီးနိုင်ငံနေရာတွင်အခြေချခဲ့ကြောင်း ထုတ်ဖော်နိုင်ခဲ့သည်။အာရေဗျ ကမ်းခြေ၊ Jebel Barakah မှ တွေ့ရှိခဲ့ သည့် သားကောင်များကို အမဲလိုက်ရာတွင် အသုံးပြုသည့် ကျောက်လက်နက်သည် သက်တမ်းနှစ် ၁၃၀၀၀၀ ရှိပြီဖြစ်သည်။သို့သော် မက်ဆို ပိုတေးမီးယားတွင် ယဉ်ကျေးမှုထွန်းကားနေချိန်၌ ကုန်သွယ်မှုများရှိနေသည့်တိုင် ယူအေအီးသည် ထိုအချိန်က ပြင်ပ ကမ္ဘာနှင့် ဆက်သွယ်သည့်အထောက်အထားများကို မတွေ့ရှိခဲ့ချေ။

ယူအေအီးနိုင်ငံတွင်လူသားများအခြေချနေထိုင်မှုကို ခရစ်တော်မပေါ်မီ နှစ် ၃၂၀၀ မီကစ၍ အဓိကအပိုင်းခြောက်ပိုင်းခွဲ ခြားထားရာ အစ္စလာမ်ဘာသာ မကိုးကွယ်မီက Hafit ခေတ်(ဘီစီ ၃၂၀၀-၂၆၀၀)၊ Umm Al Nar ယဉ်ကျေးမှု ထွန်းကားချိန် (ဘီစီ ၂၆၀၀-၂၀၀၀)၊ Wadi Sug (ဘီစီ ၂၀၀၀-၁၃၀၀)နှင့် ဘီစီ ၁၂၀၀ မှစ၍ အာရေဗျ အရှေ့ပိုင်းဒေသသို့အစ္စလာမ် ဘာသာရောက်ရှိလာချိန် သံခေတ် သုံးခေတ် (ဘီစီ ၁၂၀၀-၃၀၀) ဖြင့် ပိုင်းခြားခဲ့သည်။

အေဒီ နှစ်ရာစုမှစ၍ လူမျိုးစုများသည် အာရေဗျအနောက်တောင်ပိုင်းမှ အိုမန် အလယ်ပိုင်းသို့ ဝင်ရောက်လာသည့် ယာမာနီ(Yamani)လူမျိုးစုနှင့် ကူဒါ (Quda’ah)လူမျိုးစုများနှင့်အတူ Al Bahreyn မှ ပင်လယ်ကွေ့အနိမ့်ပိုင်းသို့ ပြောင်းရွှေ့ခဲ့ ကြသည်။ရှေးခေတ်က ယခု ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းပြည်နယ် Al Hasa သည် Al Bahreyn ၏ အစိတ်အပိုင်းတစ်ခုဖြစ် ခဲ့ကာ ယခုခေတ် ယူအေအီး၊အိုမန်နိုင်ငံတို့နှင့်ပေါင်းစည်းခဲ့သည်။

အစ္စလာမ်ဘာသာသည် အေဒီ ၈၃၀ ပြည့်နှစ်တွင် အာရေဗျကျွန်းဆွယ် အရှေ့မြောက်ပိုင်း အုပ်ချုပ်သူများထံ တမန် တော်မိုဟာမက်ပေးပို့သောစာကြောင့် ပြန့်ပွားခဲ့သည်ဟု ယုံကြည်ကြသည်။ထို့ကြောင့် ဒေသ ခေါင်းဆောင်များသည် မဒီနာ သို့ သွားကာ အစ္စလာမ်ဘာသာဝင်များဖြစ်လာခဲ့ကြသည်။ထိုအချိန်က မြောက်ပိုင်း ကမ်းရိုးတန်းကို ကြီးစိုးထားသည့် လူကြိုက် နည်းသော ဆပ်စန်းနစ် (Sassanid) တို့ကို အောင်မြင်စွာတွန်းလှန်နိုင်ခဲ့သည်။

Sir Bani Yas ကျွန်းတွင် အေဒီ ၇ ရာစုက တည်ဆောက်ခဲ့သည့် ကြီးမားသော အစောဆုံး ခရစ်ယာန်ဘုရားကျောင်း နေရာကို ၁၉၉၀ ပြည့်နှစ်တွင် တွေ့ရှိခဲ့သည်။ ဘုရားကျောင်းကို အေဒီ ၆၀၀ ပြည့်နှစ်တွင်တည်ဆောက်ခဲ့ပြီး အေဒီ ၇၅၀ ပြည့်နှစ် တွင်စွန့်ပစ်ခဲ့ဟန်ရှိကြောင်းတွေ့ရှိရသဖြင့် ယင်းအထောက်အထားသည် အေဒီ ၅၀ မှ ၃၅၀ နှစ်အတွင်း ကုန်သွယ်ရေးလမ်း ကြောင်းများမှ တစ်ဆင့် အာရေဗျကျွန်းဆွယ်သို့ ခရစ်ယာန်ဘာသာရောက်ခဲ့ကြောင်းပြောဆိုမှုများအတွက် ချိတ်ဆက်နိုင်မှုတစ် ခုဖြစ်စေခဲ့သည်။

ငါးရာစုတွင် အိုမန်နိုင်ငံတွင် John အမည်ရှိ ခရစ်ယန်ဘုန်းတော်ကြီးတစ်ပါးရှိခဲ့ကာ အေဒီ ၆၇၆ ခုနှစ်အထိ ခရစ်ယာန် ဘာသာရှိခဲ့သည်ဟု ယူဆကြသည်။

အော်တိုမန်၊ ပေါ်တူဂီ၊ ဗြိတိန်နှင့် ယူအေအီး

ကြမ်းတမ်းသည့် ဝန်းကျင်အနေအထားများသည် ကန္တာရအတွင်းလှည့်လည်သွားလာကြသည့် စွယ်စုံရ လူမျိုးစုများ ကိုပေါ်ထွန်းလာစေခဲ့သည်။ ယင်းတို့သည် တိရိစ္ဆာန်များမွေးမြူခြင်း၊စိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်း စသည်ဖြင့် အသက်မွေးမြူ ခဲ့ကြသည်။ ယင်းတို့သည် ရာသီဥတုပြောင်းရွှေ့နေထိုင်ခဲ့ကြရာတွင် အုပ်စုအချင်းချင်း မကြာခဏ တိုက်ခိုက်မှုများဖြစ်ခဲ့ရာမှ ရာသီ အလိုက် သို့မဟုတ် ရာသီ အစိတ်အပိုင်းအလိုက် နေထိုင်သည့် ရပ်ဝန်းများပေါ်ပေါက်ခဲ့ပြီးနောက် မိမိတို့အစုအလိုက် မျိုးနွယ်စု များကို ဖွဲ့စည်းခဲ့ကြရာ အချို့အမည်များကို ယခုတိုင်အသုံးပြုနေဆဲဖြစ်သည်။

ဥရောပတိုက်သားများ နယ်ချဲ့လာသည့် ၁၈ ရာစုတွင် ပေါ်တူဂီ၊ အင်္ဂလိပ်နှင့် ဒတ်ချ်များသည် ပါရှန်ပင်လယ်ကွေ့ ဒေသ သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုစဉ်က ယခု အဘူဒါဘီ ဒေသ နေရာအများစုကို Bani Yas အဖွဲ့အစည်းက ချုပ်ကိုင်ထား ခဲ့ ကာ Al Qasimi တို့က ပင်လယ်ရေကြောင်းကုန်သွယ်ရေးကို ချုပ်ကိုင်ခဲ့သည်။

ပေါ်တူဂီတို့သည် ကမ်းရိုးတန်းဒေသများတွင် အခြေချခဲ့ပြီးနောက် ကမ်းရိုးတန်းနေ လူမျိုးစုများအပေါ် အယ်ဘူကာကီ နှင့် ပေါ်တူဂီ တပ်မှူးများက သွေးလွှမ်းသောတိုက်ပွဲများဖြင့် အောင်နိုင်ခဲ့ကာ သြဇာထူထောင်၍ခံတပ်များဆောက်လုပ်ခဲ့သည်။

ပါရှန်ပင်လယ်ကွေ့၏ တောင်ပိုင်းကမ်းရိုးတန်းကို ဗြိတိသျှတို့က ပင်လယ်ဓားပြ ကမ်းရိုးတန်းဟု သတ်မှတ်ခဲ့သည်။ကမ်းရိုးတန်း တွင်အခြေစိုက်နေကြသည့် Al Qawasim အဖွဲ့သည် ဗြိတိသျှ အလံတင်ထားသည့် သင်္ဘောများကို ၁၇ ရာစုမှ ၁၉ ရာစုအထိ လိုက်လံနှောင့်ယှက်ခဲ့ကြသည်။

ဗြိတိသျှတို့သည် အိန္ဒိယ ကုန်သွယ်ရေး လမ်းကြောင်းကို ကာကွယ်စောင့်ရှောက်ရန် Ras Al Khaimah နှင့် ကမ်းရိုး တန်းတစ်လျောက်ရှိသင်္ဘောဆိပ်များကို ၁၈၀၉ ခုနှစ်နှင့် ၁၈၁၉ ခုနှစ် တွင် တိုက်ခိုက်အောင်မြင်ခဲ့သည်။နောက်တစ်နှစ်တွင် ဗြိတိသျှတို့နှင့် ဒေသခံ အုပ်ချုပ်သူအချို့သည် ရေကြောင်းဆိုင်ရာ သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး ကမ်းရိုးတန်း စော်ဘွား တိုင်းပြည်များဟု အဓိပ္ပယ်ရှိသည့် Trucial States ဟူသည့် အသုံးအနှုန်း ပေါ်ပေါက်လာခဲ့ကာ ၁၈၄၃ ခုနှစ်နှင့် ၁၈၅၃ ခုနှစ် တွင် အခြား စာချုပ်များထပ်မံ ချုပ်ဆိုခဲ့ကြသည်။

၁၈၉၂ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် သီးခြားစာချုပ်အရ ထရူရှယ်စော်ဘွားများသည် ယင်းတို့ နယ်မြေများကို ဗြိတိသျှ မှလွဲ၍ အခြားနိုင်ငံများသို့ မပေးရန်နှင့် ဗြိတိသျှတို့ သဘောမတူဘဲ အခြားနိုင်ငံများနှင့် ဆက်ဆံခြင်းမပြုရန် သဘောတူခဲ့ကြ သည်။အပြန်အလှန်အားဖြင့် ဗြိတိသျှတို့သည် ထရူရှယ်နိုင်ငံများကိုပင်လယ်ရေကြောင်းနှင့် ကုန်းကြောင်းမှ တိုက်ခိုက်လာ မှု များကို ကာကွယ်ပေးရန် သဘောတူခဲ့သည်။

ယင်းစာချုပ်ကို ၁၈၉၂ ခုနှစ် မတ်လ ၆ ရက်မှ ၈ ရက်အတွင်း ဗြိတိန်နှင့် ထရူရှယ်စော်ဘွားများ ဖြစ်သည့် အဘူဒါဘီ၊ ဒူဘိုင်း၊ရှာဂျာ၊အက်ဂျ်မန်၊ရပ်စ် အယ်လ် ခိုင်းမားနှင့် အွမ် အယ်လ် ကူဝိန်း အုပ်ချုပ်သူများက ချုပ်ဆိုခဲ့သည်။ ယင်း သဘော တူညီချက်ကို အိန္ဒိယ ဘုရင်ခံနှင့်လန်ဒန်ရှိ ဗြိတိသျှ အစိုးရတို့က အတည်ပြု လက်မှတ်ထိုးခဲ့ကြသည်။ဗြိတိသျှ တို့၏ စောင့် ရှောက်ပေးမှုကြောင့် ပုလဲရှာဖွေသည့် သင်္ဘောများသည် အတန်အသင့် လုံခြုံစိတ်ချစွာ သွားလာနိုင်ခဲ့ကြပေသည်။

ဗြိတိသျှတို့နှင့် ရေနံ

၁၉ ရာစုနှင့် ၂၀ ရာစု အစောပိုင်းတွင် ပုလဲရှာဖွေရေး လုပ်ငန်းများတိုးတက်ဖွံ့ဖြိုးခဲ့သဖြင့် ပါရှန်ပင်လယ်ကွေ့ တွင် နေ ထိုင်ကြသူများသည်ဝင်ငွေများကောင်းခဲ့ကာ အလုပ်အကိုင်များရရှိခဲ့ကြသည်။သို့သော်ပထမကမ္ဘာစစ်ဖြစ်လာချိန်တွင် ပုလဲ လုပ်ငန်းများ ကို ပြင်းထန်စွာထိခိုက်ခဲ့သည်။၁၉၂၀ ပြည့်နှစ်များ နှောင်းပိုင်းနှင့် ၁၉၃၀ ပြည့်နှစ်များ အစောပိုင်းတို့တွင် ဖြစ်ပွားခဲ့ သည့် စီးပွားရေး အကြပ်အတည်းနှင့် ပုလဲ မွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းပေါ်ထွန်းလာခဲ့ခြင်းတို့ကြောင့် ပင်လယ်ပြင်ပုလဲရှာဖွေ ရေး လုပ်ငန်းများ ရပ်တံ့သွားခဲ့သည်။

ဒုတိယကမ္ဘာစစ် အပြီးတွင် အိန္ဒိယနိုင်ငံအစိုးရက ပါရှန်ပင်လယ်ကွေ့ဒေသ၊ အာရပ်နိုင်ငံ များမှ တင် သွင်းသည့် ပုလဲများအပေါ် အခွန်များမြင့်မားစွာ ကောက်ခံခဲ့သဖြင့် ပါရှန်ဒေသတွင် ပင်လယ်ပြင်ပုလဲရှာ ဖွေရေး လုပ်ငန်းများ အပြီးတိုင်ရပ်တံ့သွားခဲ့သည်။ထို့ကြောင့် ထရူရှယ်နိုင်ငံများသည် စီးပွားရေး အကြပ်အတည်းနှင့် ရင်ဆိုင်ခဲ့ကြရ သည်။

၁၉၂၂ ခုနှစ်တွင် ထရူရှယ် ခေါင်းဆောင်များသည် ဗြိတိသျှ အစိုးရ မသိရှိဘဲ နိုင်ငံခြား ကုမ္ပဏီများအား လုပ်ပိုင်ခွင့် မပေးရန် ဗြိတိသျှတို့နှင့် သဘောတူညီခဲ့သည်။ပါရှန်ဒေသတွင် ရေနံကဲ့သို့သော သဘာ၀ အရင်းအမြစ်များ ဖွံ့ဖြိုးမည့် အလား အလာကိုသိရှိခဲ့သည့် ဗြိတိသျှ ရေနံကုမ္ပဏီ IPC သည် ပင်လယ်ကွေ့ဒေသကို စိတ်ဝင်စားခဲ့သည်။

၁၉၃၅ ခုနှစ်တွင်ကုန်းတွင်း ရေနံ ရှာဖွေရန် ဒေသခေါင်းဆောင်များနှင့် သဘောတူညီခဲ့ကြပြီး ပုလဲ ကုန်သွယ်မှုလုပ်ငန်းပြိုလဲကာ စီးပွားရေး အခက်အခဲကြုံ နေသည့် ထရူရှယ် ကို ဝင်ငွေများရှာဖွေပေးနိုင်ခဲ့သည်။အဘူဒါဘီ ၏ ပထမဆုံးရေနံတွင်းကို ၁၉၅၀ ပြည့်နှစ်တွင် တူးဖော်ခဲ့ရာ စတာလင်ပေါင် တစ်သန်းကုန်ကျခဲ့ပြီး ရေနံမထွက်ခဲ့ချေ။

ဗြိတိသျှတို့သည် ဒေသဖွံ့ဖြိုးရေး ရုံးတစ်ခုဖွင့်ခဲ့ပြီးနောက် ဒေသတွင်းမှ စော်ဘွား ခုနစ်ဦးပါဝင်သည့် ကောင်စီကယင်း ရုံးကို လွှဲပြောင်းရယူခဲ့သည်။၁၉၅၂ ခုနှစ်တွင် ထရူရှယ်နိုင်ငံများကောင်စီကို ဖွဲ့စည်းကာ အာရပ်စော်ဘွားများပြည်ထောင်စု ကို ထူထောင်၍ ကောင်စီကို ဖျက်သိမ်းခဲ့သည်။သို့သော် စော်ဘွားနယ်များအကြားတွင် နယ်မြေသတ်မှတ်ချက်မရှိသဖြင့်အငြင်း ပွားမှုများမကြာခဏဖြစ်ပေါ်ခဲ့ရာ ဗြိတိသျှတို့က Trucial Oman Scouts ခေါ် စစ်တပ်ငယ်ဖြင့် ထိန်းသိမ်းခဲ့ရသည်။

၁၉၅၈ ခုနှစ်မတ်လတွင် ထရူရှယ်ကမ်းရိုးတန်း၌ ရေနံကို စီးပွားဖြစ် တွေ့ရှိခဲ့ကာ ၁၉၆၂ ခုနှစ်တွင်ပြည် ပသို့တင်ပို့ ရောင်း ချနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အဘူဒါဘီ ရေနံကုမ္ပဏီသည် ရေနံမှ ဝင်ငွေများစွာရရှိခဲ့ကာ အဘူဒါဘီစော်ဘွား Zayed bin Sultan Al Nahyan သည် ကျောင်းများ၊လူနေအိမ်များ၊ဆေးရုံများ၊ လမ်းများကို ဆောက်လုပ်ခဲ့သည်။ထို့အတူ ၁၉၆၉ ခုနှစ် တွင် ဒူဘိုင်းစော်ဘွားRashid bin Saeed Al Maktoum သည်ရေနံမှ ရရှိသည့်ငွေများဖြင့် ဒူဘိုင်းကို ခေတ်သစ်ကမ္ဘာ့မြို့ တော် ဖြစ်လာစေရန် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့သည်။

ယူအေအီး လွတ်လပ်ရေး

၁၉၆၈ ခုနှစ်တွင် ဗြိတိသျှ ဝန်ကြီးချုပ် ဟာရိုးလ်ဝီလ်ဆင်သည် ထရူရှယ်စော်ဘွားနယ်မြေ ရှစ်ခု၊ ဘာရိန်း၊ ကာတာတို့ နှင့် သဘောတူစာချုပ်ပါ ဆက်ဆံရေးကို အဆုံးသတ်ကြောင်းကြေညာခဲ့သည်။ထို့ကြောင့် ဘာရိန်းနိုင်ငံသည် ၁၉၇၁ ခုနှစ် သြဂုတ်လတွင်လည်းကောင်း၊ ကာတာနိုင်ငံသည် ၁၉၇၁ ခုနှစ် စက်တင်ဘာလတွင်လည်းကောင်း လွတ်လပ်သောနိုင်ငံ များဖြစ် လာခဲ့ကြသည်။အဘူဒါဘီနှင့် ဒူဘိုင်းစော်ဘွားတို့သည် မိမိတို့ နယ်နှစ်ခုကိုပေါင်းစည်း၍ ပြည်ထောင်စုတစ်ခုကိုဖွဲ့စည်းကာအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့သည်။

၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် အခြားစော်ဘွားနယ်များက အာရပ်စော်ဘွားများပြည်ထောင်စုသို့ ပူးပေါင်းရန် သဘောတူညီခဲ့ကာ ဘာရိန်းနှင့် ကာတာတို့က ပူးပေါင်းရန်ငြင်းပယ်ခဲ့သည်။၁၉၇၂ ခုနှစ် ဇန်ဝါရီလတွင်Ras al-Khaimah က ပူးပေါင်းခဲ့သဖြင့် ဖေဖော်ဝါရီလတွင် ဖက်ဒရယ်အမျိုးသားကောင်စီ (FNC) ကို စော်ဘွား ၇ ဦးက ခန့်အပ်သည့် အဖွဲ့ဝင် ၄၀ ဦး ဖြင့် ဖွဲ့စည်းခဲ့သည်။

ယူအေအီးနိုင်ငံပေါ်ထွန်းခဲ့ပြီးနောက် ၁၉၇၁ ခုနှစ် ဒီဇင်ဘာလတွင် အာရပ်နိုင်ငံများ အဖွဲ့ချုပ်နှင့် ကုလသမဂ္ဂအဖွဲ့ သို့ ဝင်ခဲ့သည်။အီရတ်နိုင်ငံက ၁၉၉၀ ပြည့်နှစ်တွင် ကူဝိတ်နိုင်ငံအားကျူးကျော် တိုက်ခိုက်ခဲ့စဉ်က ယူအေအီးတပ်များသည် အီရတ် ကို တိုက်ခိုက်သည့် မဟာမိတ်တပ်များနှင့်ပူးပေါင်းခဲ့သည်။ထို့အပြင် အာဖဂန်စစ်ပွဲ(၂၀၀၁ ခုနှစ်) နှင့် အီရတ်စစ်ပွဲ(၂၀၀၃ ခုနှစ်)တို့တွင်ပါဝင်ခဲ့သည်။

ယူအေအီးသည် စစ်ရေးဆိုင်ရာ ကာကွယ်ရေး သဘောတူစာချုပ်ကို ၁၉၉၄ ခုနှစ်တွင်အမေရိကန်ပြည်ထောင်စုနှင့် လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင်ပြင်သစ်နှင့် လည်ကောင်း လက်မှတ်ရေးထိုးခဲ့ကာ ၂၀၁၁ ခုနှစ် မတ်လတွင် လစ်ဗျားနိုင်ငံအား တိုက်ခိုက်သည့် နိုင်ငံတကာ စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည်။

၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်တွင် ယူအေအီးနိုင်ငံ၏ ပထမဆုံး သမ္မတ ဖြစ်သူ Sheikh Zayed bin Sultan Al Nahyan ကွယ်လွန်ခဲ့ပြီး သားအကြီးဆုံးဖြစ်သူ Khalifa bin Zayed Al Nahyan က အဘူဒါဘီစော်ဘွားအဖြစ်ဆက်ခံ ခဲ့ပြီး နောက်ဖွဲ့စည်းပုံအခြခံဥပဒေအရ ယူအေအီးနိုင်ငံ၏ သမ္မတအဖြစ်ရွေးချယ်ခဲ့သည်။

၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဝန်ကြီးချုပ် ဒူဘိုင်းစော်ဘွား Sheikh Maktoum bin Rashid Al Maktoum ကွယ်လွန် ခဲ့သဖြင့် ဒူဘိုင်းအိမ်ရှေ့မင်းသားSheikh Mohammed bin Rashid Al Maktoum က ရာထူးများကို ဆက်ခံခဲ့သည်။၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်တွင် ပထမဆုံး ရွေးကောက်ပွဲကိုကျင်းပခဲ့သည်။

နိုင်ငံရေးစနစ်

ယူအေအီးနိုင်ငံသည် မျိုးရိုးစဉ်ဆက် အရိုက်အရာ ဆက်ခံသော သက်ဦးဆံပိုင် ဖက်ဒရယ်စနစ်ကိုကျင့်သုံး၍ စော်ဘွား နယ် ၇ ခုက ဖွဲ့စည်ပေးသည့် ဖက်ဒရယ် ထိပ်သီးကောင်စီက အုပ်ချုပ်သည်။အစိုးရသို့ အပ်နှင်း မထားသည့် တာဝန်များကို စော်ဘွားများက ကျင့်သုံးကာ စော်ဘွားနယ်တစ်ခုစီမှ ရရှိသည့် ဝင်ငွေ ရာခိုင်နှုန်းတစ်ခုကို ပြည်ထောင်စု ဗဟို ငွေစာရင်းသို့ ပေးကြသည်။

သမ္မတနှင့် ဝန်ကြီးချုပ်ကို ဖက်ဒရယ် ထိပ်သီးကောင်စီက ရွေးချယ်သော်လည်း မျိုးရိုးစဉ်ဆက် ဆက်ခံသည့် အတိုင်း သာကျင့်သုံးသည်။အဘူဒါဘီ စော်ဘွားသည် သမ္မတ တာဝန်ကိုယူ၍ ဒူဘိုင်းစော်ဘွားက ဝန်ကြီးချုပ်တာဝန်ကို ယူသည်။ ဝန်ကြီးချုပ်မှလွဲ၍ ကျန်စော်ဘွားများက ဒုတိယ သမ္မတတာဝန်များကို ထမ်းဆောင်ကြသည်။

ယူအေအီးကို သက်ဦးဆံပိုင်စနစ်ကျင့်သုံးသည့် နိုင်ငံအဖြစ်ဖော်ပြကြသော်လည်း နယူးယောက်တိုင်းမ် သတင်းစာကတိုးတက်မှုများဖြင့် ထွန်းလင်းတောက်ပနေသည့် ခေတ်မီ သက်ဦးဆံပိုင် နိုင်ငံဟု ရေးသားခဲ့သည်။သို့သော် လွတ်လပ်မှု အညွှန်း ကိန်းတွင် ယူအေအီးနိုင်ငံသည် အလွန်ဆိုးရွားသော အဆင့်တွင်ရှိသည်။

နိုင်ငံတကာ ဆက်ဆံရေး

ယူအေအီးသည် အခြားနိုင်ငံများနှင့် သံတမန်ရေး၊စီးပွားရေး ကျယ်ပြန့်စွာ ဆက်ဆံလျက်ရှိကာ အိုပက်အဖွဲ့နှင့် ကမ္ဘာ့ ကုလသမဂ္ဂတွင် အရေးပါသော နေရာတွင်ရှိပြီး ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(GCC)ကို စတင်တည်ထောင်ခဲ့ သည့် နိုင်ငံတစ်ခုလည်းဖြစ်သည်။ပူးပေါင်းဆောင်ရွက်ရေးကို အခြေခံသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်။ လွတ်လပ်ရေး ရရှိပြီး အစောပိုင်းကပင် ဂျပန်နိုင်ငံနှင့်သံတမန်ဆက်သွယ်ရေး ထူထောင်ခဲ့သည်။

ယူအေအီးနိုင်ငံသည် အာရပ်နိုင်ငံနှင့် မွတ်ဆလင်နိုင်ငံများသို့ အကူအညီများစွာပေးခဲ့ရာ ထောက်ပံ့မှု တန်ဘိုး အမေရိ ကန် ဒေါ်လာ ၁၅ ဘီလျံအထိ ရှိခဲ့သည်။အီဂျစ်နိုင်ငံနှင့် ရှည်ကြာခိုင်မာသော ဆက်ဆံရေးရှိကာ အီဂျစ်နိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသည်။ယူအေအီးနိုင်ငံတည်ထောင်ခဲ့စဉ်က ပထမဆုံး အသိအမှတ်ပြုခဲ့သည့် ပါကစ္စတန်နိုင်ငံသည် ယူအေအီး၏ အဓိကစီးပွားရေးနှင့် ကုန်သွယ်ဖက်နိုင်ငံဖြစ်ကာ ပါကစ္စတန်နိုင်ငံသား ကျွမ်းကျင်ပညာရှင် လေးသိန်းသည် ယူအေအီးတွင် အလုပ်လုပ်နေကြသည်။

ထို့အတူ တရုတ်နိုင်ငံနှင့် ခိုင်မာသော စီးပွားရေး၊နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆက်ဆံမှုရှိကာ ယူအေအီး နိုင်ငံတွင် အလုပ်လုပ်နေကြသည့် ကျွမ်းကျင် အရာထမ်းများတွင် အိန္ဒိယ လူမျိုးများက အများဆုံးဖြစ်သည်။ယူကေ နှင့် ဂျာမနီ နိုင်ငံတို့သို့ ယူအေအီးသည် ပို့ကုန်အများဆုံးတင်ပို့ရောင်းချသည်။

ယူအေအီးသည် အာဖဂန်နစ္စတန် တာလီဘန်အစိုးရကို ပါကစ္စတန်၊ ဆော်ဒီအာရေဗျတို့နှင့်အတူပထမဆုံး အသိ အမှတ်ပြုခဲ့သည်။သို့သော် ၂၀၀၁ ခုနှစ် စက်တင်ဘာတိုက်ခိုက်မှုအပြီးတွင် တာလီဘန်တို့နှင့် သံတမန်အဆက်အသွယ် ဖြတ်ခဲ့သည်။

ယူအေအီး တပ်မတော်

ပြင်သစ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ယူအေအီးနိုင်ငံနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသဘော တူညီမှုနှင့် စစ်လက်နက် ပံ့ပိုးရောင်းချရေးတွင် မဟာဗျူဟာကျသည့်ကဏ္ဍမှ ပါဝင်နေသည်။၂၀၁၃ ခုနှစ်တွင် ယူအေအီးသည် ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ် အစီး ၆၀ ဝယ်ယူရန် ဆွေးနွေးခဲ့သည်။

ယူအေအီးတပ်မတော်သည် စတင်ဖွဲ့စည်းအင်အားသေးငယ်ခဲ့သော်လည်း ယခုအခါတွင် အင်အားတောင့်တင်းလျက် ပြည်ပမှ ဝယ်ယူထားသည့် ခေတ်မီလက်နက်များတပ်ဆင်ထားသည်။အရာရှိ အများစုသည် အနောက်နိုင်ငံစစ်တက္ကသိုလ်ဆင်း များ ဖြစ်ကြသည်။၂၀၀၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံက အဘူဒါဘီတွင် အခြေစိုက် လေတပ်စခန်းတစ်ခုကို ဖွင့်လှစ်ခဲ့သည်။၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း၌ ယူအေအီးသည် ကမ္ဘာ့ လက်နက်တင်သွင်းမှု တတိယ အများဆုံးနိုင်ငံအဆင့်တွင် ရပ်တည်ခဲ့သည်။

အထွေထွေ

ယူအေအီး၏ တရားစီရင်ရေးစနစ်တွင် ရာဇဝတ်မှု တရားရုံး၊ တရားမမှု တရားရုံးနှင့် Sharia တရားရုံးတို့ကို ဖွဲ့စည်း သည်။အိမ်ထောင်ရေး ဖောက်ပြန်ခြင်း၊လက်မထပ်မီ လိင်ဆက်ဆံခြင်း၊အရက်သောက်ခြင်းတို့ကို ကြိမ်ဒဏ်ပေးကာ သေဒဏ်ကို လည်းကျင့်သုံးသည်။

ယူအေအီး၏ စီးပွားရေးသည် ပင်လယ်ကွေ့ဒေသတွင် ဆော်ဒီအာရေဗျပြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်ကာ ၂၀၁၂ ခုနှစ် တွင် GDP အမေရိကန်ဒေါ်လာ ၃၇၇ ဘီလျံ ရှိခဲ့သည်။ယူအေအီးနိုင်ငံ ခရီးသွားလုပ်ငန်းဝင်ငွေ၏ ၆၆ ရာခိုင်နှုန်းကို ဒူဘိုင်းမှရရှိ ပြီး ၁၆ ရာခိုင်နှုန်းကို အဘူဒါဘီမှ ရရှိသည်။ ၂၀၁၃ ခုနှစ်တွင် ဒူဘိုင်းသို့ ကမ္ဘာလှည့်ခရီးသွား ၁၀ သန်းလာရောက်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သည် လန်ဒန် ဟိသရိုးလေဆိပ်ကိုကျော်လွန်ကာ ကမ္ဘာ့ အလုပ်အများဆုံးလေ ယာဉ် ကွင်းဖြစ်လာခဲ့သည်။

ဆက်သွယ်ရေးကဏ္ဍတွင် ယူအေအီး၌ ၂၀၁၂ ခုနှစ်တွင် အင်တာနက်သုံးစွဲသူ ၂ ဒသမ ၆၆ သန်းရှိခဲ့သည်။အားကစား နယ်ပယ်တွင် ဘောလုံးကို လူကြိုက်များသည်။ပညာရေးတွင် အခမဲ့သင်ကြားသည့် အစိုးရကျောင်းများနှင့် အခကြေးငွေယူသည့် ကိုယ်ပိုင်ကျောင်းများနှင့် ထင်ရှားသည့် တက္ကသိုလ်ကြီးလေးခုရှိသည်။၂၀၁၁ ခုနှစ်တွင် ယူအေအီး၏ စာတတ်မြောက်မှုနှုန်း သည် ၉၀ ရာခိုင်နှုန်းဖြစ်သည်။

၂၀၁၈ ခုနှစ် တွင် လူဦးရေ ၉ ဒသမ ၅၄၃ သန်းသာရှိသည့် ယူအေအီးနိုင်ငံတွင် လူဦးရေ ၇၆ ရာခိုင်နှုန်းသည် အစ္စလာမ် ဘာသာကို ကိုးကွယ်၍ ဗုဒ္ဓဘာသာကိုးကွယ်သူ ၂ ရာခိုင်နှုန်းရှိသည်။လူတစ်ဦးချင်းပျမ်းမျှ သက်တမ်းသည် ၇၆ ဒသမ ၉၆ နှစ်ဖြစ်သည်။နှလုံးနှင့် သွေးကြောဆိုင်ရာများကို အများဆုံးခံစားနေကြရသည့် ယူအေအီးနိုင်ငံသား ၃၇ ဒသမ ၂ ရာခိုင်နှုန်း သည် အဝလွန်နေကြသည်။

ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီကို ဦးစီး တည်ထောင်ခဲ့သည့် ယူအေအီးနိုင်ငံသည် တင်းကြပ်သော ဥပဒေများကို ကျင့်သုံးကာ နိုင်ငံ အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းထားသည်။သို့သော် ယူအေအီးသည်ပါရှန်ပင်လယ်ကွေ့ ဒေသတွင် စီးပွားရေးနှင့် စစ်အင်အားကြီးထွားမှုနှင့်အတူ ထိပ်သီး နိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိကာ အထူးသဖြင့် အစ္စလာမ်ဘာသာ ကိုးကွယ်သည့် နိုင်ငံများကို ကူညီထောက်ပံ့မှုများစွာ ပေးအပ်လျက်ရှိနေပေသည်။

ကောင်းစည်သူ ( သုတအလင်း မဂ္ဂဇင်း)

Leave a Reply

Your email address will not be published. Required fields are marked *