မြူးနစ်မြို့ အကြောင်း သိကောင်းစရာ

Posted on

မြူးနစ်မြို့ဟာ Bavaria နယ်ရဲ့ မြို့တော်ဖြစ်သလို ဂျာမနီနိုင်ငံရဲ့ ဒုတိယလူဦးရေအများဆုံး ဖက်ဒရယ်ပြည်နယ်လည်း ဖြစ်ပါတယ်။မြူးနစ်ဟာ Bavaria ရဲ့အထက်ပိုင်းလွင်ပြင်ဒေသမှာ တည်ရှိပြီး Alps တောင်တန်းတွေနဲ့ ၃၁မိုင် ခန့် အကွာမှာ တည်ရှိပါတယ်။

၂၀၂၀ ခုနှစ် စာရင်းအရ မြူးနစ်မြို့ရဲ့လူဦးရေဟာ ၁.၅သန်း ခန့်ရှိပြီး ဘာလင် နဲ့ ဟမ်းဘတ်မြို့တွေရဲ့နောက် ဂျာမနီနိုင်ငံရဲ့ တတိယလူဦးရေအများဆုံး မြို့လည်းဖြစ်ပါတယ်။ မြို့ဧရိယာတခုလုံးမှာဆိုရင်တော့ လူဦးရေ ၆သန်းခန့် နေထိုင်ပါတယ်။

မြူးနစ်မြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၇၁၀ ခန့်မှာ တည်ရှိနေတာဖြစ်ပြီး ဧရိယာကတော့ စတုရန်းမိုင်ပေါင်း ၁၂၀ ခန့် ရှိပါတယ်။မြို့ရဲ့အမည်ကတော့ ဂျာမန်စကားလုံး Munichen ကနေ ဆင်းသက်လာတာဖြစ်ပြီး “ဘုန်းတော်ကြီးများ အားဖြင့်” လို့ အဓိပ္ပါယ် ရပါတယ်။

မြူးနစ်မြို့ရဲ့အစဟာ အေဒီ ၇၅၀ ခန့်မှာ တည်ထောင်ခဲ့တဲ့ Benedictine ဘုန်းတော်ကြီးကျောင်းကနေ စတင်ခဲ့ပါတယ်။ အေဒီ ၁၁၅၈ မှာတော့ မြို့အဖြစ် စတင် ဖြစ်ပေါ်လာခဲ့ပါတယ်။ အနှစ် ၃၀ စစ်ပွဲ ကာလအတွင်း ထင်ရှားတဲ့ အချက်အခြာနေရာတခု ဖြစ်ခဲ့ပါတယ်။၁၉ရာစု အစောပိုင်းကာလက Bavaria နယ်ဟာ အချုပ်အခြာပိုင် ဘုရင့်နိုင်ငံ တခုဖြစ်ခဲ့ပြီး အဲဒီကာလက မြူးနစ်မြို့ဟာ ဥရောပရဲ့ ဗိသုကာ ၊ စာပေ ၊ အနုပညာ နဲ့ သိပ္ပံဆိုင်ရာ ဗဟိုဌာနတခုဖြစ်ခဲ့ဖူးပါတယ်။

၁၉၁၈ ခုနှစ် ဂျာမန်တော်လှန်ရေးကာလအတွင်းမှာတော့ Bavaria အုပ်စိုးသူတွေဟာ နန်းစွန့်ဖို့ ဖိအားပေးခံရပြီးတဲ့နောက် မြူးနစ်ဟာ ဆိုရှယ်လစ်သမ္မတနယ်မြေ ခဏတာ ဖြစ်ခဲ့ပါသေးတယ်။၁၉၂၀ ခုနှစ်ဝန်းကျင်မှာတော့ မြူးနစ်မြို့ဟာ နိုင်ငံရေး ပါတီများအခြေစိုက်ရာ နေရာတခုဖြစ်ခဲ့ပြီး ဒီအထဲမှာ အမျိုးသားဆိုရှယ်လစ် ဂျာမန်အလုပ်သားပါတီ (ဝါ) နာဇီပါတီဟာ အထင်ရှားဆုံးဖြစ်ပါတယ်။ နာဇီပါတီ အာဏာရလာပြီးတဲ့နောက် မြူးနစ်ဟာ လူထုလှုပ်ရှားမှုရဲ့ မြို့တော်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာတော့ မြူးနစ်မြို့ဟာ ဗုံးဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပါတယ်။ ဗုံးဒဏ်ကြောင့် မြို့ရဲ့ ၅၀% ပျက်စီးရသလို သမိုင်းဝင်အဆောက်အအုံ ၉၀% ဆုံးရှုံးခဲ့ရပါတယ်။ ၁၉၄၉ ခုနှစ်မှာတော့ အမေရိကန်တို့ ဝင်ရောက်လာခြင်းကို ခံရပြီး ၁၉၅၀ ခုနှစ်ဝန်းကျင်ကာလမှာတော့ လူဦးရေ ၊ စီးပွားရေး နဲ့ တည်ဆောက်မှုများ အလျှင်အမြန်တိုးတက်လာခဲ့ပါတယ်။ ဒီကာလကို economic miracle လို့ ခေါ်ပါတယ်။

မြူးနစ်မြို့မှာ ၁၉၇၂ ခုနှစ် နွေရာသီ အိုလံပစ်ပွဲတော်ကျင်းပခဲ့ပြီး ၁၉၇၄ ခုနှစ် ၊ ၂၀၀၆ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားပွဲများ လက်ခံကျင်းပခဲ့ရာ မြို့တမြို့လည်းဖြစ်ခဲ့ပါတယ်။ယနေ့အချိန်မှာတော့ မြူးနစ်မြို့ဟာ အနုပညာ ၊ သိပ္ပံ ၊ နည်းပညာ ၊ စာအုပ်စာပေ ၊ ယဉ်ကျေးမှု ၊ တီထွင်မှု ၊ ပညာရေး ၊ ငွေကြေးဝန်ဆောင်မှု နဲ့ ခရီးသွားလာရေးဝန်ဆောင်မှု လုပ်ငန်းများ ထွန်းကားတဲ့မြို့တော်တခုဖြစ်နေပါပြီ။

လူနေမှုစနစ်အမြင့်မားဆုံး မြို့များစာရင်းမှာ ဂျာမနီနိုင်ငံရဲ့ ပထမနေရာကို ရရှိထားသလို ၂၀၁၈ ခုနှစ် Mercer survey စစ်တမ်းအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကမ္ဘာ့တတိယနေရာကိုလည်း ရွေးချယ်ခံထားရပါတယ်။ကမ္ဘာ့နေချင့်စဖွယ်အကောင်းဆုံးမြို့များစာရင်းမှာလည်း မကြာခဏ ရွေးချယ်ခံရပြီး ဂျာမနီရဲ့ အတိုးတက်ဆုံးမြို့တမြို့လည်း ဖြစ်ပါတယ်။

မြူးနစ်မြို့ရဲ့ အဓိက စီးပွားရေးကတော့ အဆင့်မြင့်နည်းပညာများ ၊ မော်တော်ယာဉ်ထုတ်လုပ်မှု နဲ့ စက်မှုဆိုင်ရာ ပစ္စည်းများ ၊ အိုင်တီနည်းပညာ ၊ ဇီဝနည်းပညာ ၊ အီလက်ထရောနစ် စတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ကမ္ဘာကျော် အကြီးစားကုမ္ပဏီကြီးတွေဖြစ်တဲ့ BMW, Siemens, MAN, Linde, Allianz နဲ့ MunichRE တို့ရဲ့ အခြေစိုက်ရာမြို့လည်းဖြစ်ပါတယ်။

မြူးနစ်ဟာ ဂျာမနီရဲ့ စီးပွားရေးအကောင်းဆုံးမြို့ဖြစ်ပြီး ဂျာမနီတောင်ပိုင်းတခုလုံးရဲ့ အဓိကစီးပွားရေးမြို့တော်လည်းဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် စာရင်းအရ ဒီမြို့နေထိုင်သူစုစုပေါင်းရဲ့ ၅.၄% သာ အလုပ်မရှိသူတွေဖြစ်ပြီး ဒါဟာ ဂျာမနီရဲ့ ဘယ်မြို့ထက်မဆို အနည်းဆုံးနှုန်းလည်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စာရင်းအရ မြူးနစ်မြို့နေထိုင်သူ တဦးရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ ၇၉,၆၉၀ ယူရို ဖြစ်ပါတယ်။

ပညာရေး နဲ့ ပတ်သက်ရင်လည်း သုတေသန ၊ သိပ္ပံ ဆိုင်ရာ တက္ကသိုလ်တွေ ၊ အင်စတီကျူ့တွေ အလွန်ပေါများပါတယ်။ မြူးနစ် နည်းပညာ တက္ကသိုလ် နဲ့ Ludwig-Maximilians တက္ကသိုလ်တွေကတော့ ကမ္ဘာ့အဆင့်မီ ထိပ်တန်း တက္ကသိုလ်ကြီးတွေဖြစ်ပါတယ်။

မြူးနစ်ဟာ မီဒီယာလုပ်ငန်းတွေ ထွန်းကားတဲ့မြို့ဖြစ်ပြီး ဥရောပရဲ့စာပေထုတ်လုပ်ရေးဆိုင်ရာ အကြီးဆုံးမြို့လည်းဖြစ်ပါတယ်။ Süddeutsche Zeitung လို ဂျာမနီရဲ့အကြီးဆုံးသတင်းစာဟာ ဒီမြို့မှာ အခြေစိုက်သလို ဥရောပရဲ့အကြီးဆုံးရုပ်ရှင်စတူရီယို တခုဖြစ်တဲ့ Bavaria ရုပ်ရှင်စတူရီယိုဟာလည်း ဒီမြို့မှာရှိနေပါတယ်။မြူးနစ် နိုင်ငံတကာလေဆိပ်ဟာ ဂျာမနီရဲ့ဒုတိယအကြီးဆုံး နဲ့ ဥရောပရဲ့ ၉ ခုမြောက် အလုပ်ရှုပ်ဆုံးလေဆိပ်လည်းဖြစ်ပါတယ်။ ဒီလေဆိပ်ကြီးဟာ ၂၀၁၉ ခုနှစ်က ဆိုလျှင် ခရီးသွား ၄၈ သန်းနီးပါးကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။

မြူးနစ်ကို ဥရောပရဲ့ ဘီယာမြို့တော်လို့ လည်း သိကြပါတယ်။ ဘီယာ ခန်းမ နဲ့ ဘီယာဥယျာဉ်ပေါင်းများစွာ ဒီမြို့မှာ ရှိနေပါတယ်။ ကမ္ဘာ့အကြီးဆုံး ဘီယာပွဲတော်လို့ လူသိများတဲ့ Oktoberfest ပွဲတော် ကျင်းပရာ မြို့လည်းဖြစ်ပါတယ်။ ကမ္ဘာတဝန်းက လူပေါင်း ၆ သန်းခန့်ဟာ ဒီပွဲတော်ကို လာရောက်ဆင်နွဲလေ့ရှိကြပါတယ်။ ပွဲတော်ရဲ့ အဖျော်ယမကာအဖြစ် ဘီယာကို တရားဝင်ခွင့်ပြုထားတာ ၁၈၉၂ ခုနှစ်ကနေ ယနေ့ထိတိုင်ပဲဖြစ်ပါတယ်။

မြို့လယ်မှာရှိတဲ့ Marienplatz ရင်ပြင်ကတော့ ၁၂ ရာစုကတည်းက မြို့တော်ရဲ့ အဓိကရင်ပြင် ဖြစ်ခဲ့ပါတယ်။ ရှေးခေတ် ဗိသုကာလက်ရာအဆောက်အအုံများ တည်ရှိရာနေရာဖြစ်ပါတယ်။ Munich Residenz ကတော့ ရှေးခေတ် Bavaria နယ် အုပ်စိုးသူတွေရဲ့နန်းတေ်ာဖြစ်ပြီး ရှေးခေတ် ဗိသုကာလက်ရာ အဆောက်အအုံတွေပါဝင်ပါတယ်။ နန်းဆောင်အပြင် ပြတိုက်တွေ ၊ ပြခန်းတွေ ဝတ်ပြုဆောင်တွေ ပါဝင်နေပါတယ်။ ရှေးခေတ် ပန်းချီ ၊ ပန်းပု နဲ့ အသုံးအဆောင်တွေကို ပြသထားပါတယ်။

Deutsches ပြတိုက်ကတော့ Isar မြစ်ကမ်းပေါ်မှာ တည်ရှိနေပါတယ်။ ဒီပြတိုက်ဟာ သိပ္ပံ နဲ့ နည်းပညာဆိုင်ရာ ကမ္ဘာ့အကြီးဆုံးပြတိုက်ဖြစ်ပြီး သိပ္ပံနယ်ပယ်ပေါင်း ၅၀ ခန့်က ပစ္စည်းစုစုပေါင်း ၂၈၀၀၀ လောက်ကို ပြသထားပါတယ်။ ၁၉၀၃ ခုနှစ်ကတည်းက ဖွင့်လှစ်ထားတာဖြစ်ပြီး နှစ်စဉ် လူဦးရေ ၁သန်းခွဲခန့် လာရောက်လေ့ရှိတဲ့ပြတိုက်လည်းဖြစ်ပါတယ်။

မြူးနစ်က ထင်ရှားတဲ့ အဆောက်အအုံတွေထဲမှာ ကမ္ဘာကျော် ကားကုမ္ပဏီကြီး BMW ရဲ့ ဌာနချုပ်လည်း ပါဝင်ပါတယ်။ ကားအင်ဂျင်ထဲက ဆလင်ဒါလေးလုံး ထောင်ထားတဲ့ ပုံသဏ္ဍာန်တည်ဆောက်ထားတာဖြစ်ပြီး ၁၉၆၈ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ပြတိုက်ပါတွဲလျက်တည်ဆောက်ထားတာဖြစ်ပြီး သမိုင်းဝင် အဆောက်အဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

မြူးနစ်ဟာ ဂျာမန်ဘောလုံးအသင်းတွေအခြေစိုက်ရာ မြို့တခုဖြစ်ပြီး ဒီအထဲမှာ အထင်ရှားဆုံးကတော့ ဘိုင်ယန်မြူးနစ် အသင်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမနီရဲ့အအောင်မြင်ဆုံး ကလပ်အသင်းဖြစ်ပြီး အမှတ်ပေးဖလား ၃၁ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား ၆ ကြိမ် ရရှိထားတဲ့အသင်းလည်းဖြစ်ပါတယ်။ ဘောလုံးအသင်းတွေအပြင် ဘတ်စ်ကတ်ဘော နဲ့ ဟော်ကီ အသင်းတွေလည်း ဒီမြို့မှာ အခြေစိုက်ပါတယ်။

မြူးနစ်မြို့ရဲ့အခြားထင်ရှားတဲ့ နေရာတွေကတော့ Englischer Garten ၊ Nymphenburg နန်းတော် နဲ့ ဥယျာဉ် ၊ အိုလံပစ်ပန်းခြံ ၊ Hellabrunn တိရစ္ဆာန်ဥယျာဉ် ၊ Kunstareal အနုပညာပြတိုက် ၊ စိန့်ပီတာဘုရားကျောင်း ၊ စိန့်မိုက်ကယ်ဘုရားကျောင်း ၊ Frauenkirche ကာသီဒြယ် နဲ့ Cuvilliés ကဇာတ်ရုံတွေပဲ ဖြစ်ပါတယ်။

One thought on “မြူးနစ်မြို့ အကြောင်း သိကောင်းစရာ

Comments are closed.