ဘူတန်နိုင်ငံ အကြောင်း သိကောင်းစရာ

Posted on

ဘူတန်နိုင်ငံဟာ ဟိမဝန္တာ တောင်တန်း၏ အရှေ့ဘက်တွင် တည်ရှိသော တောင်အာရှ ဒေသ ရှိ ကုန်းတွင်းပိတ်နိုင်ငံ ငယ်လေး ဖြစ်ပါတယ်။ ဘူတန် လို့ခေါ်နေကြပေမယ့် သူ့ရဲ့တကယ့်နာမည်အမှန်က ဘူတန်ဘုရင့်နိုင်ငံ(Kingdom of Bhutan) ဖြစ်ပါတယ်။ အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့တွင် အိန္ဒိယနိုင်ငံ၊ မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါတယ်။

ဘူတန်နိုင်ငံရဲ့အကျယ်အဝန်းက ၁၄,၈၂၄ စတုရန်းမိုင်ဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ ၁၃၃ ခု မြောက်ဧရိယာအကြီးဆုံး နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စာရင်းအရ ဘူတန်နိုင်ငံရဲ့ လူဦးရေဟာ ၇၅၄,၃၈၈ ဦး ဖြစ်ပါတယ်။ လူနေအလွန်ကျဲပါးပြီး ၁ စတုရန်းမိုင်လျှင် လူဦးရေ ၅၀ ခန့်သာ နေထိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ရုံးသုံးဘာသာစကားအနေနဲ့ ဂျောင်ခါ Dzongkha ဘာသာစကားကို အသုံးပြုပြီး ဂျောင်ခါ ဆိုတာ နန်းသုံးဘာသာစကားလို့ အဓိပ္ပါယ်ရပါတယ်။

ဘူတန်နိုင်ငံမှာ Dzongkhag လို့ခေါ်တဲ့ အုပ်ချုပ်ရေးနယ်မြေ ၂၀ ခုနဲ့အတူ ရွာစုပေါင်း ၂၀၀ ခန့် ပါဝင်ပါတယ်။ အကြီးဆုံး နဲ့ မြို့တော်ကတော့ သင်ဖူဖြစ်ပြီး လူဦးရေ ၁၁၄,၅၅၁ ဦး ခန့် နေထိုင်ကြပါတယ်။ သင်ဖူမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၇၃၇၅ပေ မှာ တည်ရှိနေပြီး ကမ္ဘာပေါ်မှာ ၅ ခု မြောက်အမြင့်ဆုံး မြို့တော် ဖြစ်ပါတယ်။ အခြားထင်ရှားတဲ့မြို့နှစ်မြို့ကတော့ Phuntsholing နဲ့ Paro မြို့တို့ဖြစ်ပါတယ်။

ဘူတန်ဟာ ဘုန်းကြီးကျောင်းတွေ ၊ တောင်ကုန်းတောင်စောင်းတွေရဲ့ သဘာဝမြင်ကွင်းတွေကြောင့် ထင်ရှားပါတယ်။ ဘူတန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်က Gangkhar Puensum ဂန်ခါပွန်ဇန်တောင်ဖြစ်ပြီး အမြင့်ပေ ၂၄၈၄၀ မြင့်ပါတယ်။ ဒီတောင်ဟာ ကမ္ဘာပေါ်မှာ လူတွေတက်ရောက်နိုင်ခြင်း မရှိသေးတဲ့ အမြင့်ဆုံးတောင်လည်း ဖြစ်ပြီး နာမည်ရဲ့ အဓိပ္ပါယ်က ဝိညာဉ်ညီအစ်ကိုသုံးယောက်ရဲ့ အဖြူရောင်တောင်ထိပ် လို့ အဓိပ္ပါယ်ရပါတယ်။

ဟိမဝန္တာတောင်တန်းဟာ ဘူတန်နိုင်ငံရဲ့မြောက်ဘက်ပိုင်းမှာ တည်ရှိနေပြီး ဒီတောင်တန်းတွေထဲမှာ မီတာ ၇၀၀၀ထက်မြင့်တဲ့ တောင်ထွတ်တွေ အများအပြားရှိနေပါတယ်။ ဘူတန်နိုင်ငံမှာ သဘာဝရေကန်ကြီးပေါင်း ၅၉ ခု ရှိနေပြီး ရေခဲမြစ်ကန်ရေကန်ပေါင်း ၂၀၀၀ ကျော် ရှိနေပါတယ်။ အမျိုးသားဘာဝဥယျာဉ် ၊ ဘေးမဲ့တော ၁၀ ခု ခန့် ရှိနေပါတယ်။

ဘူတန်နိုင်ငံရဲ့ ဘုန်းတော်ကြီးကျောင်းတွေထဲမှာ အထင်ရှားဆုံးကတော့ Paro Taktsang ဘုန်းကြီးကျောင်းဖြစ်ပါတယ်။ ဘူတန်နိုင်ငံရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ဒီ တိဘက်ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကတော့ ဘူတန်နိုင်ငံ ပါရိုတောင်ကြားဒေသမှာ တည်ရှိပါတယ်။ ဒီဘုန်းကြီးကျောင်းရဲ့နာမည်က တက်ဆန်ဘုန်းကြီးကျောင်း(Taktsang Monastery) ဖြစ်ပေမယ့် ဒဏ္ဍာရီအရ ကျားသိုက်လို့လည်း ခေါ်ကြပါတယ်။ အမြင့်ပေ ၃၀၀၀ ရှိတဲ့ ချောက်ကမ်းပါးအစွန်းမှာရှိတဲ့ ဒီဘုန်းကြီးကျောင်းကို ၁၉၆၂ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဘူတန်ရဲ့ ထင်ရှားတဲ့နောက်ထပ် အဆောက်အဦးတခုကတော့ Punakha Dzong ဆိုတဲ့ အဆောက်အဦးပါ။ Dzong ဆိုတာက ဘူတန် နဲ့ တိဘက် တို့မှာဆောက်လုပ်လေ့ရှိတဲ့ ဗိသုကာစတိုင် သစ်သားအဆောက်အဦးတွေကို ခေါ်တာပါ။

Punakha နယ်မြေရဲ့ အုပ်ချုပ်ရေးစင်တာလည်းဖြစ်ပြီး ၁၉၅၅ ခုနှစ်အထိ ဘူတန်ဘုရင်ရဲ့ အစိုးရအဖွဲ့ရဲ့ အဆောက်အဦးဖြစ်ခဲ့ပါတယ်။ ၁၇ ရာစုကာလကတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပြီး ယူနက်စကို စောင့်ကြည့် စာရင်းဝင် အဆောက်အဦးလည်း ဖြစ်ပါတယ်။

သင်ဖူမြို့ရဲ့ မြောက်ပိုင်းအစွန်မှာ တည်ရှိတဲ့ Tashichho Dzong ကတော့ ဘုန်းကြီးကျောင်း နဲ့ ခံတပ် အဆောက်အဦးဖြစ်ပါတယ်။ မူလဘုရားကျောင်း အဆောက်အဦးကို ၁၃ ရာစုအစောပိုင်းမှာ တည်ဆောက်ခဲ့ပေမယ့် ၁၇၇၂ ခုနှစ်မှာ မီးလောင်ပြီးပျက်စီးခဲ့တာကြောင့် ယခုလက်ရာက ၁၈ ရာစု လက်ရာ အဆောက်အဦးဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်ကတည်းက အစိုးရ ရုံးထိုင်ရာ အဆောက်အဦးဖြစ်ခဲ့ပြီး ဘုရင် နဲ့ ဝန်ကြီးတွေရဲ့ ရုံးခန်းတွေ ရှိနေတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ရာ ဘူတန်မှာ ဘုရားကျောင်းကန်တွေများစွာ ရှိနေပြီး ဒီအထဲက Buddha Dordenma statue စကြမုနိ ဗုဒ္ဓရုပ်ပွားတော်ဟာ သင်ဖူမြို့ တောင်ကုန်းတခုပေါ်မှာ တည်ရှိနေပါတယ်။

ဘူတန်ဘုရင်(လက်ရှိဘူတန်ဘုရင်ရဲ့ ခမည်းတော်) ရဲ့ အသက် ၆၀ မြောက်မွေးနေ့မှာ ဖွင့်လှစ်ပူဇော်ခဲ့ပါတယ်။ ဉာဏ်တော် ၁၇၇ပေ ရှိတဲ့ ကြေးရုပ်ပွားတော် တည်ဆောက်မှုရဲ့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၄၇ သန်းခန့်ဖြစ်ပြီး စင်ကာပူ စီးပွားရေးလုပ်ငန်းရှင် Rinchen Peter Teo က လှူဒါန်းထားတာ ဖြစ်ပါတယ်။

ဘူတန် ရဲ့ နောက်ထပ် ထင်ရှားတဲ့နေရာကတော့ ဒုတိယမြို့တော် ပါရို ဖြစ်ပါတယ်။ ပါရိုတောင်ကြားဒေသမှာ တည်ရှိပြီး လူဦးရေ ၁သောင်းကျော်သာ နေထိုင်တဲ့ မြို့ငယ်လေး ဖြစ်ပါတယ်။ ပါရိုမြစ်ကမ်းတလျှောက်မှာ လဲလျောင်းနေပြီး အေးချမ်းသာယာတဲ့မြို့တမြို့ဖြစ်ပါတယ်။

နိုင်ငံရဲ့ တခုတည်းသော နိုင်ငံတကာလေဆိပ် ရှိတဲ့နေရာပါ။ ပါရိုလေဆိပ်ဟာ အလွန်မြင့်မားပြီး တောင်တွေရဲ့အကြားမှာရှိတာကြောင့် အန္တရာယ်အများဆုံး လေယာဉ်ကွင်းအဖြစ် ကမ္ဘာမှာ နာမည်ကြီးပါတယ်။ ပါရိုမြို့ကလေးမှာတော့ ဘူတန် ရှေးဟောင်း အဆောက်အအုံ နဲ့ ရိုးရာအိမ်တွေ ရှိနေပါတယ်။

ဘူတန် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က မိုးကြိုးနဂါး ရဲ့ နယ်မြေ ဖြစ်ပါတယ်။ ယနေ့ ဘူတန်နိုင်ငံ ရှိရာနေရာမှာ လူတွေသာ ဘီစီ ၂၀၀၀ ခန့်ကတည်းက အခြေချနေထိုင်ခဲ့ကြပါတယ်။ ဘီစီ ၅၀၀ နဲ့ အေဒီ ၆၀၀ ကြားကာလမှာတော့ Lhomon ဆိုတဲ့ နိုင်ငံအမည်နဲ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

၇ ရာစုမှာ တိဘက်အင်ပါယာရဲ့ နယ်မြေဖြစ်လာခဲ့ပြီးနောက် ဗုဒ္ဓဘာသာဟာလည်း ဒီဒေသကို စတင်ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအချိန်အထိ ဘူတန်မှာ ဗဟိုအစိုးရ မရှိသေးပဲ သူ့နယ်နဲ့သူ အုပ်ချုပ်နေကြတာဖြစ်ပါတယ်။

အေဒီ ၁၆၁၆ – ခုနှစ်မှာတော့ လာမားဘုန်းတော်ကြီး Ngawang Namgyal က ကွဲပြားနေတဲ့ နယ်မြေများကို စုစည်းပြီး ဘူတန်နိုင်ငံကို စတင်တည်ထောင်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမြို့ ကို သင်ဖူ မှာထူထောင်ပြီး ၊ ဆောင်းရာသီမြို့ တော်ကို Punākha မြို့ တွင်ထူထောင်ခဲ့ပါတယ်။

၁၈ ရာစုမှာ အင်္ဂလိပ်တို့နဲ့ စစ်ဖြစ်ခဲ့ပြီး စစ်ရှုံးခဲ့တာကြောင့် ဗြိတိသျှတို့က အလိုရှိတ့ လွင်ပြင်များနှင့် တောင်ကြားလမ်း များကို တနှစ် အိန္ဒိယငွေ ၅၀၀၀၀ နဲ့ ငှားရမ်းခဲ့ရပါတယ်။

ပြည်တွင်းမှာ အချင်းချင်းစစ်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် နယ်မြေတွေကို ညီညွတ်အောင်စွမ်းဆောင်ပေးခဲ့တဲ့ Ugyen Wangchuck ဟာ ဘူတန်ရဲ့ ပထမဆုံး ဘုရင်ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ Wangchuck မိသားစုမှ ဘူတန်နိင်ငံကို အုပ်ချုပ်လာခဲ့ကြတာဖြစ်ပါတယ်။ ၁၉၁၀ မှာတော့ ဗြိတိသျှတို့နဲ့ ပူနခါ စာချုပ်ကို ချုပ်ဆိုခဲ့ရပြီး ဘူတန်နိုင်ငံရဲ့ ပြည်ပရေးရာ ထိန်းချုပ်ခွင့်ကို ဗြိတိသျှတို့အား ပေးအပ်ခဲ့ရသလို အိန္ဒိယရဲ့ပြည်နယ်တခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အိန္ဒိယတို့ လွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ်မှာတော့ ဘူတန်နိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့ ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာတော့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ၁၉၉၈ – ခုနှစ်တွင် ဘူတန်ဘုရင် Jigme Singye Wangchuck မှ နိုင်ငံရဲ့ ဖွဲ့ စည်းပုံကို ပြန်လည် ပြင်ဆင်ခဲ့ပြီး ဖွဲ့ စည်းပုံ အရ ဘုရင်မှာသြဇာအာဏာအရှိဆုံးဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ ရွေးကောက်ပွဲများကို ကျင်းပပေးခဲ့ပြီး စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် ဘူတန်နိုင်ငံရေးသမား နဲ့ ဆရာဝန်တဦးဖြစ်သူ Lotay Tshering က တာဝန်ထမ်းဆောင်နေပါတယ်။

ဘူတန်ရဲ့ စီးပွားရေးကဏ္ဍမှာတော့ စိုက်ပျိုးရေး ၁၆.၂% ၊ စက်မှု ၄၁.၈% ၊ ဝန်ဆောင်မှု ၄၂% တို့ ပါဝင်ပါတယ်။ အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ လယ်ယာစိုက်ပျိုးရေး ၊ မွေးမြူရေး နဲ့ သစ်တောလုပ်ငန်း၊ဘိလပ်မြေ ၊ သစ်သားထုတ်ကုန် ၊ သစ်သီးများ ၊ အဖျော်ယမကာ နဲ့ ခရီးသွားလာရေးဝန်ဆောင်မှု လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ ၂၀၁၉ ခုနှစ်က ဘူတန်နိုင်ငံရဲ့ စုစုပေါင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၂.၈၄၂ ဘီလျံ ဖြစ်ပြီး နိုင်ငံသားတဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၃၂၈၀ ဖြစ်ပါတယ်။

ဘူတန်လူမျိုးတွေမှာ အဓိက လူမျိုးစုနှစ်စုကတော့ Ngalops နဲ့ Sharchops တို့ဖြစ်ကြပြီး သူတို့ကို အနောက်ဘူတန်သား နဲ့ အရှေ့ဘူတန်သား ဆိုပြီး ခေါ်လေ့ရှိပါတယ်။ နီပေါနွယ်ဖွားအများစုပါဝင်တဲ့ Lhotshampa လူမျိုးတွေကတော့ တောင်ပိုင်းဘူတန်သား တွေဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှုအနေနဲ့ ဝဇီရယာန ဗုဒ္ဓဘာသာကိုးကွယ်သူ ၇၄.၈% ၊ ဟိန္ဒူဘာသာဝင် ၂၂.၆% နဲ့ အခြားဘာသာကိုးကွယ်သူ အနည်းငယ် နေထိုင်ပါတယ်။

မူလက ဘုန်းတော်ကြီးသင်ပညာရေးဖြစ်ခဲ့တဲ့ ဘူတန်ဟာ ၁၉၅၀ ဝန်းကျင်မှာမှ အရပ်ဘက်ကျောင်းတွေကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ယခင်က စာတတ်မြောက်သူ အလွန်နည်းပါးခဲ့တဲ့ ဘူတန်ဟာ နှစ်ရှည်ပညာရေးစီမံကိန်းများ ချမှတ်ပြီး လုပ်ဆောင်ခဲ့တာကြောင့် ၂၀၁၇ ခုနှစ်မှာတော့ အရွယ်ရောက်ပြီး စာတတ်မြောက်သူ ၆၆.၅၆% အထိ ရှိလာခဲ့ပါတယ်။ ယနေ့ဘူတန်မှာတော့ တော်ဝင်ဘူတန်တက္ကသိုလ် အပါအဝင် တက္ကသိုလ်ကြီး နှစ်ခုရှိနေပြီး ကောလိပ်ပေါင်း ၁၁ ခုကိုလည်း ဖွင့်လှစ်ထားပါတယ်။

ဘူတန်ဟာ ခေတ်မီတိုးတက်မှု မရှိသလို ချမ်းသာတဲ့ နိုင်ငံ တနိုင်ငံမဟုတ်ပေမယ့် သူ့ကို ပျော်ရွှင်ခြင်းတိုင်းပြည် လို့ ခေါ်ဆိုလေ့ရှိကြပါတယ်။ မတိုးတက် မချမ်းသာပေမယ့် ဘာကြောင့် ဘူတန်ဟာ အပျော်ရွှင်ဆုံးနိုင်ငံဖြစ်နေရပါသလဲ။ အဓိက အချက်တွေကတော့-ဘူတန်ဟာ

သဘာဝတရားကို လတ်လတ်ဆတ်ဆတ်ထိတွေ့ခွင့်ရခြင်း ၊ မြို့ကြီးမြို့ငယ်လမ်းအသွယ်သွယ်မှာ တောင်းရမ်းစားသောက်သူများ မရှိခြင်း ၊ ခမ်းနားကြီးကျယ်တဲ့ အိမ်များမရှိသလို ၊ စုတ်ပြတ် မိုးမလုံတဲ့အိမ်များ မရှိခြင်း၊ မချမ်းသာသော်လည်း စိတ်ချမ်းသာစွာ နေနိုင်စားနိုင်ကြခြင်း၊ တိုင်းပြည်ကို အလွန်ချစ်တဲ့ဘုရင်ရှိခြင်း စတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။

ဘူတန်ဟာ သဘာဝတရားကို အထိမ်းသိမ်းနိုင်ဆုံးတိုင်းပြည် ၊ သစ်တောမပြုန်းတီးဆုံးတိုင်းပြည်ဖြစ်ပြီး နိုင်ငံရဲ့ ၇၀ရာခိုင်နှုန်းကျော်ဟာ သစ်တောများဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကိုလည်း အကန့်အသတ်ဥပဒေနဲ့ ခွင့်ပြုထားပြီး တစ်နိုင်ငံလုံးနီးပါးဟာ ဆေးလိပ်မသောက်ရတဲ့နေရာများဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းတဲ့အနေနဲ့ ပလတ်စတစ်တင်သွင်းခွင့်ကိုလည်း ပိတ်ပင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ ရာဇဝတ်မှုဖြစ်ပွားတာလည်း အလွန်နည်းတဲ့နိုင်ငံပါ။

ချမ်းသာတဲ့တိုင်းပြည်တွေနဲ့အပြိုင် လူတိုင်း ဆေးကုခွင့် ၊ ကျောင်းနေခွင့်ကို ရထားသလို ရေအားလျှပ်စစ်ကိုအသုံးချကာ တိုင်းပြည်ရဲ့ နေရာ ၇၀ရာခိုင်နှုန်းကို လျှပ်စစ်မီးပေးနိုင်ပါတယ်။ နိုင်ငံခြားကိုထွက်ကာ ပညာသင်သူတွေရှိပြီး ထွက်သွားသူတိုင်းရဲ့ ၉၉ရာခိုင်နှုန်းဟာ တိုင်းပြည်ကိုပြန်လာကာ အလုပ်အကျွေးပြုကြပါတယ်။ အဓိကဥပဒေ တစ်ရပ်ရှိပါသေးတယ်။ အဲဒါကတော့ သူတို့လူမျိုးနဲ့ ဘာသာကို စောင့်ထိမ်းတဲ့အနေနဲ့ သူတို့လူမျိုးတွေကို နိုင်ငံခြားသားတွေနဲ့ လက်ထပ်ခွင့်မပြုတာပါ။

ဘူတန်တွေဟာ သူတို့ရဲ့ဘုရင် နဲ့ မိဖုရားကို အလွန်ချစ်ကြပါတယ်။ လက်ရှိဘူတန်ဘုရင် Jigme Khesar
ဟာ ထီးနန်းဆက်ခံစဉ်က အသက် ၂၈နှစ် အရွယ်သာရှိသေးပြီး အမေရိကန် မန်ဆာချူးဆက်က Wheaton ကောလိပ် နဲ့ အင်္ဂလန်အောက်စ်ဖို့ဒ်တက္ကသိုလ်က ဘွဲ့ရခဲ့သူ တယောက်ဖြစ်ပါတယ်။

သူ့ဖခင်လက်ထက်ကလည်းက ဘူတန်နိုင်ငံကို ခေတ်မီတိုးတက်ဖို့ထက် နိုင်ငံသားတွေ ပျော်ရွှင်ဖို့ပဲ အလေးထားခဲ့တာဖြစ်ပြီး သူ့လက်ထက်မှာလည်း ဆက်လက်အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့နိုင်ငံရဲ့ တိုးတက်မှုကို နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှု Gross National Happiness နဲ့ပဲ တိုင်းပါသတဲ့။

ဘုရင်ကစလို့ ပြည်သူပြည်သားအားလုံးဟာ ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိကြပါတယ်။ ယောင်္ကျားတွေကတော့ gol လို့ခေါ်တဲ့ ဒူးထိရှည်လျားတဲ့ဝတ်စုံကိုဝတ်ဆင်ပြီး မိန်းမတွေကတော့ Kira လို့ခေါ်တဲ့ ခြေမျက်စိအထိရှိတဲ့ဝတ်စုံကို ဝတ်ဆင်ကြပါတယ်။

နိုင်ငံသားတွေဟာ ခေတ်မီ တိုးတက်ချမ်းသာမှု မရှိပေမယ့် အပူအပင်ကင်းကင်း နဲ့ နေနိုင်တာကြောင့် ဘူတန်ကို ရောက်တဲ့အခါ မည်သည့် လူကြီးကလေးတွေကို ဒီမှာနေရတာအဆင်ပြေလားလို့ မေးတဲ့အခါ ကျေနပ်တယ် ပျော်ရွှင်တယ် ဆိုတဲ့စကားကိုပဲ ကြားရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *