ကမ္ဘာပေါ်က အစွတ်စိုဆုံး ၊ မိုးအများဆုံးနေရာ

Posted on

ကျွန်တော်တို့ ဆီမှာ နွေ မိုး ဆောင်း ဥတုသုံးလီမှာ မိုးအခါမှာပဲ မိုးအများအပြားရွာသွန်းလေ့ရှိပြီး ကျန်ရာသီမှာတော့ ရံဖန်ရံခါပဲ ရွာတတ်လေ့ရှိပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံက မော်ဆင်ရမ် ရွာကလေး နဲ့ အနီးတဝိုက်မှာ နေထိုင်သူတွေကတော့ ရာသီဥတု မရွေးမိုးရွာလေ့ရှိတာကြောင့် အပြင်ထွက်မယ်ဆိုရင် အမြဲလိုလို ထီးဆောင်ထားရပါလိမ့်မယ်။

ဒီရွာကလေးဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ၊ မက်ခါလေယာ ပြည်နယ်ထဲက ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၄၀၀ ခန့်ရှိတဲ့နေရာမှာ တည်ရှိပါတယ်။ ဒီရွာကလေးဟာ ကမ္ဘာပေါ်မှာ အစွတ်စိုဆုံးနေရာ မိုးအများဆုံးရွာသွန်းလေ့ရှိတဲ့ နေရာအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒီရွာငယ်လေးရဲ့ နှစ်စဉ်ရွာသွန်းတဲ့ ပျမ်းမျှမိုးရေချိန်ကတော့ ၄၆၇လက်ဖြစ်ပါတယ်။ ၁၉၈၅ခုနှစ်က ဆိုရင် ဒီရွာငယ်လေးရဲ့ နှစ်စဉ်မိုးရေချိန်ဟာ ၁၀၀၀ လက်မအထိရှိခဲ့ပြီး ဂင်းနစ်စံချိန်တင်ခဲ့ဖူးပါတယ်။ နေ့ရက်အများစုမှာ နေကိုမြင်ရခြင်းမရှိပဲ အမြဲလိုလို မှုန်မှိုင်းအုံဆိုင်းနေတတ်ပါတယ်။

ဆယ်နှစ်ရာသီ အချိန်မရွေးမိုးရွာလေ့ရှိပြီး ဒီရွာသူရွာသားတွေဟာ အပြင်ထွက်တဲ့အခါတိုင်းမှာ ကျန်တာမပါရင်နေမယ် ထီး(သို့) ငှက်ပျောရွက် ၊ မြက် ၊ ဝါး ၊ ကျူပင် တို့နဲ့ဖန်တီးထားတဲ့အဆောင်းတွေတော့ မယူမဖြစ်ယူသွားလေ့ရှိကြပါတယ်။ အများအားဖြင့် နေထိုင်သူအများစု ဆောင်းလေ့ရှိတာက ကတ်ဆီလူမျိုးတို့ရဲ့ထီး လို့ သိကြတဲ့ knup တွေဖြစ်ပါတယ်။

ဒီနေရာဟာ မြစ်တချို့ နဲ့ ရေတံခွန်တွေရဲ့ စတင်ဖြစ်ပေါ်စေတဲ့နေရာလည်းဖြစ်ပါတယ်။မိုးများလွန်းခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ အနီးမှာရှိတဲ့ ဟိမဝန္တာတောင်တန်းစုကြီးကြောင့်ဖြစ်ပြီး မြင်မားလွန်းတဲ့ ဒီတောင်တန်းကြီးဟာ ကြီးမားလေးလံတဲ့တိမ်တိုက်တွေရဲ့ ရွေ့လျားမှုကို ပိတ်ပင်ထားတာကြောင့် ဒီနေရာတစ်ဝိုက်မှာပဲ မိုးအဖြစ်ရွာချလို့ဖြစ်ပါတယ်။

ဒီရွာပတ်ဝန်းကျင်ရဲ့ မိုးအများဆုံးကာလကတော့ ဧပြီလကနေ အောက်တိုဘာလအထိ ဖြစ်ပြီး ဒီဇင်ဘာလ နဲ့ ဇန်နဝါရီလကတော့ ဒီဒေသရဲ့ မိုးအနည်းဆုံးကာလဖြစ်ပါတယ်။ ပျမ်းမျှအပူချိန်ကတော့ ၁၁ဒီဂရီ ဆဲစီးယပ်ကနေ ၂၀ ဒီဂရီဆဲစီးယပ်အထိသာ ရှိတတ်ပါတယ်။

မိုးရေချိန် တိုင်းတာနည်း

ဒီနေရာမှာ မိုးရေချိန်ကို ဘယ်လိုတိုင်းတာသလဲ ဆိုတာ သိချင်နေသူတွေအတွက် ကိုသန့်ဦး ရေးထားတဲ့ မိုးရေချိန် တိုင်းတာနည်း ကိုပါ မျှဝေလိုက်ပါတယ်။

မိုးရေချိန်တိုင်းတာတဲ့ ကိရိယာကိုတော့ အင်္ဂလိပ်လို Rain Gauge လို့ ခေါ်ပါတယ်။ စလင်ဒါပုံ ခွက်လေးတစ်ခု နဲ့ တိုင်းတာတဲ့ ပေတံ တစ်ခု (ပူးတွဲ) ထားရှိဖို့ လိုပါမယ်။ ၁၂ လက်မ အထိ ထားလို့ရပါတယ်။ စလင်ဒါခွက်ရဲ့ အကျယ်ကိုတော့ ကန့်သတ်ထားတာ မရှိပါဘူး။

အဝ ကျယ်သလောက် ခွက်ကျယ်ပြီး ရေဝင်လည်း များမှာပါ။ အချိုးကျကြည့်လျှင် သိပ်မကွာခြားပါဘူး။ စလင်ဒါ ဖြစ်ဖို့တော့ လိုပါတယ်။ ဒီခွက်ကို မိုးရေ တိုက်ရိုက်ကျရောက်တဲ့ နေရာမှာထားရပါမယ်။ တခါတရံမှာ မိုးနဲ့အတူ လေ ပါ ပါလာတတ်လို့.. ဒီခွက်ကို သေချာ ဖိထား (သို့) ချိတ်ထားဖို့တော့ လိုပါမယ်။ ပုံမှာပြထားသလို ခွက်ထဲကို ကျောက်ခဲတုံးလေးများ ထည့်ဖိထားလို့ရပါတယ်။ ၁ လက်မထက်တော့ မပိုရပါ။

မတိုင်းတာခင်မှာ ခွက်ထဲကို ရေ ၁ လက်မလောက် ထားရှိပြီး စမှတ်ကို မှတ်သားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့.. ခွက်ရဲ့ အောက်ခြေဟာ ပုံစံအမျိုးမျိုး ဖြစ်နေနိုင်လို့ပါ။ မိုးတိုက်ရိုက်ကျတဲ့ ကွင်းပြင် (ဟင်းလင်းပြင်) မှာထားပြီး ၂၄ နာရီ ရွာသောမိုးကို တိုင်းတာပါတယ်။ ပြီးလျှင်တော့.. ဘားဂရပ်တစ်ခုဆွဲပြီး တစ်နေ့တာ၊ တစ်ပတ်စာ မိုးရေချိန်၊ တစ်လစာ မိုးရေချိန်၊ ၃ လစာ၊ တစ်နှစ်စာ မိုးရေချိန် အစရှိသဖြင့် တိုင်းတာ ဖော်ပြကြပါတယ်။

အဆိုပါ မိုးရေချိန်ကို တိုင်းတာတဲ့ အကြိမ်အရေအတွက်နဲ့ စားပြီး ရရှိတဲ့ မိုးရေချိန်ပမာဏကို အဆိုပါဒေသရဲ့ ပျမ်းမျှ ရှိနေကျ မိုးရေချိန်အဖြစ် သတ်မှတ်ပါတယ်။ အဲ့ဒီ့ပမာဏထက် နည်းလျှင် မိုးခေါင် သည်ဟုသတ်မှတ်ပြီး များလျှင်တော့.. ထူးခြားတဲ့ မိုးရေချိန်အဖြစ် သတ်မှတ်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့်.. ရေကြီးခြင်း၊ ကောက်ပဲသီးနှံများ ပျက်စီးခြင်းတို့ ဖြစ်တတ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *