နှလုံးအစားထိုးမှုတွေထဲက အထူးဆန်းဆုံး ဖြစ်ရပ်တစ်ခု

Posted on

ယနေ့ကမ္ဘာမှာ နှလုံးအစားထိုမှု မြောက်များစွာကိုအောင်မြင်စွာလုပ်ဆောင်နိုင်နေပါပြီ။ အများစုဟာ ပုံမှန်အတိုင်းအောင်မြင်သွားပေမယ့် ဖြစ်ရပ်တစ်ခုကတော့ ထူးခြားပါတယ်။ ဒီထူးခြားတဲ့ဖြစ်ရပ်ဟာ ၁၉၈၈ခုနှစ် မေလ ၂၉ရက်နေ့တုန်းက အမေရိကန်နယူးအင်္ဂလန်ပြည်နယ်မှာ နေထိုင်တဲ့ Claire Sylvia ဆိုသူ အမျိုးသမီးထံမှာဖြစ်ပွားခဲ့တာပါ။

နှလုံးမကောင်းတော့တဲ့ ဒီအမျိုးသမီးရဲ့နှလုံးကို ဆရာဝန်တွေက အောင်မြင်စွာ အစားထိုးပေးလိုက်နိုင်ပါတယ်။ သူမ အစားထိုးလိုက်တဲ့နှလုံးကတော့ မော်တော်ဆိုင်ကယ်မတော်တဆမှုဖြစ်ကာသေဆုံးခဲ့တဲ့ အသက် ၁၈နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ နှလုံးဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူဆိုတာကို ဆရာဝန်တွေက ထုတ်ဖော်မပြောတဲ့အတွက် မသိခဲ့ပါဘူး။ ဒီလိုနဲ့ နှလုံးအစားထိုးမှု အောင်မြင်ပြီးတဲ့နောက်သူမဟာ ဆေးရုံက ဆင်းခဲ့ပါတယ်။ ဒါပေမယ့်ရက်အနည်းငယ်ကြာတဲ့အခါမှာ ထူးခြားမှုတွေဖြစ်လာပါတယ်။ ဒါကတော့ သူမမှာ ယခင်ကမရှိခဲ့ဖူးတဲ့ အမူအကျင့်တွေ ဖြစ်ပေါ်လာတာပါ။

ယခင်က သူမအလွန်မုန်းတဲ့အစားအစာတွေကို နှစ်သက်နေသလို ၊ လမ်းလျှောက်တဲ့အခါမှာလည်း ပုံမှန်အတိုင်းမဟုတ်ပဲ ရင်ကော့ကာ လျှောက်မိနေလေ့ရှိပါတယ်။ ကြိုးစားပြုပြင်ပေမယ့် တစ်သက်လုံးလုပ်ခဲ့သလို ပြုပြင်ရခက်နေခဲ့ပါတယ်။ ဒါအပြင်အစပ်မုန်းတဲ့သူမဟာ ငရုတ်သီးစိမ်းတွေကို အားရပါးရစားလာတတ်တဲ့အပြင် ဘီယာကိုမြင်ရင် သောက်ချင်စိတ်အလွန်ပြင်းပြလာတတ်တာဖြစ်ပါတယ်။ ထူးဆန်းတဲ့နောက်တစ်ခုကတော့ သူမဟာ သူမတစ်ခါမှမတွေ့ဖူးခဲ့တဲ့ Tim Lamirande လို့အမည်ရတဲ့ကောင်လေးတစ်ယောက်အကြောင်းကို ထပ်ခါထပ်ခါ အိပ်မက်မက်နေတတ်တာပါ။ ဘာကြောင့် ဒီလိုထူးထူးခြားခြားအကျင့်တွေ သူမမှာ ဖြစ်လာခဲ့ရပါသလဲ..

သူမဟာ သူမအစားထိုးလိုက်တဲ့နှလုံးကို သံသယရှိပြီးတဲ့နောက် ကြိုးစားစုံစမ်းခဲ့တဲ့ အခါ လှူဒါန်းသူရဲ့မိသားစုကို သိသွားပြီး သွားတွေ့ခဲ့ပါတယ်။ ဒီအခါမှသာ သူမရဲ့အမူအကျင့်တွေဟာ မူလ နှလုံးပိုင်ရှင်နဲ့ ဆက်စပ်နေတာကို သိလိုက်ရပါတယ်။ သေဆုံးသွားတဲ့ နှလုံးပိုင်ရှင်ကောင်လေးရဲ့နာမည်က Tim Lamirande ဖြစ်ပြီး သူမရုတ်တရက်ဖြစ်ပေါ်လာခဲ့တဲ့ အမူအကျင့်အားလုံးဟာ ကောင်လေးရဲ့အမူအကျင့်တွေဖြစ်နေခဲ့ပါတယ်။ သူမဟာ သူမရဲ့ထူးဆန်းတဲ့အတွေ့အကြုံများအကြောင်းကို စာအုပ်အဖြစ်ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ကတော့ A Change of Heart ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။

နှလုံးအစားထိုးတဲ့ကိစ္စမှာ နှလုံးမူလပိုင်ရှင်ရဲ့ မူလအပြုအမူ မှတ်ဉာဏ်တွေဟာ နှလုံးနဲ့အတူ အစားထိုးခံရသူထံပါလာတယ် ဆိုတဲ့ဖြစ်ရပ်ပါ။ သူမရဲ့စာအုပ်ကို လူတွေအလွန်စိတ်ဝင်စားခဲ့ကြပြီး  ရောင်းအားအကောင်းဆုံးစာရင်းဝင်ခဲ့ကာ ဘာသာစကား ၁၂မျိုးနဲ့ ရိုက်နှိပ်ထုတ်ဝေခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် နှလုံးအစားထိုးမှုတွေမှာ ဒီလို တစ်ခါမှမဖြစ်ခဲ့ဖူးတာကြောင့် ပညာရှင်တချို့ကတော့ လက်မခံခဲ့ပဲ ရှားပါးတဲ့တိုက်ဆိုင်မှု တစ်ခုအဖြစ်သာ အသိအမှတ်ပြုခဲ့ကြပါတယ်။ Sylvia ကတော့ ကောင်လေးရဲ့အမူအကျင့်တွေနဲ့သာ နေထိုင်သွားခဲ့ရပြီး အစားထိုးမှုပြုလုပ်ပြီးနှစ်ပေါင်း ၂၁နှစ်အကြာ အသက် ၆၉နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။