ရေးသားသူ – တောင်ငူဒေးဒေးဖိုး၊ ဓာတ်ပုံ သူရ ( တောင်ငူ)
မဟာသီရိဇေယျသူရဘွဲ့ခံ တောင်ငူဘုရင် မင်းကြီးညိုသည် သက္ကရာဇ် ၈၄၇ ခုနှစ်တွင် တောင်ငူမင်းအဖြစ်သို့ ရောက်သည်။ ထို့နောက် ပုပ်ပဲချောင်းအနီးတွင် မြဝတီအမည်ဖြင့် နန်းမြို့ တည်ကာ ယာယီနန်းဖြင့် စံမြန်းတော်မူသည်။ သက္ကရာဇ် ၈၅၃ ခုနှစ်တွင် ခပေါင်းချောင်းနှင့် ပေါင်းလောင်းမြစ် ဆုံရာအနီး တွင် ဒွါရာဝတီမြို့တော်ကို တည်ဆောက်ကာ ထီးနန်းစိုက်ထူ၍ အာဏာစက်ဖြန့်မိုးတော်မူသည်။ ဒွါရာဝတီမြို့တော် ရွှေနန်း တွင် ဘုရင်မင်းကြီးညိုသည် သက္ကရာဇ် ၈၇၂ ခုနှစ်အထိ နှစ်ပေါင်း ၂ဝ မျှ စံမြန်းခဲ့ကာ ထိုနှစ်များအတွင်း မင်းကြီးညို၏ ဘုန်းတန်ခိုးမှာ အံ့မခန်းကြီးမားလာခဲ့သည်။
လက်နက်နိုင်ငံ ကျယ်ပြန့်လာသည်နှင့်အမျှ မြို့တော်သို့ မှီတင်းခိုဝင်လာသူ များ၊ ဆင်မြင်းလက်နက်များ၊ များပြားလာသောကြောင့် မြို့တော်မှာ ကျဉ်းမြောင်းလာသည်။ ဤသည်ပင်လျှင် ကေတု မတီ တောင်ငူမြို့တော်သစ် တည်ဆောက်ရန် အကြောင်း ဖန်လာခဲ့ခြင်းဖြစ်သည်။
ဘုရင်မင်းကြီးညိုသည် ကေတုမတီမြို့တော်သစ် တည်ရေး အတွက် ရဟန်းပညာရှိ၊ လူပညာရှိတို့နှင့် တိုင်ပင်ဆွေးနွေး တော်မူသည်။ မင်းဆရာတော်ကြီးများဖြစ်သော သီဟိုဠ် ဆရာတော်၊ လောကုတ္တရာဆရာတော်၊ တောင်ညိုဦးပဉ္စင်း၊ ကျက်ဖတိုင်-မွန်ဆရာတော်တို့ထံမှ အကြံÓဏ်ချီးမြှင့်တော်မူခြင်းကိုလည်း ခံယူခဲ့လေသည်။
ထို့နောက် မြို့တော်သစ်တည်ရန်နေရာကို လက်ရှိ ဒွါရာ ဝတီမြို့တော်နှင့် မနီးမဝေးနေရာ၌ ရှာကြံစေသောအခါ ဒွါရာ ဝတီမြို့အထက် ပေါင်းလောင်းမြစ်(စစ်တောင်းမြစ်)၏ အနောက်ဘက်တွင် ဘူမိနက်သန် အောင်မြေမှန်အဖြစ် ပြန့် ပြူးကျယ်ဝန်းသည့် မြေနေရာတစ်ခုကို တွေ့ရသည်။ ယင်း နေရာတွင် ကေတုမတီ တောင်ငူမြို့တော်သစ်တည်ပြီး ကန်တော်ကြီး(ခေါ်) လေးကျွန်းကန်တော်(ခေါ်)ကြာအင်းကြီး ကို မြို့တော်တွင်းသို့သွင်း၍တည်ရန် ဆုံးဖြတ်တော်မူသည်။
လေးကျွန်းကန်တော်ဟု ခေါ်ဆိုရခြင်းမှာ ငှက်ပျောကျွန်း၊ အုန်းကျွန်း၊ လိမ္မော်ကျွန်း၊ စံပယ်ကျွန်းဟူသော ကျွန်းကြီး လေးကျွန်း ပါဝင်သောကြောင့်ဖြစ်သည်။ ယင်းကြာအင်းကြီး တွင် ကြာမျိုးငါးပါးအစုံကိုလည်း စိုက်ပျိုးစေသည်။ ကြာအင်း ကြီးပတ်လည်တွင် ပိန္နဲ၊ သရက်စသော သီးမျိုးဥယျာဉ်၊ စံပယ်၊ ကြက်ရုန်း စသော ပန်းမျိုးဥယျာဉ်တို့ကို စိုက်ပျိုးခဲ့သည်။ တောင်ငူဘုရင် မင်းကြီးညိုသည် အလွန် အမြော်အမြင် ကြီးစွာဖြင့် ဤကန်တော်ကြီးကို မြို့တွင်း၌ ထည့်သွင်း တည် ဆောက်ခဲ့ကြောင်း ရည်ရွယ်ချက်ကို နောက်ပိုင်းတွင်မှ ပိုမို သိရှိလာခဲ့သည်။
ကေတုမတီတောင်ငူမြို့ကြီးကို ရန်သူများ အကြိမ်ကြိမ် ဝန်းရံပိတ်ဆို့တိုက်ခိုက်သော်လည်း မြို့တွင်း၌ ကန်တော်ကြီးကို ထည့်သွင်းတည်ဆောက်ထားသောကြောင့် မြို့တွင်းမှ ခုခံသူများသည် လူအတွက်သာမက ဆင်၊ မြင်း၊ ကျွဲ၊ နွားများအတွက် သောက်ရေနှင့် စိုက်ပျိုးရေးအတွက်ပါ ရေလုံလောက်အောင် ရရှိပြီး ကြံံ့ကြံ့ခံ ခုခံနိုင်ခဲ့သည်။ ရေပို လွဲှပေါက်ကိုပါ ကန်၏ အနောက်မြောက်ထောင့်တွင် ထားရှိ ခဲ့ပါသည်။
အဆိုပါ ကြာအင်းကြီးဟု ခေါ်ဆိုခဲ့သော ကန်ကြီးသည် ယခုနောက်ပိုင်းတွင် ကန်တော်ကြီး၊ မင်္ဂလာကန်တော်ကြီး၊ လေးကျွန်းကန်တော်ကြီး စသည့်အမည်တို့ဖြင့် ထင်ရှား လျက်ရှိသည်။ ကန်တော်ကြီးသည် စတုရန်းပုံရှိပြီး ရှေးဘုရင် များ ရေကစားရာ၊ လှေပွဲသဘင်များကျင်းပရာ နေရာလည်း ဖြစ်ခဲ့သည်။
ကေတုမတီတောင်ငူမြို့၏ သမိုင်းဝင် ကန်တော်ကြီးသည် ဘုရင်မင်းကြီးညိုလက်ထက် ခရစ်နှစ် ၁၅၁ဝမှ စတင်တည် ဆောက်ခဲ့ရာ ယခုအခါ နှစ်ပေါင်း ၅ဝ၇ နှစ်ခန့် ရှိပြီဖြစ်သည်။ အဆိုပါ ကန်တော်ကြီး အမြဲသန့်ရှင်းသာယာလှပနေစေရေးအတွက် တောင်ငူမြို့သားဖြစ်သော CB ဘဏ်ဥက္ကဋ္ဌကြီး ဦးခင်မောင်အေးက တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့တု့ိနှင့် ညှိနှိုင်း၍ နှစ်ရှည်ငှားရမ်းစာချုပ် ချုပ်ဆိုခဲ့ပြီး ကန်တော်ကြီး အတွင်း အမှိုက်သရိုက်များ မကျရှိစေရေး၊ ကျွဲနွားများကြောင့် ကန်သန့်ရှင်းမှုကို မထိခိုက်စေရေးနှင့် ရေပြင်ကြီး ပကတိ ကြည်လင်သန့်ရှင်းကာ ဗေဒါပင်များ၊ ရေမြက်ရိုင်းများ မရှိရေး တို့အတွက် ကျပ်သိန်းချီ အကုန်ခံ၍ သံဆန်ခါ ကွန်ကရစ်တိုင် ဖြင့် ခြံစည်းရိုးကြီး ကာရံပေးခဲ့သည်။
ထို့အပြင် တောင်ငူမြို့သူမြို့သားများ အနားယူအပန်းဖြေ ရန်နှင့် ကျန်းမာရေးအတွက် နံနက်ခင်း အားကစားလေ့ကျင့် လမ်းလျှောက်ရန်အတွက် ကန်ပတ်လည်တွင် ကွန်ကရစ်လမ်း များ ခင်းပေးခြင်း၊ ကန်အတွင်း အပျော်စီးလှေငယ်များဖြင့် စီးနင်းအပန်းဖြေနိုင်ရန် ဆောင်ရွက်ခြင်းတို့ကိုလည်း လုပ် ဆောင်ပေးခဲ့သလို သဘာဝသစ်ပင်ကြီးများ ရေရှည်တည်တံ့ ရန် ထိန်းသိမ်းခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၅ဝဝ ကျော် တောင်ငူဘုရင်မင်းကြီး ညို လက်ထက်မှစ၍ ဉာဏ်ပညာအမြော်အမြင်ကြီးစွာဖြင့် တည်ဆောက်ပေးခဲ့သော သမိုင်း အမွေအနှစ်ဖြစ်သည့် တောင်ငူ ကန်တော်ကြီး ရေရှည်တည်တံ့ သန့်ရှင်းသာယာ လှပရေးအတွက် တောင်ငူမြို့သူမြို့သားများနှင့် နောင်လာ နောက်သား မျိုးဆက်သစ်များက အစဉ်သဖြင့် ထိန်းသိမ်း စောင့်ရှောက်သွားကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
တောင်ငူဒေးဒေးဖိုး