နှစ်ပေါင်း ၄၀၀ကျော် သက်တမ်းရှိ ချိန်ကိုက် ပိဋကတ်တိုက်

Posted on

ရေးသားသူ – ပြည်ထူးစံ

မြောက်ဦးခေတ်တွင် သာသနာတော်သည် နေရောင် လရောင်ပမာထွန်းကားခဲ့ကြောင်းကို (အုန်းပွင့်ပန်းခိုင် တလှိုင်လှိုင်) မြောက်ဦးမြို့ရှိ ဘုရားပုထိုးစေတီပေါင်း (၁၅၅၂) ဆူ (ဝါဝါဝင်းဝင်း မြစ်ကိုဆင်း) ဟူသော စာချိုးအရ မြောက်ဦးရှိ သံဃာတော်ပေါင်းဟာ (၄၄၄၄) ပါးရှိကြောင်းသိရှိရပါတယ်။ မြောက်ဦးမြို့တွင် ဘုန်းကြီးကျောင်းတိုက်ကြီး (၃၆) တိုက်နှင့် ကျောင်းတိုက်ငယ်ပေါင်း (၃၆၀၀) ရှိသည်ဟုမှတ်တမ်းများတွင်တွေ့ရှိရပြီး ပိဋိကတ်တိုက်ပေါင်း (၄၈) တိုက်ရှိခဲ့တဲ့အနက် ချိန်ကိုက်ပိဋကတ်တိုက်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ချိန်ကိုက်ပိဋကတ်တိုက်သည် မြောက်ဦးနန်းတော်ကုန်းမှ မြောက်ဘက် တစ်မိုင်ခန့်အကွာအဝေးတွင်တည်ရှိပြီး ချိန်ကိုက်တံတိုင်းနှင့် ထူပါရုံစေတီကြား မြေညီပြင်တွင်တည်ရှိပါသည်။ ပိဋကတ်ကျမ်းဂန် ပေ ပုရပိုက်တို့ ထားရှိရာအဆောက်ဦးဖြစ်၍ ပိဋကတ်တိုက်ဟုခေါ်တွင်ခြင်းဖြစ်ပြီး ချိန်ကိုက်တံတိုင်းအနီးတွင်တည်ရှိခြင်းကြောင့် ချိန်ကိုက်ပိဋကတ်တိုက်ဟုခေါ်တွင်ပါသည်။ (ချိန်ကိုက်ဟုရေးသော်လည်း အသံထွက်အမှန်မှာ ခြင်ကိုက် ဖြစ်တယ်လို့ သိရပါတယ်)

ပိဋကတ်တိုက်တို့၌ ပိဋကတ်တော်စာပေကျမ်းဂန်များကိုထားရှိပြီး နီးစပ်သော ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအသုံးပြုကြရန်အတွက်ရည်ရွယ်သည့် စာကြည့်တိုက်ကြီးများပင်သည်။ ဤပိဋကတ်တိုက်၏ အနောက်ဘက် တောင်ညိုကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ကြသော ရဟန်းသံဃာတော်သူမြတ်များ အသုံးပြုရန် ဘုရင်မင်းဖလောင်းမှ ကောဇာသက္ကရာဇ် (၉၅၃) ခု အေဒီ (၁၅၉၁) ခုနှစ်တွင် တည်ထားလှူဒါန်းခဲ့ပါသည်။

ဤပိဋကတ်တိုက်၌ ရွှေချထားသော ပိဋကတ်ကျမ်းဂန် ပေ ပုရပိုက်များ လူနှင့်ဆိုင်သောကျင့်ထုံး ရဟန်းနှင့်ဆိုင်သောကျင့်ထုံး လောကီလောကုတ္တရာနှစ်ဖြာသော ကျမ်းဂန်များထားရှိပြီး ရှေးအခါက ရတနာကိုးပါးဖြင့်သွန်းလုပ်သော ဆင်းတုတော်တစ်ဆူလည်း စံပါယ်တော်မူခဲ့ကြောင်းသိရှိရပါသည်။

သက္ကရာဇ် (၁၀၀၀) အေဒီ (၁၆၃၈) ပြည့်နှစ်တွင် နရပတိကြီးမင်းလက်ထက် သီဟိုဠ်_ရခိုင် သာသနာ ဆက်ဆံရေး ခိုင်မာမှုကိုပြသသည့်အနေဖြင့်ပေးပို့လာသည့် သီဟိုဠ် ပိဋိကတ်တော်များကိုလည်း ဤချိန်ကိုက်ပိဋကတ်တိုက်တွင် ထားရှိခဲ့ပါသည်။ အေဒီ (၁၆၅၂ _-၁၆၈၄) ခု စန္ဒာသုဓမ္မရာဇာမင်းလက်ထက်တွင်လည်း ဤပိဋကတ်တိုက်တော်ကို ပြန်လည်မွန်းမံခဲ့သည်ဟု သိရှိရပါတယ်။

ပိဋကတ်တိုက်တော်ကို ကျောက်တံတိုင်းလေးဘက်ကာရံထားပါသည်၊ အရှေ့ဘက်တွင် ဝင်ပေါက်ပါရှိပြီး အောက်ခြေလေးထောင့်တိုင်းတွင် ခိုနန်းချိုးများဖြင့်တွေ့ရှိရပါသသည်၊ ကျောက်နံရံလေးဘက်တွင် အပေါ်သို့ကားထွက်သွားပါသည်၊ အပေါ်ပိုင်းကို ပြာသာဒ်၊ ဘုံအဆင့်ဆင့်များဖြင့်ထုဆစ်ထားပါသည်။

ဘုံဆင့် (၅) ဆင့်ရှိပြီး အဆင့်တိုင်းတွင် ပန်းခက် ပန်းနွယ် စုလစ်မွန်းချွန် စိန်တောင်များ အနုလက်ရာများဖြင့် အနုစိတ်ဖန်တီးထားသည့် ရခိုင်ဟန်ကိုယ်ပိုင် ဗိသုကာလက်ရာ အဆောက်အဦးအဖြစ်ဖန်တီးထားပါသည်။ အောက်ခြေတောင်မြောက် အကျယ် (၁၅) ပေ ခန့်ရှိပြီး အရှေ့အနောက်မုဒ်ထွက်ပါ (၂၁) ပေ အမြင့် (၁၈) ပေခန့်ရှိပါသည်။ နံရံမှာ အတွင်းသို့ချိုင့်ဝင်နေပြီး ကြာပွင့်သဏ္ဌာန် ဖြစ်သည်။ အောက်ခြေမှ အပေါ်သို့ ကြာပွင့်သဏ္ဍာန်ပွင့်အာပြီး အပြင်နံရံလေးဘက်တွင်လည်း ပန်းပွင့် ပန်းနွယ် ပန်းခက်များဖြင့် အလှဆင်ဖန်တီးထားပါသည်။

ဤပိဋကတ်တိုက်တော်မှာ မြောက်ဦးမြို့ပေါ်ရှိ ပိဋကတ်တိုက် (၄၈) ခုရှိသည့်အနက် တခု အပါအဝင် ဖြစ်သည်။ ကောင်းမှုတော်ဒါယကာမင်းမှာကား (မင်းဖလောင်းဘုရင်) ပင်ဖြစ်ပေသည်။ ဤပိဋကတ်တိုက် တော်၌ (ပေရွက်)တို့ကိုရွှေချထားသော ပိဋကတ်တော်စာပေကျမ်းဂန်များကို ထားရှိသည်။ နီးစပ်သော ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များအသုံးပြုကြရန်အတွက်ပင်ဖြစ်သည်။ (ထူပါရုံ) စေတီတော် မြောက်ဘက် ခြင်ကိုက်တံတားအနီးတွင် တည်ရှိသည်။ ရှေးအခါက တောင်ညိုကျောင်းတိုက်၌ သီတင်းသုံး နေထိုင်ကြသော သံဃာတော်များအသုံးပြုကြရန်အတွက် ဘုရင်မင်းဖလောင်းသည် ကောဇာသက်္ကရာဇ် (၉၃၅) ခုနှစ် ခရစ်သက်္ကရာဇ် (၁၅၉၁) ခုနှစ်တွင် တည်ဆောက်လှူဒါန်းခဲ့ခြင်း ဖြစ်လေသည်။

ဤပိဋကတ်တိုက်တော်မှာ အနားတစ်ဖက်လျှင် (၁၃) ပေစီအရှည်ရှိပြီး မုခ်ထွဋ်အားဖြင့် (၆) ပေရှိကြသည်။ ဂူကျောင်းများတို့တွင် ဒေါင့်တစ်ခုစီဖြင့် နန်းချိုးတစ်ဆစ်ချိုးထားသည်။ နံရံမှာ အတွင်းသို့ချိုင့်ဝင်နေပြီး ကြာပွင့်သဏ္ဌာန် ဖြစ်သည်။ နံရံ၏ အပြင်ဘက်တွင် ပန်းပွင့်၊ ပန်းနွယ်အားဖြင့် တန်ဆာဆင်ထား သည်။ဂူကျောင်းပေါ်ရှိပြဿဒ်မှာ (ဘုံ)၅ဆင့်ရှိပြီး (၁၅) ပေခန့်မြင့် သည်။ အဆောက်အဦးကို ကျောက်တံတိုင်း ကာရံထားသည်။ မဟာရံတံတိုင်း နှစ်ခုဖြင့် ဝိုင်းရံကာဆီးထားသည်။ ပိဋကတ်တိုက်၏ အလျား ပေပေါင်းမှာ (၄၅) ပေရှိသည်။အနံမှာ (၃၆) ပေရှိသည်။စတုရန်း(၄)ဗြက်ပုံဖြစ်သည်။

ပြည်ထူးစံ